ကိုဗစ်ရောဂါကူးစက်နေတဲ့ မြောက်ကိုရီးယားမှာ လူတစ်သန်းကျော် ဖျားနာနေ

မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းမှာ  ပိုးသတ်ဆေးတွေဖျန်း  မျက်နှာပြင် သန့်ရှင်းရေးတွေလုပ်နေကြတာကို တွေ့ရ
ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းမှာ  ပိုးသတ်ဆေးတွေဖျန်း  မျက်နှာပြင် သန့်ရှင်းရေးတွေလုပ်နေကြတာကို တွေ့ရ
ရေးသားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သူ့နိုင်ငံအတွင်းမှာ ကိုဗစ် ရောဂါ ဖြစ်ပွားမှုတွေ ကြီးထွားလာတဲ့အတွက် ကျန်းမာရေးတာဝန်ရှိတဲ့သူတွေကို အပြစ်တင်ဝေဖန်ခဲ့ပြီး ဆေးဝါးဖြန့်ဝေတဲ့နေရာတွေမှာ စစ်တပ်က အကူအညီပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ပြုံယမ်းက လူတွေက အဖျားရောဂါလို့ ခေါ်တဲ့ ရောဂါကူးစက်ခံရသူ အရေအတွက်ကလည်း တစ်သန်းကျော်နေပြီလို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ထုတ်ပြောပါတယ်။

သေဆုံးတာ လူ ၅၀လောက်ပဲ ရှိတယ်ဆိုပေမယ့် ရောဂါပိုးကူးစက်ခံရတဲ့ သံသယရှိ သူတွေထဲမှာ ကိုဗစ်ပိုးရှိတဲ့သူ ဘယ်လောက်ရှိနေတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုရီးယားမှာ ရောဂါပိုးရှိမရှိ စမ်းသပ်နိုင်စွမ်းက အကန့်အသတ် ရှိနေတာကြောင့် ရောဂါကူးစက်မှုရှိတဲ့သူ အနည်းငယ်ကိုသာ အတည် ပြုနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ညံ့ဖျင်းတာတွေကြောင့် မြောက်ကိုရီးယားနိုင်ငံသားတွေကို ကိုဗစ်ရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေတွေကလည်း အများကြီးရှိပါတယ်။ အခုအချိန်မှာ မြောက်ကိုရီးယား တစ်နိုင်ငံလုံးကို လော့ဒေါင်းချထားပါတယ်။

ဒီသီတင်းပတ်ကုန်က သူကိုယ်တိုင်ဦးဆောင်ကျင်းပခဲ့တဲ့ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ ကင်ဂျုံအန်က သိမ်းထားတဲ့ အရန်ဆေးတွေကို လွဲလွဲချော်ချော် ဖြန့်ဖြူးခဲ့တယ်လို့ တာဝန်ရှိတဲ့ အစိုးရဝန်ထမ်းတွေကို စွပ်စွဲခဲ့တဲ့အကြောင်း အစိုးရပိုင် မီဒီယာမှာ ဖော်ပြပါတယ်။

ပြုံးယမ်းမြို့ကို ဆေးဝါးထောက်ပံ့မှု ချက်ချင်းအအမြန်ရစေဖို့ စစ်တပ်ဆေးတပ်ဖွဲ့က အစွမ်းထက်မြက်တဲ့အဖွဲ့တွေ ဝင်ကူကြဖို့ကိုလည်း သူက အမိန့်ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ရောဂါဗိုင်းရပ်စ်ပိုးက အချိန်အတန်ကြာအစောပိုင်းကတည်းက ပျံ့နေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားပေမယ့် မြောက်ကိုရီးယားအစိုးရဘက်ကတော့ ကိုဗစ်စဖြစ်ပြီလို့ ပြီးခဲ့တဲ့အပတ်ကမှ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ခေါင်းဆောင်ကင်ဂျုံအန်က ကိုဗစ်ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ဖို့ လော့ဒေါင်းချတာနဲ့ လုပ်ငန်းခွင်တွေမှာ လူစုလူဝေးလုပ်တာတွေ ကန့်သတ်တာတွေအပါအဝင် အမြင့်ဆုံးအ ရေးပေါ် အခြေအနေတွေ ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းက မြောက်ကိုရီးယားကို သန်းနဲ့ချီတဲ့ အက်စတာဇနက်ကာ ကိုဗစ်ကာကွယ်ဆေးနဲ့ တရုတ်လုပ် ကာကွယ်ဆေးတွေ ထောက်ပံ့ပေးဖို့ မနှစ်က ကမ်းလှမ်းခဲ့ပေမဲ့၂၀၂၀ခုနှစ် ဇန်နဝါရီလ အစောပိုင်း ကတည်းက နယ်စပ်တွေကို ပိတ်ပြီး ကိုဗစ်ကို ထိန်းချုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရဘက်က အခိုင်အမာ တုံ့ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုးရီးယားနဲ့ တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံဖြစ်ပြီး အဲ့ဒီနှစ်နိုင်ငံမှာလည်း ကိုဗစ်ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်နေရပါတယ်။

တရုတ်နိုင်ငံက အကြီးဆုံးမြို့တွေမှာလည်း လော့ဒေါင်းတွေချပြီး အိုမီခရွန် ရောဂါလှိုင်းလုံးကြီးကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန် ကြိုးစားနေရပါတယ်။

ကာကွယ်ဆေးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ အပါအဝင် လိုအပ်တာတွေကို မြောက်ကိုရီးယားက အကူအညီတောင်းလာရင် လိုအပ်သလောက် ပို့ပေးမယ်လို့ တောင်ကိုရီးယားက ကမ်းလှမ်းထားပါတယ်။

စနေနေ့မှာလည်း ကင်ဂျုံအန်က ကိုဗစ် ရောဂါပိုး အလျင် အမြန်ပြန့်ပွားနေတာ နဲ့ပတ်သက်ပြီး"ကပ်ဘေးကြီး"လို့ အမည်တပ် ခေါ်ဆိုခဲ့ပါတယ်။

"ဆိုးဆိုးရွားရွား ကပ်ရောဂါပျံ့နှံ့မှု စတင်ချိန်ကစပြီး အကြီးမားဆုံး မငြိမ်သက်မှုတွေ နိုင်ငံမှာ ကျရောက်လာနိုင်တယ်" ဆိုပြီး ကင်ဂျုံအန်ကပြောတဲ့စကားကို KCNA သတင်းဌာနက တာဝန်ရှိသူတစ်ဦးက ကိုးကားဖော်ပြခဲ့ပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားမှုက ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေတဲ့အပြင် မြောက်ကိုရီးယားက အစားအသောက် ထုတ်လုပ်မှုအတွက်လည်း စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဆိုးရွားတဲ့ အငတ်ဘေးဒဏ်ကို ခံစားခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာလည်း နိုင်ငံ လူဦးရေ၂၅သန်းအနက် ၁၁သန်းက အာဟာရချို့တဲ့မှုတွေ ဖြစ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ခန့်မှန်းထားပါတယ်။

စိုက်ပျိုးရေးသမားတွေ စိုက်ခင်းထဲကို မသွားနိုင်တော့ရင် သက်ရောက်မှုတွေ အလွန်ဆိုးရွားလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

လက်ရှိ မြောက်ကိုရီးယားနိုင်ငံရဲ့အခြေအနေက ၂၀၂၀ခုနှစ်အစောပိုင်းတုန်းက ကမ္ဘာ့နေရာအများစု ကြုံရတဲ့အခြေအနေကို ပြန်ရောက်သွားပုံရပါတယ်။ ကိုဗစ်ရောဂါပိုးက ကာကွယ်ဆေးမထိုးရသေးတဲ့ လူတွေကတစ်ဆင့် အလျင်အမြန် ကူးစက်ပျံ့နှံ့နေပြီး ခုခံမှုစနစ်ရဖို့ တည်ဆောက်ထားတာလည်း မရှိတဲ့အတွက် ဗိုင်းရပ်စ်ကို ကုသဖို့ ရွေးချယ်စရာတွေက အကန့်အသတ်ရှိနေပါတယ်။

အခြားနိုင်ငံတွေနဲ့မတူတဲ့ ခြားနားချက်အနေနဲ့ ကိုဗစ်ရောပိုးကာကွယ်တားဆီးဖို့ မြောက်ကိုရီးယားမှာ ပြင်ဆင်ဖို့အချိန်ရှိခဲ့ပေမယ့် လုပ်ဆောင်သင့်တာတွေကို အနည်းငယ်ပဲ လုပ်ဆောင်ခဲ့ပုံရပါတယ်။လုပ်ရမယ့် နည်းလမ်းတွေအစား နိုင်ငံတွင်းကို ဗိုင်းရပ်စ်ပိုးမဝင်အောင် နိုင်ငံကိုပိတ်ထားဖို့ နည်းဗျူဟာကိုပဲ အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။

အရင်တုန်းကဆို ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူးလို့တောင် ငြင်းဆိုခဲ့တာပါ။ ဒါပေမဲ့ အခုချိန်မှာ လိုအပ်လာပြီဖြစ်ပေမယ့် အချိန်မမှီတော့တဲ့အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်။ အရေးပေါ် ဦးစားပေးအနေနဲ့ ရောဂါခံစားနေရတဲ့သူတွေကို ကုသဖို့ ဗိုင်းရပ်စ် တိုက်ဖျက်ရေးဆေးဝါးတွေ နိုင်ငံတွင်းကို ရောက်လာဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။

ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ဆိုရင် အကူအညီပေးတာကို မြောက်ကိုရီးယားဘက်က လက်ခံရမှာဖြစ်ပြီး အခုအချိန်ထိတော့ သူတို့ဘက်က တစ်စုံတစ်ရာ အကူအညီတောင်းတာတွေ မရှိသေးပါဘူး။ ကာကွယ်ဆေးနဲ့ အကူအညီတွေပေးဖို့ တောင်ကိုရီးယားက ကမ်းလှမ်းထားတာကိုလည်း ပြန်ဖြေကြားတာမရှိသေးပါဘူး။

တောင်ကိုးရီးယားက ကမ်းလှမ်းတဲ့အကူအညီကို မြောက်ကိုရီးယားက လက်ခံနိုင်မယ့်အခြေအနေမရှိပါဘူး။ တောင်ကိုးရီးယားက ကူညီမယ့် ပစ္စည်းတွေကို ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေက တစ်ဆင့် အကူအညီပေးမယ်ဆိုရင်တော့ လက်ခံဖို့ ဖြစ်နိုင်ခြေရှိပါတယ်။

ထောက်ပံ့ရေးနဲ့ ဆေးဝါးကုသမှု အကူအညီတွေကို လက်ခံမယ်ဆိုရင် လူတွေကို နိုင်ငံတွင်းကို ဝင်ခွင့်ပြုပြီး စီမံခန့်ခွဲခွင့် အချို့ပါပေးရမှာ ဖြစ်တဲ့အတွက် မြောက်ကိုရီးယားအနေနဲ့ ဒီအစီအစဥ်ကို လက်ခံဖို့ ခက်ပါတယ်။ဒါပေမဲ့ နေ့စဉ်သေဆုံးမှုနဲ့ ‌ရောဂါပိုးကူးစက်မှုတွေ မြင့်လာနေတဲ့အချက်တွေက အကူအညီကို လက်ခံနိုင်လာတဲ့ အခြေအနေဖြစ်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။