ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အသက် ၃ နှစ်အရွယ်ကလေးနဲ့ မိခင် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက် အသတ်ခံခဲ့ရပါတယ်
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာမှာ သားအမိ နှစ်ဦး ဓားနဲ့ထိုးပြီး အသတ်ခံခဲ့ရသလို၊ ဒေသကာကွယ်ရေးတပ်ဖွဲဝင် ၅ဦး မီးရှို့သတ်ခံထားကို ဒေသခံတွေက တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ၂၉ ဦး ကို ဖမ်းသွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
အဖမ်းခံရတာ ၅ ရက်ကြာပြီဖြစ်ပေမဲ့ အဖမ်းဆီးခံထားရတဲ့ ကလေးနဲ့သက်ကြီးရွယ်အိုအပါဝင် ၂၉ ယောက်ဟာ ဒီကနေ့အထိ သတင်းအစအန မရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
အင်းငယ်ဒေါင့်ကျေးရွာမှာ အသတ်ခံခံရတဲ့ သားအမိနှစ် ဦးကတော့ အသက် ၄၀ ကျော်အရွယ် မအေးအေးဝင်းနဲ့ အသက် ၃ နှစ်အရွယ် မရတီမိုးတို့ဖြစ်ပြီး ဓားဒဏ်ရာနှစ်ချက်စီနဲ့ အသတ်ခံခဲ့ရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးယောက်ကလည်း လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံခဲ့ရပါတယ်။
မအေးအေးဝင်းရဲ့ အသက် ၁၀ နှစ်ကျော်အရွယ် သမီးတစ်ယောက်နဲ့ အသက် ၇၀ နီးပါးအရွယ် ယောက္ခမ နှစ်ယောက်၊ ယောင်းမဖြစ်သူအပါဝင် ဒေသခံ ၂၉ ယောက်ဟာ မတ် ၅ ရက်မှာ အဖမ်းခံထားကြရတာဖြစ်ပါတယ်။
အဖမ်းခံထားရသူတွေထဲမှာ အသက်အငယ်ဆုံး ၅ နှစ်ကနေ အသက်ကြီးဆုံး ၇၀ နီးပါး အရွယ်တွေပါ။ အဲ့ဒီထဲမှာ အရွယ်ရောက်ပြီးသား အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ အသက်မပြည့်သေးတဲ့ မိန်းကလေး ၄ ယောက်နဲ့ ယောက်ျားလေး ၅ ယောက်ဖြစ်ကြပါတယ်။
သူတို့တွေကို ပျူစောထီးအဖွဲ့ဝင်တွေများတဲ့ ဝန်ချုံးနဲ့ ပင်တောင်ရွာမှာ ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အင်းငယ်ဒေါင့်ကျေးရွာကို ပြီးခဲ့တဲ့ မတ် ၅ ရက်မနက်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးအဖွဲ့ အင်အား ၇၀ လောက်ရောက်လာပြီး ရွာထဲကို မဝင်ခင်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံရွာသားတွေလည်း အမြန်ထွက်ပြေးခဲ့ကြရပါတယ်။ ရွာထဲကနေ နွားတွေ၊ ပစ္စည်းတွေကိုလှည်းနဲ့ စစ်ကောင်စီတပ်တွေ သယ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်ပစ်ခတ်ရင်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။
နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ ထွက်သွားပြီအထင်နဲ့ ကျေးရွာသားတစ်ချို့ ရွာထဲပြန်ဝင်ချိန်မှာ စစ်ကောင်စီတပ်တွေ ပြန်ရောက်လာတာကြောင့် ပြန်ထွက်ပြေးလာကြရပါတယ်။
ညနေပိုင်းမှာတော့ ရွာဘက်မှာ မီးတောက်နဲ့ မီးခိုးတွေကို မြင်တွေ့နေခဲ့ကြရပါတယ်။ နောက်နေ့ မတ် ၆ ရက်မှာ ဒေသခံတွေ ပြန်သွားကြည့်ချိန်မှာ အသတ်ခံခဲ့ရသူတွေရဲ့ အလောင်းတွေကို မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။
" မအေးအေးဝင်းဆီမှာ ဆိတ်ရောင်းထားတဲ့ ငွေတွေရှိတယ်ဆိုပြီးတောင်းတာကို မပေးလို့ သတ်သွားတယ်ထင်ပါတယ်။ မအေးအေးဝင်းနဲ့ သူ့သမီးလေးရဲ့ရင်ဘတ်တွေမှာ ဓားဒဏ်ရာနှစ်ချက်စီနဲ့ သေနေတာ။ မုဒိန်းကျင့်ခံရတာ ဟုတ် မဟုတ်တော့ သေချာမပြောနိုင်ဘူးဗျ။ သူ့သမီးတစ်ယောက်လည်း ဓားစာခံအဖမ်းခံသွားရတယ်။ အဲ့ကလေးလည်း အသတ်ခံလိုက်ရတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ ကြားတာပဲရှိသေးတယ်။ သေချာမသိသေးဘူး"လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ကျေးရွာသားတွေဟာ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို လိုက်ရှာတဲ့အခါ အသတ်ခံလိုက်ရတဲ့ မအေးအေးဝင်းရဲ့သမီး၊ မိသားစုအပါဝင် တခြားရွာသား ၂၉ ယောက်ဟာ စစ်ကြောင်းနဲ့အတူ ပါသွားတာကို သိခဲ့ကြပါတယ်။
"အဲ့စစ်ကြောင်းဖြတ်သွားတဲ့ ရွာကလူတွေက မြင်လိုက်ကြတာဗျ။ ကလေးတွေရော၊ အသက်ကြီးပိုင်းတွေရော စစ်ကြောင်းမှာ တန်းစီပြီးဖမ်းသွားတာ။ သူတို့ကို ရွာနဲ့ တစ်မိုင်အကွာမှာ ဖမ်းထားတာ သိပေမဲ့ အဲဒီဘက်ကိုလည်း မသွားရဲကြဘူး။ အဲဒီဘက်ကလည်း ဘာသတင်းမှ မကြားရဘူး။ ကိုယ်တွေကလည်း အသက်လွတ်အောင်နဲ့ စားဖို့အတွက်ရှာကြံနေရတော့ သူတို့တွေ အသက်ဘေးကင်းပါစေပဲ ဆုတောင်းနေကြရတယ်။ ကျနော်တို့ ဘာလုပ်ပေးနိုင်မှာလဲဗျာ။" လို့ ထပ်ပြောပြပါတယ်။
အင်းငယ်ဒေါင့်ရွာမှာ နေအိမ် ၂၄ လုံး၊ ကျေးရွာရေပေးဝေတဲ့စက်၊ မီးစက်တွေကို မီးရှို့သွားပြီး ဆိုင်ကယ် ၁၅ စီးနဲ့ နွားအကောင် ၂၀ တို့အပါဝင် တန်ဖိုးရှိပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက လှည်းနဲ့သယ်သွားကြတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အင်းငယ်ဒေါင့်ကျေးရွာက တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေနဲ့အတူ ဒေသခံ ပျူစောထီးအဖွဲ့ဝင်တွေ ရှိနေတာဟာ အဲ့ဒီဒေသအတွက် အန္တရာယ်ကြီးတဲ့အခြေအနေဖြစ်နေတယ်လို့လည်း ပေါက်မြို့နယ်က ဒေသခံအမျိုးသမီးက ပြောပါတယ်။
" စစ်ကောင်စီဆိုတာက အဝေးကနေလာတာ။ ပျူစောထီးက ဒေသခံ၊ ဒေသခံပျူစောထီးက လမ်းမပြပေးရင် ဘယ်နေရာ၊ ဘယ်သူ့မှာ ဘာရှိတယ်ဆိုတာ ပျူစောထီးက အကုန်သိနေတာလေ။ အခုဆို စစ်ကြောင်းနဲ့ အမျိုးသမီးတွေ ထိပ်တိုက်မတိုးအောင် သတိပေးနေရတယ်။ သူတို့က ပုံစံမျိုးစုံနဲ့ အကြမ်းဖက်၊ လူသတ်နေကြတာ။" လို့ပြောပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်က မီးရှို့ခံလိုက်ရတဲ့ ကျေးရွာကို ဒေသခံတွေ ပြန်မဝင်ရဲသေးပါဘူး။ ကိုယ်တိုင်က ထွက်ပြေးနေကြရသလို ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေအတွက်လည်း မကူညီနိုင်၊ မကယ်တင်နိုင်တဲ့ သူတို့အဖြစ်ကိုသာ စိတ်မကောင်းဖြစ်နေကြရပါတယ်။