မူးယစ်ဆေး ပေါ်ပေါ်တင်တင် သုံးစွဲမှုတွေကြောင့် မူးယစ်ရှင်းလင်းရေး ဒေသခံတွေ ကိုယ်တိုင်လုပ်ရ

ရေးသားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက်နေရာ တော်တော်များများမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ ပေါ်ပေါ်တင်တင် ရောင်းချတာ၊ သုံးစွဲတာတွေ ရှိလာပြီး နောက်ဆက်တွဲ လူသတ်မှုအထိ ရာဇဝတ်မှုတွေကိုပါ ကြုံတွေ့လာရပါတယ်။

ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ ဒေသခံတွေ ကိုယ်ပိုင်အစီအစဥ်တွေနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေးကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။

တခါတလေ လူမြင်ကွင်းမှာ အပ်တန်းလန်းနဲ့ သုံးနေတာတွေရှိပြီး မူးယစ်ဆေးကလည်း အလွယ်တကူရတာတွေရှိတယ်လို့ ဒီအခြေအနေတွေကို တွေ့မြင်နေရသူတွေက ပြောပါတယ်။

အခုလို အာဏာသိမ်းပြီးနောက်ပိုင်း ဆေးသုံးစွဲသူတွေများလာတာဟာ ဆေးကို စျေးပေါပေါနဲ့ရတဲ့အပြင် တချို့ ဆေးရောင်းသူတွေက မိတ်ခေါ်တဲ့အနေနဲ့ အခမဲ့ ပေးတာမျိုးတွေလည်းရှိတာကြောင့်ဖြစ်တယ်လို့ အရင်မူးယစ်ဆေးဝါးသုံးစွဲသူကနေ အခု ဆေးဖြတ်နေတဲ့ သူက သူ့ပတ်ဝန်ကျင်းအကြောင်းကို ပြောပြပါတယ်။

"ကျွန်တော်တို့ သုံးစွဲတုန်းကပေါ့ တစ်ဘူးကို (ကျပ်)ခုနှစ်ထောင်၊ ရှစ်ထောင် အရမ်းစျေးကြီးပြီးပေးမှ ရတာ။ ဒီအာဏာသိမ်းပြီး ကိုဗစ်ဖြစ်သွားတဲ့နောက်ပိုင်း အစိုးရက ဘယ်ဟာမှန်းလဲ ဘယ်သူမှန်းလဲမသိတဲ့ ဒီကြားကာလထဲမှာပေါ့ ဒီမူးယစ်ဆေးဝါးက အရမ်းကိုပေါလာတာ။"

"အခု ငါးရာ တစ်ထောင်နဲ့တောင်မှ ရလာတဲ့ အခြေအနေ ဖြစ်လာတယ်။ လူငယ်တွေလည်း အကုန်ပျက်စီးကုန်သလိုလို ကျွန်တော်က ခံစားရတယ် မြင်နေရတယ်။ ဒီထဲမှာပိုဆိုးတာက ကျွန်တော်တို့ တိုင်းရင်းသားတွေပေါ့နော်။ နောက်ပြီးကျွန်တော်တို့ ရပ်ကွက်ထဲမှာဆို အိမ်တိုင်းလိုလို ရှိတာ မူးယစ်သုံးတဲ့သူက။ ဒါကြောင့် ကျွန်တော်က ဒါမလုပ်မဖြစ်တဲ့အလုပ်ဆိုပြီး ဒါကို(ဆေးဖြတ်စခန်းသင်တန်း) လုပ်နေတယ်" လို့ လက်ရှိ အခြေအနေကို ပြောပါတယ်။

သူက ပြီးခဲ့တဲ့ အချိန်က မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး အခု ဆေးဖြတ်စခန်းကို ၆လကြာအောင် ဖွင့်လှစ်ထားပါတယ်။

ပြီးခဲ့တဲ့ ခြောက်လလောက်ကမှ မူးယစ်ဆေးဖြတ်စခန်းကို မဖွင့်ဖြစ်ဆိုပြီး ဖွင့်ခဲ့ကြောင်းနဲ့ ကိုယ်ယုံကြည်ရာ ဘုရားနှုတ်ကပတ်တော်နဲ့လည်း ဆေးဖြတ်စခန်းက သူတွေကို ပို့ချနေပြီးတခြားလက်မှုပညာတွေလည်း သင်ပေးတယ်လို့ သင်တန်းအကြောင်းကိုလည်း ပြောပြပါတယ်။

ခြောက်လအတွင်း သင်တန်းသား ၂၀ကျော် ရှိပေမဲ့ ထွက်ပြေးသူလည်း ရှိတာကြောင့် လောလောဆယ် အယောက်၂၀ပဲ ရှိတယ်လို့ ဆေးဖြတ်စခန်းတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။

ဆေးဖြတ်စခန်း တော်တော်များများဟာ ဝင်ကြေးနဲ့ လစဉ်ကြေးတွေ ကောက်ခံတာမျိုးတွေရှိပေမဲ့ များသောအားဖြင့် ပိုက်ဆံမထည့် နိုင်တဲ့သူတွေက ပိုများတယ်လို့လည်း ဆေးဖြတ်စခန်း တွေက ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ နေရာတချို့မှာ ဆေးသုံးစွဲသူတွေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာတယ်လို့လည်း ဒေသတွင်း သတင်းတွေက ဖော်ပြမှုတွေလည်း ရှိပါတယ်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ ပေါ်ရပ်ကွက် တစ်ခုဖြစ်တဲ့ ရမ်ပူရပ်ကွက်နေ ပြည်သူတွေကတော့ ရပ်ကွက် သန့်ရှင်းဖို့ရည်ရွယ်ချက်နဲ့ ဆေးသုံးစွဲသူတွေကို ရပ်ကွက်နေပြည်သူတွေပူးပေါင်းပြီး လိုက်လံမောင်းထုတ်သတိပေးတာတွေလုပ်နေတာတွေ ရှိပါတယ်။

"မနက် ၅ နာရီတစ်ကြိမ်မောင်းတယ်။ ညနေ ၆ နာရီတစ်ကြိမ်မောင်းတယ်။ ရပ်ကွက်နေသူတွေ အယောက် ၃၀ လောက်ပါတယ်။ ဆေးသမားမောင်းတဲ့ ရပ်ကွက်နေပြည်သူတွေက ဆိုင်ကယ် ၁၅စီး နဲ့ ဆိုင်ကယ်တစ်စီးကို လူ ၂ ယောက်နှုန်းနဲ့ ဆိုတော့ တစ်ခါတလေ ၃၀ကျော်တယ်။"

"ဆေးသမားတွေနဲ့ တွေ့ရင် ရောင်းတဲ့သူကို ၁၀ချက်ရိုက်တယ်။ သုံးစွဲသူကို ၅ချက်ရိုက်တာ။ အခုရပ်ကွက်က သန့်သွားပြီ။ ခါတိုင်းက ရပ်ကွက်ထဲမှာ ပွဲစျေးတန်းကြီးကျနေတာပဲ။ ရပ်ကွက်ထဲမှာ ဖိုးသမားမရှိတော့ဘူးလေ။ ဦးလေးတို့ကတော့ ရပ်ကွက်ထဲမှာဆိုတော့ ရပ်ကွက်သန့်ရှင်းရေးပေါ့လေ။ အပ်တွေလည်း မြင်လို့မှမကောင်းတာချည်းကို" လို့ ရမ်ပူရပ်ကွက်နေ ဆေးသုံးစွဲသူ ရှင်းလင်းရေးမှာပါဝင်နေသူက ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ မှာမူးယစ်ဆေးဖြတ်စခန်း ကျောင်း ၁၅ ကျောင်းလောက်ရှိပြီး တပြည်နယ်လုံးအတိုင်းအတာနဲ့ဆိုရင်ခန့်မှန်း မူးယစ်ဆေးဖြတ်စခန်း ၄၀လောက်ရှိနိုင်တယ်လို့ မူးယစ်ဆေးဝါးဆေးဖြတ်စခန်းဖွင့်ထားသူတွေက ပြောပါတယ်။

ဒါအပြင်ကချင်ပြည်နယ်မှာတော့ အခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေကို မြို့ပေါ်ရပ်ကွက်တချို့မှာ လွယ်ကူစွာနဲ့ မြင်တွေ့နိုင်သလို မူးယစ်ဆေးဝါးရဲ့ နောက်ဆက်တွဲ ကြောင့် ခိုး၊ဆိုး၊ လု၊နှိုက်တွေလဲ မကြာခဏဆိုသလို ကြားနေရပြီး မတ်လ ၂၄ ရက်မှာ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ လုယက်ဓားထိုးမှုဖြစ်ပြီး သံတိုသံစ လိုက်ဝယ်တဲ့ အမျိုးသမီးတစ်ယောက်သေဆုံးခဲ့တဲ့အပြင် ရမ်ပူရပ်ကွက် ထဲက ဆေးသမားတွေ မကြာခဏ နားနေတတ်တဲ့ အိမ်ရှင်မရှိတဲ့အိမ် မီးလောင်ခဲ့ပါတယ်။