တစ်နှစ်အကြာမှ CDM ကနေ အလုပ်ပြန်ဝင်သူတွေ အစမ်းခန့် ၃ လပြန်ခန့်ပြီး လစာ မရသူတွေရှိ

အာဏာသိမ်းစ ဆန္ဒြပ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမျးစမှဦ CDMလှုပျရှားမ၍အတှကျ ဆန္္ဒပြနေကြစ်
ရေးသားခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ယန္တရားတွေကို ရပ်တန့်စေဖို့ ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Civil Disobedience Movement ပြုလုပ်ကြရာမှာ နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိန်းချီ ပါဝင်ခဲ့ကြပါတယ်။

အစောဆုံး CDM ပြုလုပ်တဲ့အထဲမှာပါတဲ့ ဆေးဝန်ထမ်းတွေ၊ မီးရထားဝန်ထမ်းတွေ၊ ပညာရေး အသိုင်းအဝိုင်းတွေမှာလည်း တစ်နှစ်ကျော်ကြာ ပြီးတဲ့နောက် စားဝတ်နေရေး၊ လုံခြုံရေး စတဲ့ ပြဿနာတွေကြောင့် လုပ်ငန်းခွင်ကို ပြန်ဝင်ကြတာ တချို့လည်းတွေ့လာရပြီး လုပ်ခလစာ လုံးဝမရတာ၊ အပြည့်မရတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။

အာဏာသိမ်းပြီး တစ်လမပြည့်ခင်မှာဘဲ CDM လုပ်ခဲ့တဲ့ မန္တလေးတိုင်းက ဆရာဝန်တစ်ဦးကတော့ အခု ၂၀၂၂ ခုနှစ်မှာ ငွေရေးကြေးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြုံတွေရတာကြောင့် လုပ်ငန်းခွင်ကို ပြန်လည်ဝင်ခဲ့ပေမဲ့ ခံဝန်ထိုးရတာမျိုးကြုံရတယ်လို့ ဆိုပါတယ်။

ခံဝန်ချက်ထဲမှာတော့ နောက်အခါ မှာ နိုင်ငံရေးနဲ့ ဆက်နွှယ်တာတွေ မလုပ်ဆောင်ဖို့ ကတိပြုရတာတွေ ပါတယ်လို့လည်း ဆိုပါတယ်။

" စစချင်း စီဒီအမ် လုပ်တော့ အကုန်လုံးပဲ။ နောက်တော့ တစ်လလောက်နေတော့ နည်းနည်းလောက်က ဆေးရုံက ပြန်ခေါ်တော့ ပြန်သွားကြတယ်။ ကျွန်တော်တို့တွေ ကတော့ ပြန်မသွားခဲ့ဘူး။ ဆက်တောင့်ခံခဲ့တယ်။ နောက်တော့ လုံခြုံရေးအရ မိသားစုအရ အခြေအနေ အရပ်ရပ်အရ ဆေးရုံကို ပြန်သွားမယ်ဆိုတော့ ပြန်လာမယ်ဆို ခံဝန်ထိုးဆိုတာမျိုး ရှိတယ်။ ပြောတယ်" လို့ မန္တလေးမြို့က ဆရာဝန်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းအစောပိုင်းကာလ

ဓာတ်ပုံ ရင်းမြစ်, အောင်နမိတ်

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းအစောပိုင်းကာလတွေမှာ ကျွန်းလှမှ ဆရာ ဆရာမတွေ ဆန္ဒထုတ်ဖော်နေစဥ်

အလားတူပဲ ရန်ကုန်နဲ့ ကချင်ပြည်နယ်ဘက်မှာရှိတဲ့ ဆေးဝန်ထမ်းတွေကိုလည်း CDM ကနေ လုပ်ငန်းခွင် ပြန်ဝင်လာရင် ခံဝန်ထိုးခိုင်းတာတွေအပြင် ၃ လအစမ်းခန့် အဖြစ် စတင်ပြန်လည်ခန့်အပ်တာတွေ ရှိနေပြီး အစမ်းခန့်ကာလ ၃ လမှာ လစာ တစ်ပြားမှ မပေးဘူးလို့လည်း CDM အသိုင်းအဝိုင်းက သိရပါတယ်။

သုံးလ အစမ်းခန့်စတင်ခန့်အပ်တာမျိုးရှိနေတဲ့အပြင် ဆေးရုံဘက်က မကြိုဆိုတာတွေနဲ့လည်း ကြုံနေရတဲ့အကြောင်း ကချင်ပြည်နယ် မန်စီဘက်မှာရှိတဲ့ ဆေးပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။

" ကိုယ့်လုပ်သက်က ဘယ်လောက်ရှိနေရှိနေ တစ်နှစ်နေမှ ပြန်ဝင်လာလို့ ၃ လအစမ်းခန့်ဆိုပြီး စပြီး ပြန်ဝင်ရတယ်။ ပြန်ဝင်တော့လည်း အစမ်းခန့်လို့သာ ပြောတာနော် လစာက မရဘူး။ ခံဝန်လည်း ဝင်ဝင်ချင်းမှာပဲ ထိုးရတယ်။ စောင့်ကြည့်နေတဲ့ သဘောမျိုးပဲပေါ့။ တစ်နှစ်ကျော်အကြာမှ ပြန်ဝင်လာလို့ ဟိုဘက်ကလည်း မကြိုဆိုတဲ့ ဒီဘက်ကလည်း မကြိုဆို ဘဝကို ခံစားနေကြရတယ်။"

ဒါ့အပြင် နောက်ဆုံးနှစ် ဘွဲ့လွန် ဆေးတက္ကသိုလ်ကျောင်းသားတချို့မှာလည်း CDM ပြုလုပ်ထားပြီး မှ တစ်နှစ်ကျော်အကြာမှာ အကြောင်းအမျိုးမျိုးကြောင့် ပြန်ဝင်တဲ့အခါ ဆေးရုံဘက်ကနေလည်း လက်မခံတာ ကျောင်းဘက်ကနေလည်း ပြန်လည် လက်မခံတာတွေကြုံနေကြရတယ်လို့လည်း သိရပါတယ်။

ကျောင်းသားတချို့ကို တရား၀င်ကျောင်းထုတ်ထားပြီဖြစ်လို့ အခုလို လက်မခံတော့တာလို့ သူတို့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ CDM ပြုလုပ်ကြဖို့ တိုက်တွန်းတာတွေရှိခဲ့သလို စစ်ကောင်စီဘက်ကေတော့ ဝန်ထမ်းတွေကို အလုပ်ပြန်လည်ဝင်ရောက်ဖို့ ကြိုဆိုတယ်လို့လည်း ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း CDM ပြုလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ပြန်ဝင်ရကြရတဲ့အခါ ကြုံတွေ့ရတာတွေကို ဝန်ထမ်းအသိုင်းအဝိုင်းက အခုလို ပြောပြကြပါတယ်။

ကျောင်းဆရာ၊ကျောင်းဆရာမအပါအဝင် ပညာရေး အသိုင်းအဝိုင်းမှာလည်း CDM လုပ်ပြီး ပြန်ဝင်တဲ့အခါ ဖြစ်တဲ့ အခက်အခဲတွေကို ပြောပြတာက " သုံးလလောက်တော့ CDM လုပ်လိုက်တယ်။ ဒါပေမယ့် ကိုယ်ကလည်း ပင်စင်နီးနေပြီ။ ကျွန်မ အဖေက အသက်ကြီးပြီ တစ်သက်လုံး ဝန်ထမ်းဘဝနဲ့နေလာတာ၊ သူကလည်း ပြန်လုပ်ပါလို့ တိုက်တွန်းတာကတစ်ကြောင်း ကျွန်မ မိသားစုက လုံခြုံရေးအရ တချို့ အချက်လေးတွေလည်းရှိခဲ့တော့ ၃ လ နဲ့ ပြန်ဝင်လိုက်တယ်။ ကိုယ်ကတော့ အရင်ရာထူးနဲ့ပဲ ။ ပိုက်ဆံလည်း အရင်လိုပဲ။ ဒါပေမဲ့ ကျောင်းမှာ အရင် ဆရာ ဆရာမတွေအစား အသစ်တွေရောက်ပြီး ကိုယ့်ကို ပြန်ဆက်ဆံတဲ့ပုံက မဟုတ်ဘူး။ စိတ်ထဲတော့ မကောင်းဘူး။ ခံစားရတယ်။ ကိုယ်ပြန်ရွေးချယ်ခဲ့တဲ့လမ်း ဆိုတော့လည်း မတတ်နိုင်ဘူး " လို့ ပြောပါတယ်။

ရန်ကုန်မြို့က ဆရာဝန်တစ်ဦးကလည်း " ကျွန်မကတော့ ပြန်မဝင်ဖြစ်သေးဘူး။ ပြန်ဝင်ဖြစ်တဲ့ မိတ်ဆွေတွေနဲ့ကလည်း ဆိုရှယ် မီဒီယာမှာကအစ အဆက်အသွယ်ဖြတ်ထားတော့ ဘာမှ အကျိုးအကြောင်း သေသေချာချာ ပြောလို့မရဘူး ဖြစ်နေတယ်။ တစ်ခုတော့ ကွန်ဖမ်းတာက အခု ပြန်ဝင်တဲ့သူတွေမှာ အရင်က အငယ်တွေက အခု ဆရာကြီးတွေ တက်လုပ်နေကြတာတွေရှိတယ်လို့ ပြန်ကြားတယ်။ ဖိနှိပ်တာမျိုးတွေလည်း ရှိနေတယ်ပေါ့နော်။ ပြန်ဝင်တဲ့သူတွေကတော့ သူတို့အောက်ကနေပြန်ဝင်ရတဲ့ သဘောမျိုးတော့ ကြားပါတယ်" လို့ ပြောပါတယ်။

CDM လုပ်ထားတဲ့သူတွေအနေနဲ့ ငွေကြေး ဆိုင်ရာအပါအဝင် စိတ်ပိုင်းဆိုင်ရာနဲ့ မလုံခြုံတဲ့ ခံစားမှုတွေကြုံတွေ့နေကြရလို့ လုပ်ငန်းခွင်ပြန်ဝင်ကြတာမျိုးဖြစ်တယ်လို့လည်း လုပ်ငန်းခွင်ပြန်ဝင်သူတွေက ဆိုကြပါတယ်။

CDM စတင်ပြုလုပ်စဉ်ကနေ ၃ လလောက်အတွင်း ပြန်လည် ဝင်ကြတာမျိုးမဟုတ်ဘဲ နှစ်ချီကြာပြီး အခု ၂၀၂၂ ခုနှစ်မှာ ပြန်ဝင်တဲ့ ဝန်ထမ်းတွေမှာ အခုလို အစမ်းခန့် ကာလ ၃လ အဖြစ်သတ်မှတ်ပြီး လစာလုံး၀ မပေးတာ၊ လစာလျှော့ချ ပေးတာ၊ လုပ်ငန်းခွင် ခွဲခြားဆက်ဆံတာတွေ ကြုံနေရတယ်လို့ လုပ်ငန်းခွင်ပြန်ဝင်ကြသူတွေရဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။ ၃ လအပြီးမှာလည်း လစာရမရဆိုတာကို အပြည့်အ၀ အာမခံချက် မရှိသေးဘူးလို့လည်း သိရပါတယ်။

အစိုးရ ဝန်ထမ်းလုပ်သက် နှစ်များစွာရှိတဲ့ အမျိုးသမီးတစ်ဦးကတော့ လုပ်ငန်းခွင် ပြန်မဝင်ချင်တဲ့အကြောင်းကို အခုလို ပြောပါတယ်။

" ကျွန်မတင် အလုပ်မလုပ်တာမဟုတ်ဘူး။ သားသမီးတွေကိုလည်း ကျောင်းမထားဘူး။ ဆက်တောင့်ခံဆဲပဲ။ သားသမီးတွေကတော့ ပြောကြတယ်။ နောက်နှစ်တော့ ကျောင်းတက်ချင်တယ်တဲ့ ၃ နှစ်ရှိပြီတဲ့၊ ကျွန်မက ပြန်ပြောလိုက်တယ်။ အမေ့လုပ်သက် နှစ် ၃၀ လောက်တောင် အမေ ပစ်ချခဲ့တာ ဘာလို့ ကျောင်းတက်မလဲလို့။ ခုထိတော့ ကိုယ့်အသိုင်းအဝိုင်းထဲမှာ အလုပ်မထွက်လို့ တစ်နှစ်အတွင်းမှာပဲ ခဏခဏ ရာထူးတိုးသွားတဲ့လူတွေ ၊ ရာထူး မရှိတဲ့လူတွေတောင် အခုချိန်မှာ လူကြီး တက်လုပ်နေကြပြီဆိုတော့ အဲဒီထဲကို ပြန်ကို မဝင်ချင်တော့တာ။ ဈေးပဲရောင်းစားနေတယ်" လို့ သူ့ခံယူချက်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း CDM လှုပ်ရှားသူတွေကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆု လျာထားခြင်းခံရတာတွေလည်း ရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ တရားဝင်ထောက်ပံ့တာ၊ နိုင်ငံတစ်ဝန်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကနေ ထောက်ပံ့တာတွေ ရှိနေပေမဲ့လည်း ချိတ်ဆက်မှု မရှိတဲ့ CDM တွေကတော့ အခက်အခဲတွေရှိနေဆဲပဲလို့ ဆိုကြပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးကတည်းက CDM လှုပ်ရှားမှုတွေ နိုင်ငံနဲ့အဝန်းမှာရှိခဲ့ပြီး ဝန်ထမ်းအိမ်ရာတွေ ဖယ်ရှားခိုင်းတာ၊ CDM တွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာ၊ CDM တွေကို ထောက်ပံ့သူတွေကို ရှာဖွေ ဖမ်းဆီးတာတွေကို အာဏာသိမ်းပြီးကတည်းက တစ်နှစ်ကျော်အကြာ အခုလက်ရှိအချိန်အထိ ကြုံနေရဆဲပါ။

CDM ဆက်လုပ်နေသူတွေကတော့ စ CDM လုပ်ကတည်းက ငွေကြေးထောက်ပံ့မှု နှစ်ကြိမ် သုံးကြိမ်လောက်သာ ရရှိခဲ့တာမျိုးရှိပြီး ဈေးရောင်းတာ၊ ပွဲစားလုပ်တာ စသဖြင့် ဝမ်းရေးအတွက် လှုပ်ရှားရင်း ဆက်လက် တောင့်ခံနေကြရဆဲပဲလို့ လည်း CDM အသိုင်းအဝိုင်းက ဆိုကြပါတယ်။

ဗီဒီယို ပုံစာ, စီဒီအမ်နဲ့ ဝန်ထမ်းလစာ