ကိုဗစ်ကူးစက်မှု စတွေ့တဲ့မြောက်ကိုရီးယားမှာ တင်းကျပ်တဲ့လော့ဒေါင်းချပြီ

မြောက်ကိုရီးယားဟာ ပြည်တွင်းကို ကိုဗစ်ကူးစက်မှုမရှိလာအောင် နယ်စပ်တွေ ပိတ်ခဲ့တာ ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KIM WON JIN

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားဟာ ပြည်တွင်းကို ကိုဗစ်ကူးစက်မှုမရှိလာအောင် နယ်စပ်တွေ ပိတ်ခဲ့တာ ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ဖြစ်ပါတယ်။
ရေးသားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံမှာတော့ နိုင်ငံအတွင်းမှာ ကိုဗစ်ကူးစက်မှု ပထမဆုံး တရားဝင်အတည်ပြုနိုင်ပြီးနောက်မှာ နိုင်ငံတဝှန်း တင်းကျပ်တဲ့အသွားအလာကန့်သတ်ပိတ်ပင်မှု(လော့ခေါင်း)ချလိုက်ပြီဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကတော့ ကိုဗစ်မျိုးကွဲ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုပျံ့နှံ့မှုတစ်ခုကို မြို့တော်ပြုံရမ်းမှာတွေ့ရှိထားတယ်လို့သတင်းဖော်ြပပေမဲ့ ကူးစက်ခံရသူ ဘယ်နှဦးရှိတယ်ဆိုတာတော့ မပြောထားပါဘူး။

နိုင်ငံပိုင်မီဒီယာ ကေစီအန်အေကတော့ နိုင်ငံရဲ့ ''ရှေ့တန်းရောဂါကူးစက်မှုထိန်းချုပ်ရေးနေရာ''မှာ ''အကြီးမားဆုံးအရေးပေါ် ကူးစက်မှု'' ဖြစ်ခဲ့တာဖြစ်ပြီး ခေါင်းဆောင်ကင်ဂျုံအွန်းဟာ နိုင်ငံတဝှန်း ရောဂါကူးစက်မှုတုံ့ပြန်ရေးပြင်ဆင်ဖို့ အရေးပေါ် ဆွေးနွေးမှုလုပ်ထားပြီးပြီလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ ဗိုင်းရပ်စ်ပိုးဟာ ‌မြောက်ကိုရီးယားနိုင်ငံထဲရောက်နေတာ ကြာနှင့်နေပြီးဖြစ်တယ်လို့ ယူဆကြပါတယ်။

ရောဂါထိန်းချုပ်ရေးတွေကို အစောပိုင်းကတည်းက ပြုလုပ်နေတာဖြစ်ပေမဲ့ မြောက်ကိုရီးယားထဲကို ဗိုင်းရပ်စ် ဝင်ရောက်နေပြီဆိုတဲ့လက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KIM WON JIN

ဓာတ်ပုံ ပုံစာ, ရောဂါထိန်းချုပ်ရေးတွေကို အစောပိုင်းကတည်းက ပြုလုပ်နေတာဖြစ်ပေမဲ့ မြောက်ကိုရီးယားထဲကို ဗိုင်းရပ်စ် ဝင်ရောက်နေပြီဆိုတဲ့လက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ကိုဗစ်ကာကွယ်ဆေးနဲ့ အက်စတာဇနီကာ ကိုဗစ်ကာကွယ်ဆေး သန်းချီကို နိုင်ငံတကာကလှူဒါန်းမယ့်ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ပြီးခဲ့တဲ့နှစ်တုန်းက ပယ်ချထားတာကြောင့် နိုင်ငံထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှုန်းလည်း ကျဆင်းနေလို့ နိုင်ငံထဲက လူဦးရေ ၂၅ သန်းဟာ ‌ရောဂါပိုးကူးစက်နိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကျဆင်းနေတာကလည်း စိုးရိမ်စရာတွေရှိနေတာပါ။

‌မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်ကူးစက်မှုတိုက်ဖျက်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ထိစပ်နေတဲ့နယ်စပ်တွေ ပိတ်တာကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီကလည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ‌မြောက်ကိုရီးယားဟာ ရောဂါကာကွယ်ဖို့ အလားတူပြုလုပ်တဲ့ပထမဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

ဒါပေမဲ့ ဒီလိုပြုလုပ်တာကြောင့် ‌ နိုင်ငံအတွင်းကို ဝင်ရောက်တဲ့ လိုအပ်တဲ့ထောက်ပံ့ပစ္စည်းတွေလည်း ရပ်တန့်သွားခဲ့လို့ အစားအသောက်ပြတ်တောက်မှုကိုလည်း ဦးတည်စေခဲ့ပါတယ်။

ကေစီအန်အေ သတင်းဌာနကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် အမြင့်ဆုံးအပေါ် အခြေအနေ ကြေညာထားတာကြောင့် အဲဒီထဲမှာ သက်ဆိုင်ရာဒေသတွင်းမှာ လော့ဒေါင်း ချတာတွေနဲ့ လုပ်ငန်းခွင်မှာ လူမထူထပ်တော့အောင် ကန့်သတ်တာတွေလည်း ပါဝင်နိုင်ချေရှိနေပါတယ်။

နိုင်ငံအတွင်း ကိုဗစ်မျိုးကွဲ အိုမီခရွန်ဗိုင်းရပ်စ် ပထမဆုံးကူးစက်မှုကို မြို့တော်ပြုံရမ်းမှာ ပြီးခဲ့တဲ့ လေးရက်တုန်းက တွေ့ခဲ့တာလို့လည်း နိုင်ငံပိုင်သတင်းက ဆိုပါတယ်။

ပြုံရမ်းမြို့ခံတွေဟာ အခုလိုမကြေညာခင် ၂ ရက်လောက်ကတည်းက လော့ဒေါင်းချမှတ်ခံထားရပြီးနေပြီလို့ မြောက်ကိုရီးယားက အခြေအနေတွေကို စောင့်ကြည့်နေတဲ့ တောင်ကိုရီးယားကသတင်းဌာန NK News က ပြောပါတယ်။

တောင်ကိုရီးယားအစိုးရကတော့ အခုလို ဗိုင်းရပ်စ်ကူးစက်မှု အသစ်ဖြစ်လာတာကို တုံ့ပြန်နိုင်ဖို့ ‌မြောက်ကိုရီးယားဘက်ကို လူသားချင်းစာနာမှု အကူအညီပေးဖို့ ပြန်လည်ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်။ ပြုံရမ်းဘက်ကတော့ တစုံတရာ မတုံ့ပြန်သေးပါဘူး။

နိုင်ငံရေးအကဲခတ်တွေကတော့ ကိုဗစ်ပိုးကူးစက်မှုတွေ့တယ်ဆိုပြီး မြောက်ကိုရီးယားရဲ့ အခုကြေညာချက်ဟာ ထူးခြားသိသာပြီး အခုနှစ်အတွင်း ဂုဏ်ဖော်ထုတ်ပြောထားတဲ့ နိုင်ငံရဲ့ နျူကီးယားလက်နက်ပိုင်ဆိုင်မှုဆိုင်ရာအိပ်မက်ကို ယိမ်းပါးမှုဖြစ်စေနိုင်တယ်လို့ သုံးသပ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လေးနှစ်အတွင်း မစမ်းသပ်ခဲ့ရသေးတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းအပါအဝင် တားမြစ်ထားတဲ့ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု တစ်ဒါဇင်ကျော်ကို ပြုလုပ်ထားပါတယ်။

''မြောက်ကိုရီးယားဟာ ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို အာရုံစိုက်ဖို့အတွက် နျူကလီးယားစမ်းသပ်မယ့်အစီအစဥ်တွေကို နောက်ပို့ထားနိုင်ပါတယ်။ လူထုက ကြောက်လာမယ်ဆိုရင် အဲဒီအကြောက်တရားကို လမ်းကြောင်းပြောင်းဖို့ စမ်းသပ်တာကိုလည်း လုပ်လာနိုင်ပါတယ်'' လို့ မြောက်ကိုရီးယားအရေးလေ့လာမှုဆိုင်ရာတက္ကသိုလ်က ပါမေက္ခ ယန်မိုကျင်းက ပြောပါတယ်။

Ewha တက္ကသိုလ်က ပါမောက္ခ လိဖ် အဲရစ် အက်စလေကတော့ မြောက်ကိုရီးယားနိုင်ငံသားတွေဟာ ''နိုင်ငံကို လတ်တလော ခြိမ်း‌ခြောက်မှုက ပြည်ပစစ်တပ်ထက် ကိုရိုနာဗိုင်းရက်စ် ဖြစ်တယ်လို့ဆိုရင် ဒုံးကျည်စမ်းသပ်တာ ဒါမှမဟုတ် နျူကလီးယားစမ်းသပ်တာကို စိတ်ဝင်စားမှု နည်းသွားလိမ့်မယ်'' လို့ ပြောပါတယ်။‌

မြောက်ကိုရီးယားအတွင်းမှာ ကိုဗစ်ရောဂါပိုး ရောက်နှင့်နေပြီးဖြစ်တဲ့အခြေအနေ လက္ခဏာတွေကို ကပ်ဘေးကာလတစ်လျောက်လုံးတွေ့ခဲ့ရပေမဲ့ မြောက်ကိုရီးယားကတော့ နိုင်ငံအတွင်းမှာ ကိုဗစ် ကူးစက်မှုမရှိအောင်ထိန်းထားနိုင်တဲ့ အောင်မြင်မှုအလင်းတန်းရှိခဲ့တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ နိုင်ငံထဲက အရာရှိတစ်ချို့ကို ကိုဗစ်နဲ့ဆက်စပ်တဲ့ဖြစ်ရပ်တစ်ခုကြောင့် အပြစ်ပေးခဲ့တယ်ဆိုပြီး နိုင်ငံပိုင်သတင်းဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းမှာ သတင်းဖော်ပြခဲ့ပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မြောက်ကိုရီးယားက စစ်ရေးပြပွဲတစ်ခုမှာ ရောဂါကူးစက်မှုမရှိအောင်ဝတ်တဲ့ ဝတ်စုံတွေနဲ့ နှာခေါင်းစည်းတွေ တပ်ထားတဲ့ စစ်ကြောင်းတွေလည်း ထည့်သွင်းချီတက်စေခဲ့တာကြောင့် ဒါဟာ ကိုဗစ်ကူးစက်မှုကို တိုက်ဖျက်ဖို့ မြောက်ကိုရီးယားမှာ အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းခဲ့တဲ့ပြယုဂ်လို့ အကဲခတ်တွေက ပြောပါတယ်။

‌မြောက်ကိုရီးယားဟာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းကို ထိန်းချုပ်ဖို့ ရင်ဆိုင်နေရဆဲ တရုတ်နိုင်ငံအပြင် ကိုဗစ် ကူးစက်လှိုင်းတွေကို ရင်ဆိုင်နေရတဲ့တောင်ကိုရီးယားနိုင်ငံနဲ့လည်း နယ်စပ်ချင်း ထိစပ်နေပါတယ်။