ကချင်ပြည်နယ်ထဲ စစ်တပ် စစ်ကြောင်းတွေ လှုပ်ရှားမှုများလာတယ်လို့‌‌ ကေအိုင်အေပြော

တောလမ်းရှင်းလင်းနေတာစောင့်ကြည့်နေတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင် တစ်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောလမ်းရှင်းလင်းနေတာစောင့်ကြည့်နေတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင် တစ်ဦး (ပုံဟောင်း)
ရေးသားခဲ့သည်။

ကချင်ပြည်နယ်က ပူတာအို၊ လိုင်ဇာ နဲ့ ဗန်းမော်ဘက်ကို သွားတဲ့ နန်ဆန်ယန် ကျေးရွာတွေ အပြင် ဖားကန့်မြို့နယ် လဝါး နဲ့ ဒွန်ဘုံးခ ကြားမှာ တပ်ချိန်းတာ၊ ရိက္ခာပို့တာ စတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဒီရက်ပိုင်းအတွင်းမှာ ရှိနေတယ်လို့ ကေအိုင်အေနဲ့ အဲဒီက‌ဒေသခံတွေက ပြောကြပါတယ်။

မြန်မာပြည်မြောက်ဖျား ပူတာအိုမြို့ တန်ဂျာ ရွာဘက်မှာတော့ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက စစ်ကောင်စီတပ်တွေ ရောက်လာပြီးရွာရဲ့ ကျောင်းနဲ့ အိမ်တွေမှာ နေထိုင်နေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အခုလောလောဆယ်က တန်ဂျာမှာဆိုရင် စစ်ကောင်စီဘက်ကနေ အောက်ပိုင်းက တက်လာတဲ့ အောက်ပိုင်းကလို့ ပြောရမှာပေါ့နော် စစ်သားတွေက တရွာလုံးမှာ ရှိတယ်ပေါ့နော်။ စစ်သားဦးရေက တစ်ရာကျော်၊ နှစ်ရာနီးပါးလောက်တော့ရှိတယ်။"

"သူတို့က အခုလောလောဆယ်ကတော့စာသင်ကျောင်းမှာရယ် အိမ်သူများအိမ်မှာတွေလည်း အိပ်တယ်ပေါ့ ။ အခုလောလောဆယ်တော့ ရွာသူရွာသားတွေကို ဘာမှလည်း ဒုက္ခပေးတာတော့ မရှိဘူးပေါ့နော်။ ရွာမှာပဲ နေကြတယ်" လို့ ပူတာအိုဘက်ကို တိမ်းရှောင်သွားတဲ့ ဒေသခံက ပြောပါတယ်။

အဲဒီလို စစ်တပ်က ရောက်လာတာ‌ကြောင့် အနီးဝန်းကျင်ကို ရှောင်သွားကြသူတွေရှိသလို၊ ပူတာအို၊ မြစ်ကြီးနားစတဲ့အထိ ရှောင်သွားကြတဲ့‌ဒေသခံတွေလည်း ရှိနေပါတယ်၊၊

ဒါ့အပြင် ဖားကန့်မြို့နယ်ဘက်မှာတော့ ထိုးစစ်ဆင်တာမျိုးတွေ မဟုတ်ဘဲ လုံခြုံရေးအရ နယ်လှည့်ရင်း ကေအိုင်အေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

လိုင်ဇာနဲ့ ဗန်းမော် သွားတဲ့ လမ်းဖြစ်တဲ့ လိုင်ဇာအနီး နန်ဆန်ယန်ဘက်မှာတော့ စစ်ကောင်စီတပ်တွေ ရောက်လာတာ စခန်းထိုင်ဖို့ မဟုတ်လောက်ဘူးလို့ ကေအိုင်အို ဗဟို သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူ

ဓာတ်ပုံ ရင်းမြစ်, NMG

ဓာတ်ပုံ ပုံစာ, ဗိုလ်မှူးကြီးနော်ဘူ

"နန်ဆန်ယန်မှာကတော့ ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတွေ ရှိတယ်။ ဂန်ဒေါင်ယန် မှာတော့ မြစ်ကြီးနားဘက်ကနေ တက်လာတဲ့စစ်ကြောင်းတွေ ရှိတယ်၊၊ နန်ဆန်ယန်မှာက သူတို့ပြောတာကတော့ ထိုင်ဖို့တော့မဟုတ်ဘူးလို့ ပြောတယ်။ စစ်ဆေးရေးတွေလုပ်ပြီးမှ ပြန်သွားမယ်လို့ ပြောတယ်၊၊ ဟို ဂန်ဒေါင်ယန်ဘက်မှာကတော့ အားလုံး ရှိပါတယ်။ သူတို့ကတော့ အားလုံးမှာ ရောက်တဲ့နေရာမှာ ရှိပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ‌ပြောပါတယ်၊၊

နန်ဆန်ယန်၊ ကန်တောင်ယန် စတဲ့နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့အဖွဲ့တွေအတွက် ရိက္ခာလာပေးတာလို့ဆိုပြီး ပြန်သွားကြမှာလို့ သိထားရတယ်လို့လည်း သူက‌ ပြောပါတယ်၊၊

လိုင်ဇာ, ကေအိုင်အို ,စစ်တပ်

ဓာတ်ပုံ ရင်းမြစ်, Saw Yan Naing/BBC

ဓာတ်ပုံ ပုံစာ, လိုင်ဇာဌာနချုပ်နဲ့ မိုင်အနည်းငယ်အကွာ နမ့်ဆာယန် ဒေသမှာ တွေ့ရတဲ့ ကေအိုင်အေ စစ်သည်တွေ (ပုံဟောင်း)

"ဒါပေမဲ့တစ်ခုရှိတာကတော့ အဲ့မှာစခန်းတွေထိုင်မလားပေါ့နော်။ ဒါကတော့ စောင့်ကြည့်ရမှာ။ မိုးတွင်းလည်း ဝင်မယ်ဆိုတော့ သူတို့လည်း ပွင့်လင်းတဲ့ရာသီမှာတော့ ရိက္ခာတွေပို့တာ ခေါင်းစဉ်ကတော့ ရိက္ခာလို့ ပြောတာပေါ့။ ဒါပေမဲ့ စစ်လက်နက်တွေ၊ လူအင်အားတွေ အများကြီးစုထားမှာပေါ့။ သူတို့ကတော့ အဲ့ဒါကိစ္စနဲ့ခေါင်းစဉ်နဲ့ လှုပ်ရှားတာဖြစ်မှာ။ အဲဒါကတစ်ချက် ဘယ်ခေါင်းစဉ်နဲ့ပဲ ဖြစ်ဖြစ် လှုပ်ရှားတာကတော့ စစ်ရေးလှုပ်ရှားတာပဲ" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာ စစ်ကောင်စီခေါင်းဆောင် ရဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ ဆွေးနွေးမှုမလုပ်သလို အကြမ်းဖက်အဖွဲ့ကို ကူညီသူအားလုံးကိုလည်း နှိမ်နင်းမယ်ဆိုတဲ့ စကားဟာ တနိုင်ငံလုံးကို စစ်ရေးကြေငြာတဲ့ သဘောလည်း ဖြစ်နိုင်တယ်လို့ ကောက်ချက်ချကြောင်းနဲ့ အခုလို အချိန်အခါမှာ စစ်ရေးပြင်ဆင်တဲ့အနေနဲ့ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း အင်အားစုဆောင်းထားတဲ့ သဘောလည်း ဖြစ်နိုင်တယ်လို့ ကေအိုင်အေ ဗဟို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒါ့အပြင်စစ်ရေးဟာ အမြဲတမ်း သတိထားဖို့လိုတဲ့အပြင် လှုပ်ရှားမှုတွေဟာ ဘယ်အဆင့်ထိ ဆိုတာကို စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

ဒါအပြင် အကြမ်းဖက် သောင်းကျန်းသူလို့ သုံးနှုန်းတာနဲ့ပတ်သက်ပြီးတော့လဲ ပြည်သူလူထုက ခွဲခြားဖို့လိုတယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, စစ်ပွဲတွေရပ်ဖို့ တရုတ်တိုက်တွန်းချက် ကေအိုင်အို အလေးထားစဉ်းစား