မြန်မာမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု လုံးဝမရှိတော့တဲ့ ကဏ္ဍတွေကို ဆန်းစစ်ထုတ်ပြန်

ရေးသားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု၀င်ရောက်မှု တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး အာဏာသိမ်းတစ်နှစ်ကျော်ကာလမှာတော့ ပြည်ပရင်းနှီးမြှုပ်နှံမှု လုံးမရှိတော့တဲ့ ကဏ္ဍတွေ ရှိလာပါတယ်။

အာဏာသိမ်းကာလ တစ်နှစ်ကျော်အကြာ ၂၀၂၂ ပထမလေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံး၀ ၀င်ရောက်မှု မရှိတဲ့ လုပ်ငန်းတွေကတော့ ဆောက်လုပ်ရေး၊ ရေနံနှင့် သဘာ၀ဓာတ်ငွေ့၊ စက်မှုဇုန်များ၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး တို့ ဖြစ်တယ်လို့ ISP Myanmar က စစ်ကောင်စီရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ကိုးကားပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပထမလေးလပတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၀င်ရောက်မှုက အမေရိကန်ဒေါ်လာ ၂.၁ ဘီလီလျံကျော် ရှိခဲ့ပြီး အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီတစ်လတည်းမှာတင် ပြည်ပရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိခဲ့တာပါ။

ဒါပေမဲ့ အာဏာသိမ်းကာလ တစ်နှစ်အကြာ ၂၀၂၂ အရောက်မှာတော့ ပထမ လေးလပတ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော်သာ ၀င်ရောက်ခဲ့ပြီး ၃ နှစ်အတွင်းမှာ အနည်းဆုံး ပမာဏ ဖြစ်လာတယ်လို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က မေ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုအခြေအနေကြားမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်‌ရောက်တာအများဆုံးက အာဆီယံနိုင်ငံတွေနဲ့ ၊ဟောင်ကောင်၊ တရုတ်တို့ဖြစ်ပြီး တရုတ်က တတိယနေရာမှာရှိနေတယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၅၄ ရာခိုင်နှုန်းအထိရှိပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုက ၁၃ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ဒီလေးလတာကာလမှာ အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံး၀ မဝင်တဲ့ လုပ်ငန်းတွေလည်း ရှိနေတဲ့အတွက် လုပ်ငန်းရှင် စီးပွားရေးသမားတွေမှာလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

မြန်မာနိုင်ငံက စက်မှုဇုန်မှာ လာရောက်လုပ်ကိုင်ဖို့ ပြင်ဆင်ထားတဲ့ အိမ်နီးချင်းနိုင်ငံက လုပ်ငန်းတချို့ အကြပ်တွေ့နေတာမျိုးတွေ ရှိတဲ့အကြောင်း စတာတွေကိုလည်း လုပ်ငန်းရှင်တချို့က ပြောပြပါတယ်။

လုံဝ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့ ကဏ္ဍတွေရှိသလို အဲဒီလေးလအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့တဲ့ ကဏ္ဍတွေကတော့ အခြားဝန်ဆောင်မှုများ၊ ကုန်ထုတ်လုပ်ရေး၊ အိမ်ခြံမြေ၊ စွမ်းအင်နဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းတွေဖြစ်ပြီး ဒီကဏ္ဍတွေမှာ အများဆုံး အမေရိကန်ဒေါ်လာ ၂၁၃သန်းကနေ ၁၂၂ သန်း၊၃၈ သန်း၊ ၁၇ သန်းနဲ့ အနည်းဆုံး၁၅ သန်းအထိ အသီးသီး ဝင်ရောက်ခဲ့တယ်ဆိုပြီး ISP Myanmar ရဲ့ လေ့လာဆန်းစစ်မှုမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေထဲက တစ်ခုဖြစ်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဆက်ပြီး ကျဆင်းနေမယ်၊ ရင်းနှီးမြှုပ်နှံမှု လုံးဝ မရှိတဲ့ ကဏ္ဍတွေ များလာမယ်ဆိုရင် ရေရှည်မှာ ဘယ်လို အကျိုးဆက်တွေ ရှိလာနိုင်လဲဆိုတာကို အလုပ်သမားအရေးဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက အခုလို ပြောပြပါတယ်။

"အလုပ်ကရှားပြီး အလုပ်သမားတွေတအားများလာတဲ့အခါကျတော့ လုပ်ငန်းခွင်မှာ လုပ်ချင်လုပ်၊ မလုပ်ချင်ထွက်သွားဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်တယ်။ နောက်တစ်ခုက အလုပ်သမားတွေက အလုပ်အကိုင် အာမခံချက် ဘာမှ မရှိတာ" လို့ ပြောပါတယ်။

"အခု စက်ရုံပိတ်တဲ့ အလုပ်သမားတွေ အကုန်လုံးက ဒူဘိုင်းတို့၊ ထိုင်းတို့မှာ အောက်လမ်းကနေ သွားတယ်၊ ဟိုရောက်တော့ အဖမ်းခံရတယ်။ ...စနစ်ဆိုးအောက်မှာ စားဝတ်နေရေး အခက်အခဲ၊ အကြပ်အတည်းတွေ ဖြစ်ပေါ်နေတယ်" လို့ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီကို အမေရိကန်၊ ယူကေနဲ့ ဥရောပ သမဂ္ဂ အပါအ၀င် ပြည်ပနိုင်ငံတချို့က ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားသလို စစ်ကောင်စီထံ ရေနဲ့သဘာ၀ဓာတ်ငွေ့ကရမယ့် ၀င်ငွေတွေ မစီးဆင်းစေဖို့ စစ်အာဏာသိမ်းဆန့်ကျင်သူတွေရဲ့ လှုပ်ရှားမှုတွေလည်း ဆက်တိုက်ရှိနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အရင်ကတည်းက နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ တိုတယ်လ်နဲ့ ရှက်ဗရွန်လို ကုမ္ပဏီကြီးတွေအပါအဝင် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍက ကုမ္ပဏီကြီးတွေလည်း မြန်မာနိုင်ငံက တောက်လျှောက်ထွက်ခွာနေကြရာမှာ ပြီးခဲ့တဲ့ လပိုင်းမှာလည်း စွမ်းအင်လုပ်ကွက်တချို့ကနေ အရှေ့တောင်အာရှ ကုမ္ပဏီကြီးတွေပါ ထွက်ခွာသွားကြမယ့်အကြောင်း ထုတ်ပြန်လာကြပါတယ်။

အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်နေကြတဲ့ နိုင်ငံဖြတ်ကျော် စီမံကိန်းကြီးတွေကိုတော့ လမ်းမကြီးတွေ၊ ဆိပ်ကမ်းတွေ တည်ဆောက်ရေးတွေ ပါဝင်တဲ့ မြန်မာနိုင်ငံပါဝင်တဲ့ စီမံကိန်းကြီးတွေ ဆက်လက်ဖွံ့ဖြိုးရေးကို တခြားစီမံကိန်းဝင်နိုင်ငံတွေ အချင်းချင်း ဆွေးနွေးနေကြတာကို တောက်လျှောက်တွေ့မြင်နေရပါတယ်။