စစ်ဆန့်ကျင်ရေးဆက်လုပ်ရင် ကျောင်းထုတ်မယ်လို့ ပြစ်ဒဏ်ကျခံပြီးတဲ့ ကျောင်းသား သတိပေးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ထောင်ဒဏ် ၂ နှစ်ခွဲကျခံရာကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရခိုင်တက္ကသိုလ်ကျောင်းသား ကိုကျော်နိုင်ဌေးကို စစ်ဆန့်ကျင်ရေးတွေကိုဆက်မလုပ်ဖို့နဲ့ လုပ်လို့ရှိရင် ကျောင်းထုတ်ခံရမယ်ဆိုပြီး စစ်တွေတက္ကသိုလ်ကနေ စာထုတ်သတိပေးလိုက်တယ်လို့ ကာယကံရှင်ကိုကျော်နိုင်ဌေးက ပြောပါတယ်။
အဲ့ဒီစာကို စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်လက်မှတ်ရေးထိုးပြီး မတ်လ ၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပေမဲ့ မနေ့က ၂၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဌာနမှူးက ခေါ်ပေးလိုက်တာဖြစ်တယ်လို့ သူကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က အစိုးရနဲ့စစ်တပ် တို့ကို စစ်ပွဲတွေ ရပ်စဲပေးဖို့တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ (ခ)၊ ဘေးစီမံပုဒ်မ ၂၉ တို့နဲ့ ပြစ်ဒဏ် ၂ နှစ်ခွဲကျခံခဲ့ရတာ ဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ပြောဆိုတဲ့အတွက် အခုလိုပြင်းပြင်း ထန်ထန်သတိပေးခံရတာဟာ ပညာရေးပိုင်းကိုထိခိုက်မှုမရှိပေမယ့် ဂုဏ်သိက္ခာပိုင်းကို များစွာထိခိုက်တယ်လို့ ကိုကျော်နိုင်ဌေးက ပြောပါတယ်။
"ကျွန်တော့်အနေနဲ့တော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်တယ်။ နောက်ပြီးတော့ ခြိမ်းခြောက်ရာရောက်တယ်။ ကျွန်တော်တို့ရခိုင်ပြည်မှာ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်တော်တို့ ကျောင်းသားတွေ ဒီလိုထုတ်ဖော်ပြောဆိုမှုတွေ မရှိရဘူးပေါ့ နော်။ ကျွန်တေ့ာ်ကို ခြိမ်းခြောက်လိုက်ခြင်းအားဖြင့် တခြားကျောင်းသားတွေ ထိတ်လန့်သွားအောင် စိုးရွံ့သွားအောင်လုပ်လိုက်တယ်လို့ ကျွန်တော်မြင်တယ်"လို့ ကိုကျော်နိုင်ဌေးက ပြောပါတယ်။
ကျောင်းသားတစ်ယောက်အနေဖြင့် အစိုးရနဲ့စစ်တပ်အပေါ်မှာ ပြစ်တင်ပြောဆိုမှုတွေဟာ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါ အပိုဒ် (ဃ) အရ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ အမှတ်စဉ် (၂) ကိုကျူးလွန်တယ်ဆိုပြီး ရေးသားထားကြောင်း သိရပါတယ်။
ကိုကျော်နိုင်ဌေးဟာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို ဥပဒေဘာသာရပ် စတုတ္ထနှစ်ကို တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတစ်ဦးလည်းဖြစ်ပြီး မတ်လ ၃၀ ရက် မနက်ဖြန်မှာတော့ ဒုတိယနှစ်ဝက်စာမေးပွဲကိုလည်း ဖြေဆိုဖို့ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အခုလိုပြစ်မှုတွေကို နောက်နောင်ထပ်မံကျူးလွန်လို့ရှိရင် ကျောင်းထုတ်ပစ်မယ်ဆိုတဲ့ပြောဆိုမှုက တစ်ဖက်စောင်းနင်း ဆန်လွန်တယ်လို့ သူကပြောပါတယ်။
ကျောင်းသားတွေအနေနဲ့ ပရဟိတလုပ်ငန်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ မလုပ်ရဘူးလို့ တရားဝင်တားမြစ်ထားတာ ပညာရေးကဏ္ဍမှာမရှိကြောင်း ဆက်လက်ပြောဆိုပါတယ်။
အခုလို သတိပေးခြိမ်းခြောက်ခံထားရပေမယ့် သူ့တို့ရဲ့ရပ်တည်ချက်ခံယူချက်တွေကိုတော့ ပြောင်းလဲမှာမဟုတ်ဘဲ ရခိုင်ပြည်သူတွေအတွက် မားမားမတ်မတ်ရပ်တည်သွားမှာဖြစ်ကြောင်းနဲ့ ကျောင်းထုတ်မယ်ဆိုရင်လည်း ကိစ္စမရှိကြောင်း ကိုကျော်နိုင်ဌေးက ဆိုပါတယ်။
ကိုကျော်နိုင်ဌေးဟာ တပ်မတော်ဝန်ထမ်းမိသားစုကဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် အရပ်သားတွေထိခိုက်သေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြသူလည်း ဖြစ်ပါတယ်။
အဲ့ဒီဆန္ဒပြတောင်းဆိုမှုကြောင်း ကျောင်းသား လေးဦးဖမ်းဆီးထောင်ချခံခဲ့ရပြီး မတ်လ ၁၈ ရက်နေ့က လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။








