မြောက်ကိုရီးယားကို သတိပေးတဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်က ဒုံးကျည်တန်ပြန်ပစ်ခတ်မှုတွေ ပြုလုပ်

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းစုခ်ယိုးကပြော
ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းစုခ်ယိုးကပြော
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ရက်က မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေပစ်ခတ်ခဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်က ဒုံးကျည်ရှစ်စင်းကို တနင်္လာနေ့က ပစ်လွှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားကလည်း ဒုံးကျည်စမ်းသပ်မှုတွေကို ခုတလောမှာ အရှိန်မြှင့်လုပ်ဆောင်လာနေပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းစုခ်ယိုးက သူ့အစိုးရအနေနဲ့ အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုမှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရာမှာ အက်ကြောင်း တစ်ခုမှမရှိ ရအောင် သေသေချာချာ လုပ်သွားမှာပါ ”

ဆိုးလ်မြို့တော်မှာလုပ်တဲ့ စစ်ပွဲအောက်မေ့ဖွယ် အခမ်းအနားတစ်ခုမှာလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုအစီအစဥ်ဟာ “ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးသာမက အရှေ့မြောက်အာရှနဲ့ ကမ္ဘာကိုပါ ခြိမ်းခြောက် တဲ့အဆင့် ရောက်လာပြီ” လို့ သူပြောခဲ့တာကို ယွန်ဟက်ပ် သတင်းအေဂျင်စီ မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံဟာ ပူးပေါင်းစစ်ရေးလေ့ကျင့်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိပြီး အဲဒီလိုပူးတွဲစစ်‌ရေးလေ့ကျင့်မှုတွေကလည်း မြောက်ကို ရီးယားကို ဒေါသပုန်ထစေပါတယ်။

တနင်္လာနေ့အစောပိုင်းမှာ မြောက်ကိုရီးယားက သူတို့နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ကနေ ဒုံးကျည်တွေအများအပြားပစ်လွှတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ တောင်ကိုရီး ယားနဲ့ အမေရိကန်က အခုလို ဒုံးကျည်တွေနဲ့ ပြန်ပစ်လွှတ်ပြခဲ့ကြတာပါ။

မြေပြင်က မြေပြင်ပစ်ဒုံးကျည် (ATACMS) ရှစ်စင်းကို ပစ်လွှတ်ခဲ့တာဖြစ်ပြီး၊ အမေရိကန်က တစ်စင်း၊ တောင်ကိုရီးယားက ခုနစ်စင်း ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

မြေပြင်က မြေပြင်ပစ် ဒုံးကျည်ရှစ်စင်းကို ပစ်လွှတ်ပြီး တုံ့ပြန်သတိပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, South Korean Defence Ministry Handout

ဓာတ်ပုံ ပုံစာ, မြေပြင်က မြေပြင်ပစ် ဒုံးကျည်ရှစ်စင်းကို ပစ်လွှတ်ပြီး တုံ့ပြန်သတိပေးခဲ့

အဲဒီ ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်ရဲ့ လက်နက်အကူအညီနဲ့ တောင်ကိုရီးယားက သူတို့ရဲ့ လက်နက်အင်အားကို ထုတ်ပြခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အာရှကို လာလည်အပြီး ရက်ပိုင်းအတွင်းမှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့တောင်ကိုရီးယားတို့ကလည်း ဒုံးကျည်တွေ ပြန်လည်ပစ်လွှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတင် တစ်ကြိမ်လုပ်ခဲ့ပြီး အခုကတော့ ဒုတိယအကြိမ်ပါ။

အရင်တောင်ကိုရီးယား အစိုးရလက်ထက်မှာတော့ ဒီလိုတုံ့ပြန် လုပ်ပြတာမျိုးတွေက တွေ့ရခဲပါတယ်။

ပြီးခဲ့တဲ့လကမှ တောင်ကိုရီးယားသမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မတ ယွန်းက မြောက်ကိုရီးယားအပေါ် ပိုမိုတင်းမာတဲ့ ရပ်တည်ချက်နဲ့ လုပ် ဆောင်သွားမယ်လို့ ကတိပြုပြောကြားထားပါတယ်။

ပြင်ပနဲ့ အဆက်အသွယ် မရှိပဲနေတတ်တဲ့ ကွန်မြူနစ် မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်းပထမဆုံးအကြိမ် ပြီးခဲ့တဲ့ လတွေအတွင်းက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းအပါအဝင် ဒုံးကျည်ဒါဇင်ပေါင်း များစွာကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်ခြင်းမပြုဖို့တားမြစ်ထားပြီး အရင်စမ်းသပ်မှုတွေလုပ်ခဲ့တုန်းက တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ခဲ့ပါတယ်။

ပိုပြီး ကျယ်ပြန့်လာနိုင်မလား

ပြီးခဲ့တဲ့လတွေအတွင်းမှာ မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုတွေကို အကြိမ်ရေတိုးပြီး ပြုလုပ်ခဲ့သလို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကလည်း သူတို့ ကာကွယ်ရေး စနစ်ကိုမြှင့်တင်ပြီး ပိုမိုပြင်းထန်စွာတုံ့ပြန်သွားဖို့ သဘော တူထားကြပါတယ်။

ခုတော့ အပြန်အလှန် လက်တုံ့ပြန် လုပ်ဆောင်ကြမယ့် ပုံစံတစ်ခု စပေါ်လာနေပါပြီ။

ပြီးခဲ့သီတင်းပတ်ကုန်မှာလုပ်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

နောက်တစ်နေ့မှာ မြောက်ကိုရီးယားက ဒုံးကျည်ရှစ်စင်းပစ်လွှတ်ခဲ့ပြီး နောက်ထပ်တစ်ရက်အကြာ ဒီနေ့မှာတော့ တောင်ကိုရီးယားနှင့် အမေရိကန်တို့က လက်တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်ရှစ်စင်းကို ပစ်လွှတ်ခဲ့တာပါ။

ဒီလို လက်တုံ့ပြန်ရေးအပြန်အလှန်လုပ်ပြနေတာက ဘာတွေ အောင်မြင်ရရှိနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ ဒီလိုလုပ်လို့ တောင်ကိုရီးယားကို ပိုလုံခြုံသွားမလား။ မြောက်ကိုရီးယားကိုရော သူတို့ရဲ့ ဒုံးကျည်စမ်း သပ်မှုကို လျှော့ချ၊ သူတို့အပြုအမူတွေ ပြင်ဆင်ပြောင်းလဲ လာအောင်လုပ်နိုင်မှာလား မေးစရာတွေရှိပါတယ်။

အမေရိကန်နိုင်ငံရဲ့ တကယ့်စိန်ခေါ်မှုက မြောက်ကိုရီးယားကို နျူကလီးယားဆွေးနွေးပွဲတွေထဲ ပြန်ဝင်လာအောင် စည်းရုံးသိမ်းသွင်းဖို့ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ စကားပြောဖို့ သူ့အနေနဲ့ အဆင်သင့်ဖြစ်နေပေမယ့် မြောက်ကိုရီးယားဘက်က စိတ်ဝင်စားတဲ့ပုံမပြဘူးလို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် နျူကလီးယားရေးရာ သံတမန်က သောကြာနေ့တုန်းက ဆိုးလ်မြို့မှာ ပြောထားတာလည်းရှိပါတယ်။

တွေ့ဆုံဆွေးနွေးစကားပြောတာတွေလုပ်ရမယ့်အစား မြောက်ကိုရီးယားက လေးနှစ် ကျော်အတွင်းမှာ ပထမဆုံးနျူစမ်းသပ်မှု ပြုလုပ်ဖို့တောင် ပြင်ဆင်နေပုံရပါတယ်။

ဒါကြောင့် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေကလည်း ပိုမိုပြင်းထန် လာဖွယ် ရှိပါတယ်။

မြောက်ကိုရီးယားအစိုးရရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူတို့ အစိုးရပိုင်မီဒီယာမှာ တနင်္လာနေ့ကတော့ ဘာမှဖော်ပြခဲ့တာမတွေ့ရဘဲ အရင်အစဉ်အလာတွေနဲ့မတူဘဲ အခုလို တုံ့ပြန်မှု မလုပ်တာဟာ ကိုဗစ်ဖြစ်ပွားမှုကိုထိန်းချုပ်ဖို့ အာရုံစိုက် နေရတာကြောင့်ဖြစ်မယ်လို့ အချို့ လေ့လာတွေက သုံးသပ်ကြပါတယ်။

တောင်ကိုရီးယားနဲ့အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီးနောက်နေ့မှာပဲ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်ခဲ့တာပါ။ ဒီလိုစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက အမေရိကန်က သူ့နိုင်ငံအပေါ်ရန်လိုတဲ့ အပြုအမူအဖြစ် ဝေဖန်ခဲ့ပါတယ်။

"အမေရိကန်နဲ့တောင်ကိုရီးယား မဟာမိတ်တွေက မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးကျည်ပစ်ခတ်မှုတွေကို ချက်ချင်းတုံ့ပြန်ပြလိုက်ပြီး တိုက်ခိုက်မှုတွေ စလာရင် အဲဒီ ပစ်တဲ့နေရာကို တိတိကျကျက ပြန်လည်ပစ်ခတ်နိုင်ဖို့ ပူးပေါင်းပြင်ဆင်ထားတယ်ဆိုတာ သက်သေပြလိုက်တာပါ"လို့ ဆိုးလ်မြို့ Ewha တက္ကသိုလ်က နိုင်ငံတကာ လေ့လာရေးဌာန ပါမောက္ခ Leif-Eric Easley က ပြောပါတယ်။

ဒါပေမယ့် တောင်ကိုးရီးယားရဲ့ လက်ရှိဒုံးကျည်ကာကွယ်ရေးစနစ်ဟာ “တိုးမြင့်လာ နေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ မလုံလောက်”ဘူး လို့လည်း သူက သတိပေးထားပါတယ်။