ဥရုမြစ် ရေလျှံလို့ မြစ်ရိုးတစ်လျှောက်က ဒေသခံတွေ အခက်တွေ့

ဥရုချောင်းရိုးဘေး တစ်လျောက် ကရွာတွေရေကြီးနေပြီး ကားလမ်းပေါ်ရေတွေကျော်နေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဥရုချောင်းရိုးဘေး တစ်လျောက် ကရွာတွေရေကြီးနေပြီး ကားလမ်းပေါ်ရေတွေကျော်နေ
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းက ဥရုမြစ် (ဒေသအခေါ် ဥရုချောင်း) ဘေးတစ်လျှောက်မှာရှိနေတဲ့ နောင်တောအပါအဝင် ရွာတွေမှာ ချောင်းရေကြီးလို့ ရွာထဲအထိ ရေဝင်နေတာ တစ်ပတ်ခန့်ကြာနေပြီလို့ ဒေသခံတွေထံကသိရပါတယ်။

ပြီးခဲ့တဲ့ ၆ရက်ကတည်းက တစ်ရွာလုံးနီးပါး ချောင်းရေမြုပ်ခဲ့တာ ဇွန်လ ၁၉ရက်နေ့အထိပဲလို့ နောင်တော ရွာခံအမျိုးသားက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့အထိ ဟုမ္မလင်း ကနေ နန့်တော၊ အင်းတော် အထိသွားတဲ့ လမ်းကြောင်းမှာ ဥရုမြစ်ဘေးအပိုင်းနဲ့ ကပ်လျှက်ရှိနေတဲ့ နေရာအများအပြားမှာ ရေလွှမ်းနေသေးတယ်လို့ သိရပါတယ်။

နောင်တော၊ နမ့်စကား၊ ပေါက်ပင်၊ နမ့်မော၊ နောင်မော နမ့်တော၊ မလွန်၊ နောင်ပိုအောင်၊ သဖန်းကုန်း၊ ဟေးခမ်း၊ အထက်ဟေးခမ်း၊ နောင်ဟတ်၊ ‌ညောင်ပင်သာ၊ ဂျိုးပင် စတဲ့ရွာတွေအပါအဝင် ရွာအများအပြားက ဟုမ္မလင်းမြို့အနား ဥရုမြစ် ဖြတ်သန်းစီးဆင်းရာဘေးတစ်လျှောက်မှာ တည်ရှိနေပါတယ်။

"ရေက တအားကြီးနေတယ်။ ရွာပေါ်အဓိကို လွှမ်းနေတာ။ ၆ ရက်ရှိပြီ အခုမှ သွားလာလို့ရတဲ့အနေ အထားဖြစ်တာ။ မိုးဦးမှာ အခုလောက်အထိရေမလွှမ်းခဲ့ဖူးဘူး။ ဒီလိုရွာအထိ လွှမ်းတာကို။ ရွာဟိုဘက်ဒီ ဘက်ကို ရေဖောက်သွားတာပေါ့။ ရွာဦးပိုင်းနည်းနည်းပဲကျန်တာ၊ ချောင်းဘေးက ရွာအမြီးပိုင်း အကုန်ရေ လွှမ်းတယ်" လို့ နောင်တော ဒေသခံ ဦးကံသိန်းက ဘီဘီစီကိုပြောပြပါတယ်။

"ချောင်းရေ ကြီးလာတာနဲ့ ဘယ်ရွာကို ထိုးဖောက်မလဲ၊ ဘယ်ရွာတွေခါးပြတ်သွားမလဲ၊ ဘယ်ကမ်းပါးပြိုမလဲ ဆိုတာကို မြင်ရတော့မှာပါ" လို့ နောင်တောရွာခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, "ချောင်းရေ ကြီးလာတာနဲ့ ဘယ်ရွာကို ထိုးဖောက်မလဲ၊ ဘယ်ရွာတွေခါးပြတ်သွားမလဲ၊ ဘယ်ကမ်းပါးပြိုမလဲ ဆိုတာကို မြင်ရတော့မှာပါ" လို့ နောင်တောရွာခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးရွာခဲ့ပြီးနောက်ပိုင်းအခုလို ရေကြီးနစ်မြုပ်တာတွေ ဆက်တိုက်ဖြစ်ခဲ့သလို၊ ဥရုမြစ် အထက်က စီးဆင်းလာတဲ့ရေတွေနဲ့ ပေါင်းပြီး အခုနှစ်မိုးဦးကာလမှာပဲ ပထမဆုံးအကြိမ်ရေကြီးနေတာလို့ နမ့်စကား၊ ပေါက်ပင်၊ နောင်တော ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဇွန်လ ၁၆ရက်နေ့က၊ ဥရုမြစ်ရဲ့ အထက်ပိုင်းဘက် ဖားကန့်မြို့မှာလည်း မိုးရွာသွန်းပြီး နောက်ပိုင်း ဥရုမြစ် ရေကြီးလို့ မြို့အတွင်း ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်အချို့လုံးဝ လူသွားလာလို့မရဖြစ်တဲ့ အထိရှိခဲ့ပါတယ်။

အဲဒီဘက်ကရေတွေက မြစ်ကြောင်းတစ်လျှောက် စီးဆင်းလာတာရယ်၊ မိုးရွာသွန်းနေမှုကြောင့် ဟုမ္မလင်းက ဥရုမြစ်ရိုး‌ဘေးရွာတွေ ဒီကနေ့အထိ ရေကြီးနေဆဲလို့ ဒေသခံတွေက ယူဆပြောဆိုကြပါတယ်။

မိုးဦးမှာတင် ဥရုမြစ်ရေကြီးရတဲ့အကြောင်းအရင်းက မြစ်အတွင်းရှိနေတဲ့ ရွှေမျှောလုပ်ငန်းတွေကြောင့်လို့ ဒေသခံတွေက ယူဆပြောဆိုကြပါတယ်။ မြစ်ရိုးတွေ ပြောင်းလဲသွားသလို၊ မြစ်တွေတိမ်လာတယ်လို့ ဒေသခံ‌ တွေကပြောပြကြပါတယ်။

မြစ်အတွင်းမှာလည်း မြစ်ရေအမြင့်ဆုံးတက်နေချိန်ကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ ရွှေမျှောတွေကိုဆက် လုပ်နေတုန်းပဲလို့ နောင်တောအပါအဝင် အဲဒီဘက်ကဒေသခံတွေက ပြောပြကြပါတယ်။

မြစ်ရေပြန်ကျသွားချိန် မြစ်ကမ်းပါးတွေပေါ်လာတဲ့အခါ ကမ်းပါးတွေပြိုကျသွားမှာကိုလည်း ဒေသခံတွေက စောင့်ကြည့်နေကြရတယ်လို့ ဆိုကြပါတယ်။

အခုတော့ ရွာတွေအတွင်း ရေကျန်နေသေးသလို ဒေသခံတွေရဲ့ လယ်ယာတွေလည်း ရေအကုန်ဝင်နေတာကြောင့် ဇွန်လနောက်ဆုံး အပတ်ရောက်ချိန်အထိ မြစ်ကမ်းတစ်လျှောက်ရွာအများစုမှာ မိုးစပါးပျိုးမကြဲရသေးဘူးလို့ နောင်တော အပါအဝင် အဲဒီဘက်က ဒေသခံတွေ ထံကသိရပါတယ်။

"လယ်ထဲမှာ ဒီမနက်တင် ဆင်းသွားတာ ရေ ၃ ပေလောက်ကျန်သေးတယ်။ ရေအကုန်လုံးကျသွားမှပဲ ပျိုးထောင် လို့ရမယ်။ အခုချိန်ထိ မိုးစပါးကိုပျိုးမချရသေးဘူး။ အရင်နှစ်တွေက ဒီအချိန်အကုန် လုံးပြီးပြီ မိုးဦးတောင်မှ အဲဒီလောက်ဖြစ်နေရင် ဒီနှစ်အတွက် မျှော်လင့်ချက်ကသိပ်မရှိဘူး" နောင်တောဒေသခံ ဦးကံသိန်းက ပြောပါတယ်။

နောင်တော၊ ပေါက်တောအပါအဝင် ဥရုမြစ်ကမ်းဘေးတစ်လျှောက်မှာ စပါးစိုက်လယ် ဧကထောင်ချီရှိနေပြီး အဓိကအားဖြင့် စပါးစိုက်ပျိုးရေးကို လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

မိုးဦးရာသီအစကပင် မိုးရွာသွန်းမှုများပြီး ဥရုမြစ်ရေကြီးမှုစတင်ဖြစ်လာတာကြောင့် မိုးလယ်နဲ့ မိုးနှောင်း ကာလတွေမှာ အခုထက်ပိုမိုးဆိုးရွားနိုင်မှာကို အဲဒီဘက်ကဒေသခံတွေက စိုးရိမ်ပူပန်တာတွေရှိနေပါတယ်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း အခုလိုအဆိုးဝါးဆုံးရေကြီးနစ်မြှပ်မှုကို နောင်ပိုအောင်၊ နောင်တော အပါအဝင် အဲဒီဘက်က ဒေသခံတွေခံစားခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း အခုလိုအဆိုးဝါးဆုံးရေကြီးနစ်မြှပ်မှုကို နောင်ပိုအောင်၊ နောင်တော အပါအဝင် အဲဒီဘက်က ဒေသခံတွေခံစားခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း အခုလိုအဆိုးဝါးဆုံးရေကြီးနစ်မြှပ်မှုကို နောင်ပိုအောင်၊ နောင်တော အပါအဝင် အဲဒီဘက်က ဒေသခံတွေခံစားခဲ့ရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဌာနကတော့ မိုးဦးရာသီမှာ မိုးကောင်းတဲ့အခြေအနေမျိုးရှိပေမယ့် မိုးလယ်ရာသီနဲ့ မိုးနှောင်းရာသီမှာ မိုးအသင့်အတင့်ရရှိမယ်လို့ မိုးရာသီကာလအတွက် ယေဘုယျအားဖြင့် ခန့်မှန်းသိရှိထားရ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးလယ်ကာလအတွင်း မိုးရွာသွန်းမြဲအောက်ကို လျော့နိုင်ပြီးတော့၊ မြန်မာနိုင်ငံ မြောက်ပိုင်းအပါအဝင် ကျန်တဲ့နေရာတွေမှာ မိုးလယ်ကာလ ရွာသွန်းမြဲ အတိုင်းမိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပြ ပါတယ်။

"အခုမိုးကောင်းတော့ ရေအခံတော့ရှိသွားပြီပေါ့။ နောက်မိုးလယ်ရွာမယ့်ပုံနဲ့ဆိုရင်တော့ ရေကြီးတာတွေ တော့ဖြစ်နိုင်တယ်" လို့ မိုးလယ်ကာလ စစ်ကိုင်း‌မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံမြောက်ဘက် အခြေ အနေအပေါ် ဦးလှထွန်းက သုံးသပ်ပြောဆိုပါတယ်။

ဥရုအပါအဝင် မြစ်ချောင်းတွေက မြစ်ကြောင်းတွေကျဥ်းတာ၊ တိမ်ကောလာတာအပါအဝင် သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် မိုးအနည်းငယ်ရွာသွန်းရုံနဲ့ မြစ်ရေကြီးတာတွေက ဆက်တိုက်ဆိုသလို အခုကာလတွေမှာ ဖြစ်လာနေတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာသူတွေက ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာတော့ မေလကနေ ဇွန်လကုန်အထိကို မိုးကြိုကာလ၊ ဇူလိုင်နဲ့ သြဂုတ်ကို မိုးလယ်ကာလနဲ့ စက်တင်ဘာနဲ့ အောက်တိုဘာနောက်ပိုင်းအထိကို မိုးနှောင်းကာလလို့ အကြမ်းဖျင်း သတ်မှတ်ကြပါတယ်။

မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်ကနောက်ပိုင်းတွေက ရေကြီးကာလအဖြစ်သတ်မှတ်လေ့ရှိပြီး မြန်မာနိုင်ငံ အထက်ပိုင်းတွေမှာ ရေကြီးရေလျှံမှုဖြစ်လေ့ရှိသလို၊ မိုးနှောင်းကာဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာ ကာလမှာတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ ရေကြီးလေ့ရှိတဲ့ ကာလတွေလို့ မိုးလေဝသဆိုင်ရာ လေ့လာသူတွေက သတ်မှတ်ပြောဆိုကြပါတယ်။