တိုက်ပွဲဖြစ်ခဲ့တဲ့ ပလက်ဝမြို့နယ် အဘောင်သားရွာက ဆယ်အိမ်မှူးတွေပြန်လွတ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်ဖမ်းထား

အဘောင်သားကျေးရွာက ပလက်ဝမြို့နဲ့ တစ်မိုင်ခန့်အကွာမှာရှိ

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, အဘောင်သားကျေးရွာက ပလက်ဝမြို့နဲ့ တစ်မိုင်ခန့်အကွာမှာရှိ
ရေးသားခဲ့သည်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အဘောင်သား ကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးနှစ်ဦးတို့ကို တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေ့မှာပဲ စစ်ကောင်စီကဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲဟာ မေလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအပြီးမှာတော့ အဆိုပါကျေးရွာလူကြီးသုံးဦးကို အေအေနဲ့ တိုက်ခိုက်ခဲ့ကြတဲ့ တပ်ကပဲ အခြေအနေတွေ မေးမြန်းဖို့ရှိတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တာလို့ ရွာသားတွေကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရပြီး နှစ်ရက်အကြာ မေလ ၂၈ ရက်နေ့မှာတော့ ဆယ်အိမ်မှူးနှစ်ဦးတို့ကို ခလရ ၂၈၉ တပ်ရင်းကနေ ပြန်လည်လွှတ်ပေးခဲ့ကာ အုပ်ချုပ်ရေးမှူးကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဆယ်အိမ်မှူး ဦးအောင်ထွန်းက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့သူတွေကတော့ အုပ်ချုပ်ရေးမှူး ဦးကြာထွန်းအောင်၊ ဆယ်အိမ်မှူးတွေဖြစ်တဲ့ ဦးအောင်ထွန်းနဲ့ ဦးတင်နီအောင်တို့ဖြစ်ကြပြီး သူတို့သုံးဦးကို ပလက်ဝမြို့ကနေတစ်ဆင့် ခလရ ၂၈၉ တပ်ရင်းကို ခေါ်ဆောင်ခြင်းခံခဲ့ရပြီး စစ်ဆေးမေးမြန်းမှုတွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်မြောက်ပိုင်းမှာတွေ့ရတဲ့ မြန်မာ စစ်တပ် ( ပုံ အဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်းမှာတွေ့ရတဲ့ မြန်မာ စစ်တပ် ( ပုံ အဟောင်း)

စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးအတွင်း ဖမ်းဆီးခံနေရစဉ် တိုက်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုစစ်မေးမှုတွေနဲ့ ကြုံခဲ့ရတယ်ဆိုတာ ကိုတော့ ကာယကံရှင်တွေဘက်က တိတိကျကျ ဖွင့်ပြောတာမရှိပါဘူး။

"ကျွန်တော်တို့ကို အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေက ဖမ်းသွားတယ်။ ပထမဆုံး သူတို့စခန်းကိုခေါ်တယ်။ပြီးတော့ ပလက်ဝကနေပြီးမှ အဲ့ဒီ ၂၈၉ ကိုခေါ်သွားတယ်။ မေးမြန်းတာတော့ရှိတာပေါ့။ စနေနေ့မှာ ပြန်လွှတ်လိုက်တယ်။ အုပ်ချုပ်ရေးမှူးကိုတော့ မလွှတ်ပေးဘူး။ နောက်နှစ်ရက်သုံးရက်နေမှ လွှတ်ပေးမယ်ဆိုပြီးပြောလိုက်တယ်။"လို့ ပြန်လွတ်လာတဲ့ ဦးအောင်ထွန်းက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးကိုတော့ ဆယ်အိမ်မှူးနှစ်ယောက် ပြန်လွတ်လာတဲ့နေ့အထိ ပလက်ဝအခြေစိုက် ခလ၇ ၂၈၉ တပ်ရင်းထဲက အခန်းတစ်ခုမှာထားရှိပြီး ဘာကြောင့် ဆက်လက်ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးသလို မိသားစုတွေနဲ့လည်း အဆက်သွယ်မရသေးဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

အဘောင်သားကျေးရွာဟာ ပလက်ဝမြို့ရဲ့အနောက်ဘက် တစ်မိုင်ခန့်အကွာမှာ တည်ရှိပြီး အဲ့ဒီဧရိယာဟာ အေအေအဖွဲ့က စိုးမိုးထားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

မေလ ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ အဘောင်သားကျေးရွာနဲ့ လေးဖာလုံလောက်ကွာဝေးပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာအပြင်ဘက်မှာ တပ်စွဲစခန်းချထားတယ် လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

လတ်တလောမှာ စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် ဆက်လက်ပြီးတော့ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ရေးလှုပ်ရှားမှုတွေကိုလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။

"လောလောဆယ်မှာတော့ တိုက်ပွဲတွေတော့မရှိဘူး။ စစ်တပ်ကရှိနေတယ်။ ရွာထဲမှာတော့မဟုတ်ဘူး။ ရွာအနီးဝန်းကျင်မှာ စခန်းချလို့နေပါတယ်။"လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တင်းမာမှုတွေ ရှိနေတဲ့အတွက် အဘောင်သားကျေးရွာရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ နေအိမ် ၇ ဆောင်က ကျေးရွာသားတွေလည်း အဘောင်သားရွာကြီးဘက်ကို ပြောင်းရွှေ့ခိုလှုံနေကြတယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

၂၀၁၉ ခုနှစ် တွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ

ဓာတ်ပုံ ရင်းမြစ်, KYAW AUNG

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် တွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ

အခုလိုမျိုး တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ အတွေ့အကြုံမရှိတာကြောင့် ဒေသခံ ကျေးရွာသားတွေအနေနဲ့ စိုးရိမ်ကြောက်လန့်မှုတွေရှိနေကြပြီး ထပ်မံတိုက်ပွဲတွေ ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။

လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အသွားအလာတွေကိုလည်း ပိတ်ဆို့မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ပလက်ဝမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိဘုရားရင်ပြင်တွေ အနီးဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကလည်း မေလ ၃၀ ရက် မနေ့ကည ၉ နာရီလောက်မှာ သေနတ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာလာခဲ့တဲ့ အခုလအတွင်းမှာ အမ်း၊ မြောက်ဦး၊ ဘူးသီးတာင်၊ ကျောက်တော်စတဲ့ စစ်ကောင်စီတပ်စခန်းတွေ ရှိတဲ့နေရာတွေမှာ ညအချိန်ပစ်ခတ်မှုကို ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။