စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေသုံးပြီးတိုက်

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီဘက်က ရွာတွေကို မီးရှို့မှုတွေနဲ့ အတူ ဒီရက်ပိုင်း ရဟတ်ယာဥ်သုံးပြီး တိုက်ခိုက်မှုတွေပါ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြောင်မြို့နယ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် မေလ ၂၉ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ ပစ်ခတ်တာတွေလုပ်တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကလည်း မင်းကင်းမြို့နယ် တဲကြီးကျေးရွာအနီးမှာ ရှိတဲ့ PDF စခန်းကို စစ်ကောင်စီက ရဟတ်ယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က သိရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေလ ၂၈ ရက်နေ့က ညပိုင်းမြို့ပေါ် တာဟန်းရပ်ကွက်မှာ လက်နက်ကြီးမှန်လို့ လူ ၃ ဦးသေဆုံးခဲ့သလို ဒီကနေ့ မေလ ၃၀ ရက်မှာလည်း ကလေးမြို့အနောက်တောင်ပိုင်းက ရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့တယ်လို့ ကလေးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေများတဲ့ မြောင်မြို့နယ်မှာ အရင်ကတော့ ရဟတ်ယာဥ်တွေ မကြာခဏ ပျံသန်းတာတွေ နေရာကို ပတ်ကြည့်တာတွေ ရှိပေမယ့် အခုတကြိမ်မှာတော့ ရဟတ်ယဥ်ပေါ်ကနေ မြေပြင်ကို ပစ်ခတ်တာတွေ ရှိခဲ့လို့ မြောင်မြို့နယ်က ရွာသူ ရွာသားတွေဟာ ကျည်လွတ်ရာ ပြေးရှောင်ပုန်းခဲ့ရပါတယ်။
အခုလိုပစ်ခတ်မှုကြောင့်တော့ မြောင်မြို့နယ်ထဲကျေးရွာတွေက ရွာသားတွေ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ မြောင် ဒေသခံ ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့မေလ ၂၀ ရက်ကတည်းက မြောင်နယ်က ကျေးရွာတွေမှာ ရောက်နေတာဖြစ်ပြီး တစ်ရွာပြီးတစ်ရွာ စစ်ဆေးတာ မီးရှို့တာတွေလုပ်ခဲ့သလို မြောင်PDF နဲ့ လည်း ပြီးခဲ့တဲ့ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
မြောင်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Zalen
ဒါ့အပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တဲကြီးရွာကို ရဟတ်ယာဥ်တွေနဲ့တိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အဆောက်အဦးတွေ မီးလောင်ခဲ့သလို အနီးအနားက ကျေးရွာတွေက ရွာသားတွေလည်း ရွာတွေကနေ ထွက်ပြေးပြီး စစ်ရှောင်နေခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာလည်း ကလေးမြို့အနောက်တောင်ဘက် သုံးအိမ်စုရွာက လူနေအိမ် ၄လုံးမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်
စစ်ကြောင်းတွေထိုးနေတဲ့ ကလေးမြို့ အနောက်တောင်ပိုင်းက ရွာတွေက ရွာသားတွေ ထွက်ပြေးနေရသလို ကလေးမြို့ပေါ်မှာလည်း မကြာခဏ ဖောက်ထွင်းခံရတာတွေ ရှိနေတဲ့အတွက် လုံခြုံရေး ကင်းမဲ့နေတယ်လို့ ကလေးဒေသခံတယောက်က ပြောပြပါတယ်။
ကလေးမြို့မှာ ညပိုင်းဆိုရင် ပစ်ခတ်သံတွေ ကြားနေရပြီးတော့ ကလေးမြို့ အနောက်တောင်ဘက်က တာဟန်း တောင်ဖီလာ ရပ်ကွက်နဲ့ စီးစံ ရွာတွေဘက်က ဒေသခံတွေဟာ ကလေးမြို့ဘက် စစ်ရှောင်ရောက်နေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း အရာတော်မြို့ဘက်မှာလည်း စစ်ကြောင်းထိုးတိုက်ခိုက်မှု တွေရှိသလို ရွာတွေ မီးရှို့ခံရတာရှိပြီး အချို့မြို့နယ်နဲ့ ကျေးရွာတွေမှာ တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။








