UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ ပြန်ဖွဲ့ မယ်

ဓာတ်ပုံ ရင်းမြစ်, MYANMAR STATE COUNSELLOR FACEBOOK
စစ်ကောင်စီလက်ထက်မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ Union Peace Dialogue Joint Committee ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ ကို ပြန်လည် ဖွဲ့စည်းဖို့ရှိတယ်လို့ UPDJC အလုပ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကိုပြောပါတယ်။
လာမယ့် ဧပြီ ၂၇ ရက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းတော့မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အလုပ်အဖွဲ့အတွက် ၁၆ နေရာနဲ့ အကြံပေး ၁၆ နေရာကို ပါတီ ၄၆ ခုက ဝင်ရွေးကြမယ်လို့ လက်ရှိ အလုပ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကိုပြောပါတယ်။
မဲပေးတဲ့စနစ်နဲ့ ရွေးချယ်မှာဖြစ်ပြီး NLD အပါအဝင် ပါတီအားလုံးကိုဖိတ်ကြားထားတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR STATE COUNSELLOR FACEBOOK
UPDJC ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် သုံးခုပေါင်းထားတဲ့ အစုအဖွဲ့၊ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ တွေက ကိုယ်စားလှယ် ၁၆ ဦးစီနဲ့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူစာချုပ် အရ ၂၀၁၆ ခုနှစ်ကတည်းက စတင် ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကလည်း UPDJC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
NLD အစိုးရလက်ထက်က နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်တွေကိုတော့ လွှတ်တော် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ် တစ်ဦး ပါဝင်တဲ့ နိုင်ငံရေးပါတီတွေကိုပဲ ပါဝင်ခွင့်ပေးတဲ့စနစ်နဲ့ ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
UPDJC နိုင်ငံရေးအစုအဖွဲ့ဟာ အာဏာသိမ်းပြီးကတည်းက ရပ်တန့်နေတာ ဖြစ်ပြီးတော့ပြီးခဲ့တဲ့နိုဝင်ဘာက ရွေးကောက်ပွဲကော်မရှင်ရဲ့ အချိုးကျ ကိုယ်စားပြုစနစ်ဆွေးနွေးပွဲကို တက်ခဲ့တဲ့ ၅၃ ပါတီက ၄ လသက်တမ်းနဲ့ ပြန်ဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။
အခုတော့ ၄ လ သက်တမ်းလွန်မြောက်လို့ ၂၀၂၃ ရွေးကောက်ပွဲပြီးတဲ့အထိ သက်တမ်းရှိမယ့် အစုအဖွဲ့အသစ်ကို ပြန်ရွေးကြမှာလည်းဖြစ်ပါတယ်၊
ဒီရွေးချယ်ပွဲကို ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက တက်ရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR STATE COUNSELLOR FACEBOOK
NLD ပါတီ ဒီရွေးချယ်ပွဲကို တက်ရောက်မရောက် ဘီဘီစီက အတည်မပြုနိုင်ပေမယ့် ပြည်သူ့ပါတီ၊ကြံ့ခိုင်ရေးပါတီ၊ရခိုင်အမျိုးသားပါတီ၊ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီတို့ တက်ရောက်မယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဝင်အရွေးမခံဘူးလို့ ဘီဘီစီကိုပြောပါတယ်။
" UPDJC လုပ်ငန်းက ဘာမှ မရှိတော့ဘူး၊ နောက် အဲဒီအဖွဲ့မှာ ပါချင်လို့ မဲဆွယ်တာတွေ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ရှုတ်ချတာတွေ ရှိနေတယ်၊ သူတို့အရှုပ်ထုပ်ထဲမှာ အလကားနေရင်း ဝင်မပါချင်လို့ အရွေးမခံတာ "လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
NLD အစိုးရလက်ထက်က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အစိုးရ၊လွှတ်တော်နဲ့ တပ်မတော်သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နဲ့ နိုင်ငံရေး ပါတီများအစုအဖွဲ့ဆိုပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် UPDJC မှာ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နဲ့ နိုင်ငံရေး ပါတီများအစုအဖွဲ့တို့ပဲ ကျန်နေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NSPC
စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို တပ်ချုပ်ဦးဆောင်တဲ့ ဗဟိုကော်မတီ၊ဒုတပ်ချုပ်ဦးဆောင်တဲ့ လုပ်ငန်းကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ညှိနှိုင်းရေးကော်မတီတို့နဲ့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
UPDJC ဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဖွဲ့စည်းထား ပြီးတော့ အခုတော့ နောက်တစ်ကြိမ်ဖွဲ့ဖို့ ပြင်လာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် နေ့က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းထွက်ပြောကာ ဖိတ်ခေါ် ခဲ့ပြီးနောက် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်ဖွဲ့မယ်ဆိုပြီး သတင်းထွက်လာတာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို စစ်ကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်တွေက ဆက်လက်တွေ့ဆုံဆွေးနွေးမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ကိုယ်တိုင် နဲ့ အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးဖို့နဲ့ မေလ ၉ ရက်နေ့ နောက်ဆုံးစာရင်းပေးဖို့ သူကပြောခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်ကလိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးနိုင်ပြီး စစ်ကောင်စီဘက်ကလည်း လုပ်ပေးနိုင်သမျှကို ပြန်ဆွေးနွေးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပြီး ဒီဖိတ်ကြားချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ မပါဘူး လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
လတ်တလော ဖြစ်နေတဲ့ မြေပြင် အခြေအနေရော ၊ နိုင်ငံရေး အခြေအနေတွေနဲ့ပါ ကွာဟမှု ရှိနေတာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ် ဆိုတာကို လက်မခံသလို ၊ ထည့်သွင်း စဥ်းစားသွားမှာ မဟုတ်ဘူးလို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဘီဘီစီကို ပြီးခဲ့တဲ့ ရက်ပိုင်းကပြောခဲ့ပါတယ်။








