ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူထက် ၂ ဆ ကျယ်ဝန်းမယ့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလိုကြသူများ
- ရေးသားသူ, စိုးစိုးထွန်း
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
စင်္ကာပူနိုင်ငံ အရွယ်အစားထက် ၂ ဆ ကျယ်ဝန်းမှာ ဖြစ်တဲ့ မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဘက် ကမ်းက ကြည့်မြင်တိုင်၊ တွံတေး၊ ဆိပ်ကြီးခနောင်တို မြို့နယ်တွေမှာ တည်ဆောက်ဖို့ ရန်ကုန်တိုင်းအစိုးရက ပြင်နေပြီး အကျိုးတူ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားကုမ္ပဏီတွေကလည်း လုပ်ကိုင်ခွင့်ရရေး အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
အသစ်ပြဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရလည်း မြို့သစ်စီမံကိန်းတည်ဆောက်မယ့် မြေဧရိယာထဲပါတဲ့ တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေဟာ ဖွံဖြိုးမှုအသင့်အတင့်ရှိတဲ့ဇုန်ထဲပါတာကြောင့် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေဟာ ၅ နှစ်စာ အခွန်ကင်းလွတ်ခွင့်ရကြမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာ တရုတ်အစိုးရ China Communications and Construction Company (CCCC) နဲ့ စင်္ကာပူAECOM ကုမ္ပဏီ ၂ ခုကတော့ မြို့သစ်စီမံကိန်းကို ဘယ်လိုဘယ်ပုံ အကောင်အထည်ဖော်မယ်ဆိုတဲ့ အပြီးသတ် အဆင့် မာစတာပလန်တွေနဲ့ အကျိုးအမြတ်ခွဲဝေယူမယ့် ပုံစံတွေကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုင်းအစိုးရကို တင်ပြနေခဲ့ပါတယ်။
တရုတ် CCCC ကုမ္ပဏီရဲ့ အဆိုပြုချက်မှာတော့ စီမံကိန်းပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော် ကုန်ကျဖို့ မျှော်မှန်းထားပြီး အဲ့ဒီအဆင့်မှာ ရွာမြို့နယ် ၅ ခု၊ တံတား ၂ စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်း တွေ၊ ၁၀ စတုရန်းကီလိုမီတာရှိတဲ့ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်ရုံတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ 'မြေဧက ၂ သောင်းကျော်မှာ တည်ဆောက်မယ့် မြို့သစ်စီမံကိန်းမှာ အစိုးရက ဧက ၁၆၀၀၀ မြေအကျယ်အဝန်းရပါမယ်၊ ဒီမြေပေါ်က ပေါ်ထွန်းလာမယ့် အကျိုးအမြတ်တွေဟာ ရန်ကုန်မြို့ဟောင်း ကို ကယ်တင်နိုင်မှာပါ' လို့ တရုတ် CCCC ကုမ္ပဏီရဲ့ မြို့သစ်စီမံကိန်း အပြီးသတ်အဆင့် မာစတာပလန် ရှင်းပြတဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် စီမံကိန်းနေရာတွေမှာ ဒေသခံတွေကို မြေယာလျော်ကြေး ဘယ်လောက်ပမာဏပေးမယ်ဆိုတာနဲ့ အစိုးရနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေကြား အကျိုးအမြတ်ခွဲဝေယူမယ့်ပုံစံတွေကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိတိပပ မပြောခဲ့ ပါဘူး။
ရန်ကုန်တိုင်းအစိုးရဟာ ရန်ကုန်မြို့သစ်ဖွံဖြိုးရေးကုမ္ပဏီလီမိတက် (NYDC)ကို ဖွဲ့စည်းထားပြီး အဲ့ဒီမှာ တိုင်းအစိုးရ လျှစ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဌ၊ Yoma Strategic Holdings က မစ္စတာဆာ့ချ်ပန် (ခေါ်) ဦးသိမ်းဝေက အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားပါတယ်။
တကယ်တော့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပြီးခဲ့တဲ့ အစိုးရလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ရန်ကုန်မြို့ပြ ဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်း(၂၀၄၀) ရဲ့ စီမံကိန်း ၇ ခုထဲက ဒုတိယဦးစားပေးအဆင့်ရှိတဲ့ စီမံကိန်းပါ။
ဒီစီမံကိန်းကို ၂၀၁၄ တုန်းက ရန်ကုန်တိုင်းလွှတ်တော်မှာ အဲ့ဒီတုန်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက တင်သွင်းခဲ့ပေမယ့် ဒီနောက်တော့ စီမံကိန်းဟာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် စီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။
ဒါပေမယ့်လည်း စီမံကိန်းကို အရင်တိုင်းအစိုးလွှတ်တော်မှာ အတည်ပြုခဲ့ပြီး ပြည်တွင်းကုမ္ပဏီ ၃ ခု ဖြစ်တဲ့ ရန်ကုန်အနောက်တောင်ဒေသဖွံဖြိုးရေး အများနဲ့သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development ကုမ္မဏီနဲ့ ရွှေပုပ္ပားဆောက်လုပ်ရေးကုမ္ပဏီတို့က တင်ဒါချပေးခဲ့ပါတယ်။
လက်ရှိအစိုးရကတော့ ဒီတင်ဒါတွေကို ဖျက်သိမ်းပြီးတော့ မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတွေကို တင်ဒါပြန်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။
ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက 'ဒီမြို့သစ်စီမံကိန်းဟာ ပြီးခဲ့တဲ့အစိုးရက ဆုံးဖြတ်ခဲ့တာကို ဆက်လုပ်တာလို့ တိုင်းအစိုးရကပြောနေပါတယ်၊ ဒါပေမယ့် စီမံကိန်းတင်ဒါတွေကို ပြန်ခေါ်တယ်၊ စီမံကိန်းလုပ်မယ့် မြေဧရိယာ အကျယ်အဝန်းကလည်း ပြောင်းသွားတယ်၊ ဒါတွေကို လွှတ်တော်မှာ ပြန်ဆွေးနွေးပြီ အတည်ပြုဖို့ လိုပါတယ်' လို့ ပြောပါတယ်။
တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ပြီးခဲ့တဲ့ အစိုးရက အတည်ပြုခဲ့ တင်ဒါအောင်ပြီးသား ကုမ္ပဏီ ၃ ခုကို တင်ဒါ ပြန်ဖျက်လိုက်တာဆိုတာကို ဝန်ခံပါတယ်။
'ကျွန်တော်တို့ ဘာအပေးအယူမှ မရှိပါဘူး၊ မြို့သစ်စီမံကိန်းဟာ အလွန်ကြီးမားပြီး ခက်ခဲလွန်းသလို ပြန်လည် နေရာချထားရေး ကိစ္စတွေလည်းပါတဲ့အတွက် ကုမ္ပဏီ ၃ ခုက သဘောတူလက်ခံပြီး ဒီတင်ဒါကို ဖျက်သိမ်းခဲ့တာပါ' လို့ တရုတ် CCCC ကုမ္ပဏီရဲ့ မြို့သစ်စီမံကိန်းအပြီးသတ်အဆင့် အစီစဉ်ရေးဆွဲထားတဲ့ အချက်အလက်တွေရှင်းပြတဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
'တင်ဒါသစ်ခေါ်ယူရမှာ ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော်နဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ ကုမ္ပဏီတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင်တောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ ဖြစ်စေ ဝင်ရောက်ကူညီမှာ မဟုတ်ဘူး' လို့ ရန်ကုန်မြို့သစ်ဖွံဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် မစ္စတာဆာ့ချ်ပန်က ပြောပါတယ်။
အရင်အစိုးရလက်ထက်တုန်းက တိုင်းအစိုးရလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ရန်ကုန်စောင့်ကြည့်လေ့လာရေး အဖွဲ့ကို တည်ထောင်သူလည်းဖြစ်တဲ့ ဒေါက်တာညိုညိုသင်းကတော့ မြို့သစ်စီမံကိန်းကို တရုတ် CCCC ကုမ္ပဏီက အဆိုပြုတဲ့ပုံစံအတိုင်း သွားဖို့ ပြင်နေတာကို လက်မခံနိုင်ပါဘူးလို့ ပြောပါတယ်။
'ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေဟာ စီမံကိန်းမှာပါတဲ့ မြေတွေကို ဈေးပေါပေါနဲ့ နစ်နာကြေးပေး၊ ပြီးတော့ စီမံကိန်းမြေ တစ်ဧကကို သိန်း ၂ ထောင်ကျော်နဲ့ ပြန်ရောင်းမှာဆိုတော့ ဒေသခံတွေက အဲ့ဒီစီမံကိန်းနေရာနားတောင် ကပ်နိုင်မှာ မဟုတ်ဘူး၊ တိုင်းဒေသကြီးအစိုးရအနေနဲ့ ၅ နှစ် ၁၀ နှစ် အချိန်ကာလကို မကြည့်ဘဲ နောက်ထပ် အနှစ် ၃၀ ကျရင် ဘယ်လိုဖြစ်နေမလဲဆိုတာကို ထည့်တွက်ဖို့ လိုပါတယ်' လို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
တိုင်းအစိုးရကတော့ နောင်လာမယ့် ၁၀ နှစ်အတွင်းမှာ လူဦးရေ ၁၀ သန်းအထိ ရှိလာမယ့် ရန်ကုန်လူဦးရေအတွက် မြို့သစ်စီမံကိန်းဟာ အလုပ်အကိုင်ပေါင်း ၂ သန်း ဖန်တီးပေးမှာဖြစ်သလို ဒေသခံစီးပွားရေးလုပ်ငန်းတွေကိုလည်း အထောက်အကူ ပြုပေးမယ်လို့ မျှော်လင့်နေပုံ ရပါတယ်။
တကယ်တမ်းမှာလည်း အလားအလာကောင်းတွေ အများကြီးရှိတဲ့ မြို့သစ်စီမံကိန်းမှာ လွှတ်တော်အမတ်တချို့နဲ့ ဒေသခံတွေက မေးခွန်းထုတ်နေတဲ့ အငြင်းပွားဖွယ်ရာ အချက်တွေကို တိုင်းအစိုးရက ညှိနှိုင်းဆောင်ရွက်ပေးပြီး အသေးစိတ်လေ့လာမှုတွေ၊ ဖြစ်နိုင်ခြေ ဆန်းစစ်မှုတွေနဲ့ စီမံကိန်းကို အချိန်ယူ စတင်မယ်ဆိုရင် ပြဿနာတွေ တော်တော်များများကို ဖြေရှင်းနိုင်မယ်လို့ သုံးသပ်ရပါတယ်။