ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပေးဆွဲတာခံခဲ့ရတဲ့ ရခိုင်ပညာရေးဝန်ထမ်းတွေရဲ့ ကိုယ်တွေ့ပြောပြချက်
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့လယ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပညာရေးဝန်ထမ်းနှစ်ဦးဟာ ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပေးဆွဲတာကို ခံခဲ့ကြရတာဖြစ်ပါတယ်။
ပြန်ပေးဆွဲခံခဲ့ကြရတဲ့ ပညာရေးဝန်ထမ်းတွေကတော့ တောင်ပြိုလက်ဝဲမြို့က သင်္ဘောလှကျေးရွာမှာ တာဝန်ကျနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်ကြပါတယ်။
ဆရာကြီးဦးဘိုဝင်းဟာ ပုဏ္ဏားကျွန်းမြို့ကဖြစ်ပြီး ဆရာမ ဒေါ်ဥမ္မာကျော်ဟာ စစ်တွေမြို့နယ်ကဖြစ်ကာ သူတို့နှစ်ဦးစလုံးမှာ မောင်တောမြို့နယ်အတွင်းမှာ တာဝန်ကျနေတဲ့ပညာရေးဝန်ထမ်းတွေဖြစ်ကြတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့မှာ မြို့နယ်ပညာရေးမှူးရုံးက စစ်ဆေးစရာတွေရှိတဲ့အတွက်ဆိုပြီး ဆင့်ခေါ်တာကြောင့် ဆိုင်ကယ်နဲ့လာကြစဉ် လမ်းခုလတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆရာကြီး ဦးဘိုဝင်းက ပြောပါတယ်။
သူတို့ကိုဖမ်းဆီးရာမှာ မွတ်ဆလင်အမျိုးသားငါးဦးပါဝင်ပြီး သေနတ်နှစ်လက်၊ ဓားနှစ်လက်နဲ့ လှံနှစ်စင်း၊ Icon တစ်လုံးကို ကိုင်ဆောင် ထားကြပြီး ပစ္စတိုနဲ့ ဦးခေါင်းကိုချိန်ရွယ်ပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
သူတို့နှစ်ဦးကို နောက်ပြန်ကြိုးတုတ်ချည်ကာ မျက်နှာဖုံးစွပ်ပြီးတော့ တောတွေ၊ ချောင်းတွေကို ကျော်ဖြတ်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆရာကြီးဦးဘိုဝင်းက ပြောပါတယ်။
နေ့လယ်နှစ်နာရီလောက်ကနေ အခုလို ခေါ်ဆောင်သွားခဲ့တာဟာ ည၁၂ နာရီလောက်မှာ zero line လို့ခေါ်တဲ့ နှစ်နိုင်ငံနယ်ခြား နေရာကို ရောက်ရှိသွားခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် စက်လှေနဲ့ နှစ်နာရီဝန်းကျင်ခန့်သွားပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ကျေးရွာလေးတစ်ရွာကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီကျေးရွာဟာ ဘယ်ရွာမှန်းမသိခဲ့ရပေမယ့် အဲ့ဒီကနေအိမ်တွေဟာ ပြန်ပေးဆွဲတဲ့ အဖွဲ့တွေရဲ့ မိသားစုတွေနဲ့နေထိုင်ကြတဲ့ ကျေးရွာတစ်ရွာဖြစ်တယ်ဆိုတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ကိုဖမ်းဆီးစဉ်မှာ လူငါးယောက်သာဖြစ်ပေမယ့် နယ်ခြားကိုရောက်တဲ့အချိန်မှာတော့ zero line က မွတ်ဆလင်တွေ နေထိုင်တဲ့ကျေးရွာကနေ နောက်ထပ် လေးဦးရောက်ရှိလာခဲ့ပြီး တစ်ဖက်နိုင်ငံကို ရေလမ်းကြောင်းကနေ သွားခဲ့ရတာလို့ သိရပါတယ်။
လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးမှာ ပြန်လည်လွတ်မြောက်လာခဲ့ကြပြီဖြစ်သလို့ သူတို့ရဲ့မိသားစုတွေရှိတဲ့ နေအိမ်တွေမှာဘဲ နေထိုင်နေကြတာဖြစ်တယ်လို့ ကာယကံရှင်တွေက ပြောဆိုကြပါတယ်။
ပြန်ပေးဆွဲအဖွဲ့တွေဟာ မွတ်ဆလင်တွေဖြစ်ကြပြီး မြန်မာနိုင်ငံအတွင်းက ထွက်ပြေးသွားခဲ့ကြသူတွေဖြစ်ကြောင်းနဲ့ သူတို့ကို ဖမ်းဆီးတဲ့အထဲမှာ ပါဝင်သူတစ်ဦးဟာ မောင်တောမြို့နယ် နံသာတောင်ကျေးရွာမှာ နေထိုင်ခဲ့သူဖြစ်တယ်လို့ သိခဲ့ရကြောင်း ဆရာကြီးက ပြောပါတယ်။
ဆရာကြီးနဲ့ဆရာမကို ဖမ်းဆီးခဲ့ပြီး တာကာငွေ သိန်းငါးဆယ်တောင်းတဲ့အတွက် မြန်မာငွေ ကျပ် သိန်းတစ်ထောင်ကျော်နဲ့ ညီမျှတဲ့ တာကာသိန်းငါးဆယ်ကို မိသားစုတွေနဲ့ ပညာရေးဌာနတို့က ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
"ဘင်္ဂလားက အိမ်သုံးဆောင်ရှိတဲ့ ရွာလေးတစ်ရွာကို ခေါ်သွားတာပါ။အဲ့ဒီမှာ သူတို့မိသားစုတွေလည်းရှိကြတယ်။ တတိယအိမ်မှာ ကျွန်တော်တို့ကိုထားတယ်။ ထမင်းစားပြီးလို့ အိပ်ဖို့ပြင်နေတုန်းမှာ သူတို့အဖွဲ့က ခေါင်းဆောင်လို့ယူဆရတဲ့ မျက်နှာဖုံးအဖြူစွပ်တားတဲ့ တစ်ယောက်ရောက်လာပြီး တာကာ သိန်းငါးဆယ်ပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့က ဝန်ထမ်းတွေ၊ ဆင်းရဲကြတယ်။ အဲ့လောက်ငွေမရှိဘူးဆိုတော့ မပေးနိုင်ရင် မင်းတို့ကို သတ်ပစ်မယ်။ ဟာလာလုပ်ပစ်မယ်လို့ ပြောဆိုပါတယ်။"လို့ ဆရာကြီး ဦးဘိုဝင်းက ပြောပါတယ်။
မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို စက်လှေနဲ့သွားတဲ့အချိန်မှာ မွတ်ဆလင် ၉ ဦးပါပြီး တစ်ဖက်နိုင်ငံက သူတို့နေထိုင်ရာ ရွာကိုရောက်တဲ့အချိန်မှာတော့ နှစ်ယောက်က မြန်မာဘက်ကို ပြန်သွားခဲ့တယ်လို့ ပြောပါတယ်။
အဲ့ဒီမွတ်ဆလင်တွေဟာ ရခိုင်ဘာသာစကားကို အနည်းအကျဉ်းပြောတတ်ပြီး ဗမာစကားကို ပိုပြီးပြောတတ်ကြတာကြောင့် မြန်မာပြည်ဘက်က ထွက်ပြေးသွားသူတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၆ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့အချိန်ကစလို့ သူတို့ခေါ်ဆောင်တဲ့နေရာတွေကို လိုက်သွားခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့နေတဲ့ရွာလေးကို ရောက်သွားတဲ့အချိန်မှာတော့ ဇွန်လ ၁၇ ရက်နေ့ မနက် ၄ နာရီကျော်လောက်ရှိနေပြီလို့ ဆိုပါတယ်။
ဇွန်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့နှစ်ရက်ဟာ အဲ့ဒီနေအိမ်မှာနေခဲ့ကြရပြီး ၁၈ ရက်နေ့ညမိုးချုပ်ချိန်မှာတော့ မျက်နှာဖုံးစွပ်ပြီး တောင်ကုန်းတစ်ခုပေါ်က တာပေါ်လင်စတွေနဲ့ ယာယီပြုလုပ်ထားတဲ့ တဲလေးတစ်ခုမှာ သီးသန့် နေရာချထားပေးတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံနေရတဲ့အချိန်မှာ ဆရာကြီးကတော့ ရိုက်နှက်တာတွေ၊ အသက်အန္တရာယ်နဲ့နီးစပ်တဲ့ ခြိမ်းခြောက်မှုမျိုးတွေကိုလည်း ကြုံခဲ့ရတယ်လို့ ပြောဆိုပါတယ်။ ဆရာမကိုတော့ ရိုက်နှက်တာတွေမရှိသလို မျက်နှာဖုံးစွပ်တာတွေလည်းမလုပ်ဘဲ တစ်နေရာနဲ့ တစ်နေရာပြောင်းရွှေ့သွားလာတဲ့အခါမှာတော့ လက်ကို ကြိုးတုတ်ခေါ်ဆောင်တာမျိုးတွေ ကြုံခဲ့ရတယ်လို့ ပြောကြပါတယ်။
ဇွန်လ ၁၇ ရက်နေ့နေ့လယ်ပိုင်းမှာတော့ မိသားစုတွေနဲ့ အဆက်အသွယ်လုပ်ခိုင်းပြီး သူတို့တောင်းထားတဲ့ငွေကြေးတွေကို ပေးဆောင်ရမယ်ဆိုတာ ပြောခိုင်းတဲ့အတွက် မိသားစုတွေနဲ့ ပညာရေးမှူးကို ပြောပြခဲ့တဲ့အတွက် အခုလို ငွေကြေးပေးဆောင်ဖို့အတွက် ပညာရေးဌာနနဲ့ သက်ဆိုင်ရာဌာနတွေကနေ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။
တာကာ သိန်းငါးဆယ်ပေးမယ့်ကိစ္စကို ပညာရေးဌာနကို ပြောဆိုရတာဟာ သူတို့အဖမ်းခံခဲ့ရတာက ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် သွားရာမှာ လမ်းမှာ ဖမ်းဆီးခံခဲ့တာကြောင့်ဖြစ်တယ်လို့ ဆရာကြီးက ပြောပါတယ်။
ဇွန်လ၂၂ ရက်နေ့မှာတော့ သူတို့တောင်းထားတဲ့ တာကာသိန်းငါးဆယ်ကို လက်ခံရရှိတဲ့အချိန် ည ၈ နာရီခွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်ရွာ ခြံချောင်းကို သုံးဘီးဆိုင်ကယ် (တုတ်တုတ်)နဲ့ ပို့ဆောင်ပေးရာ လမ်းကမွတ်ဆလင် ကျေးရွာတစ်ရွာကိုအရောက်မှာ လူငယ်တွေက မြန်မာနိုင်ငံသားတွေဆိုတာ မြင်တွေ့လိုက်တဲ့အချိန် တုတ်တွေ ဓားတွေနဲ့ လိုက်တာကိုလည်း ကြုံခဲ့ရပြီး အဲ့ဒီကနေ ထွက်ပြေးခဲ့ကြရာ သူတို့ကိုဖမ်းဆီးထားခဲ့တဲ့ ကျေးရွာလေးကို ပြန်လည်ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီမှာ သုံးဘီးသမားက သူတို့အဖွဲ့ရဲ့ခေါင်းဆောင်နဲ့ ပြန်ဆက်သွယ်ပြီး နောက်တစ်ခါ အဲ့ဒီရွာကို ခြေလျင်ဖြတ်လျှောက်ပြီး လိုက်ပို့ခဲ့ကာ ရွာအလွန်မှာ ဆရာကြီးနဲ့ဆရာမကို ထားခဲ့ကြပြီး သူတို့ ပြန်သွားခဲ့ကြတယ်လို့ဆိုပါတယ်။
သူတို့ညွှန်ပြခဲ့တဲ့လမ်းအတိုင်း လာရာမှာ နောက်ထပ် မွတ်ဆလင်ကျေးရွာတစ်ရွာကို ဖြတ်ကြရပြီး အဲ့ဒီရွာအပြင်က နေရာတစ်ခုမှာ မိုးမှောင်ကျနေတဲ့အချိန် ဘယ်နေရာကို သွားလို့ရနိုင်မလဲဆိုတာ အခြေအနေသုံးသပ်ရင်း ထိုင်နေခဲ့ကြရတယ်လို့ သိရပါတယ်။
အဲ့ဒီမှာပဲ ဗုဒ္ဓဘာသာ ပရိတ်ရွတ်သံတစ်ခုကြားလိုက်ရကာ ငါးမိနစ်ခန့်ပျောက်သွားပြီး နောက်ထပ် မေတ္တာပို့သံတစ်ချက် ကြားလိုက်ရတာကြောင့် ဆရာကြီးနဲ့ဆရာမဟာ အဲ့ဒီအသံကြားရတဲ့နေရာကိုဆက်လျှောက်လာခဲ့တဲ့အတွက် ရခိုင် ခြံချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းကို မနက် ၄ နာရီကျော်မှာ ရောက်ရှိခဲ့ကြတာလို့ ဆိုပါတယ်။
"ကျွန်တော်တို့က မြန်မာက ရခိုင်တိုင်းရင်းသားတွေ၊ သူတို့ကလည်း ရခိုင်တွေဆိုတော့ ကိုယ့်လူမျိုးတွေ့တယ်ဆိုပြီး အဝတ်အစားတွေပေးတယ်။ စားစရာတွေကျွေးကြတယ်။ ဓာတ်ပုံတွေရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်လိုက်ကြတော့ ဘင်္ဂလားက မီဒီယာတွေနဲ့ အစိုးရတွေသိသွားတယ်။ အဲ့ဒီမှာ မီဒီယာတွေရောက်လာပြီး ကျွန်တော်တို့ကို မေးမယ်ဆိုပြီး လာခေါ်တော့ တက္ကနက် (ကယုချောင်း)မြို့က ခေါ်သွားတယ်။အဲ့ဒီမှာ မေးမြန်းစစ်ဆေးမှုတွေလုပ်ပြီး နှစ်ဖက်အစိုးရတွေ လက်မှတ်ထိုးပြီးတာ့ တောင်ပြိုကတစ်ဆင့် ပြန်လွှဲပြောင်းပေးလိုက်တာပါ။"လို့ ဆရာကြီး ဦးဘိုဝင်းက ပြောပါတယ်။
သူတို့ ခြံချောင်းကျေးရွာက ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိနေပြီဖြစ်တယ်ဆိုတာ မြန်မာဘက်က ပညာရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနတို့ကို ဆက်သွယ်အကြောင်းကြားလိုက်တဲ့အချိန်မှာတော့ သူတို့ခေါ်မှာပဲ လာခဲ့ပါလို့ ပြန်လည်အကြောင်းပြန်ပြောကြောင်း ဆရာကြီးက ပြောပါတယ်။
သူတို့နှစ်ဦးမှာ နိုင်ငံဝန်ထမ်းတွေဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ်မှာအခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး နောက်နောင် ဝေးလံခေါင်ဖျားဒေသတွေမှာတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းတွေကို စစ်ဆေးလိုတယ်ဆိုလို့ရှိရင် ဌာနကဖွဲ့စည်းထားတဲ့ စစ်ဆေးရေးအဖွဲ့တွေကိုပဲ စေလွှတ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ကြဖို့ ပညာရေးဌာနကိုလည်း တိုက်တွန်းထားပါတယ်။
လက်ရှိမှာတာ့ သူတို့နှစ်ဦးဟာ မိသားစုတွေရှိတဲ့နေအိမ်တွေမှာ ရောက်ရှိနေကြပြီး မောင်တောမြို့နယ်အတွင်းမှာ နောက်ထပ် တာဝန်ချပေးမယ်ဆိုလို့ရှိရင် အဲ့ဒီတာဝန်ကို ထမ်းဆောင်တော့မှာမဟုတ်ကြောင်းနဲ့ မိမိတို့ရဲ့ ဇာတိဒေသတွေက ကျောင်းတွေမှာပဲ နေရာချထားပေးဖို့အတွက် ပညာရေးဌာနမှာ အသိပေးပြောဆိုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။