ယူကရိန်းတစ်နိုင်ငံတည်း ခုခံနေရ၊ အင်အားကြီးတပ်တွေ စောင့်ကြည့်သာနေတယ်လို့ ယူကရိန်းသမ္မတ ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
မြေအောက်ရထားဘူတာရုံတွေမှာ ခိုလှုံနေရတဲ့ ယူကရိန်းပြည်သူတွေ
ယူကရိန်းပြည်သူတွေဟာ ရှရှားက ယူကရိန်းကို စတင်တိုက်ခိုက်တဲ့ ပထမနေ့မှာပဲ ဘေးလွတ်ရာ မြေအောက်ရထားဘူတာရုံတွေမှာ ခိုလှုံခဲ့ကြရပါတယ်။
သက်ကြီးရွယ်အိုတွေ၊ တွန်းလှည်းတွေပေါ်က ကလေးငယ်တွေအပါအဝင် ယူကရိန်းပြည်သူတွေနဲ့ မိသားစုတွေဟာ ကိယက်ဗ်နဲ့ ခါကစ်ဗ်က မြေအောက်ရထားဘူတာရုံတွေမှာ တစ်ညတာ ကုန်ဆုံးဖြတ်သန်းခဲ့ရတာကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
အများစုဟာ စောင်တွေ ခြုံထားကြသလို နွေးနွေးထွေးထွေးအဝတ်အစားတွေ ဝတ်ထားတာလည်း တွေ့ရပြီး သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းပစ္စယ အထုပ်အပိုးတွေအိတ်တွေကိုလည်း ၎င်းတို့ အနီးပတ်ပတ်လည်မှာ ဝန်းရံနေရာယူထားတာမြင်ရပါတယ်။
ယူကရိန်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် မြေအောက်ဘူတာရုံတွေကိုတော့ ဗုံးဒဏ်ကနေ ရှောင်တိမ်းဖို့နေရာအဖြစ် ဆက်လက်ဖွင့်ထားပါတယ်။
ထောင်နဲ့ချီတဲ့ ယူကရိန်းပြည်သူတွေဟာ အိမ်နီးချင်းတိုင်းပြည်တွေဆီ လုံခြုံ ဘေးကင်းရာနေရာရှာဖို့ သူတို့နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်အရေအတွက် တစ်သိန်းကျော်မယ်လို့ ကုလသမဂ္ဂ ဒုကသည်များဆိုင်ရာမဟာမင်းကြီးရုံးက ခန့်မှန်းတွက်ချက်ထားပါတယ်။
ယူကရိန်းအနောက်ပိုင်းမှာရှိတဲ့ ပိုလန်နိုင်ငံကတော့ ယူကရိန်းစစ်ရှောင်တွေအတွက် ကြိုဆိုလက်ခံဖို့ စင်တာတွေကို အသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်းတစ်နိုင်ငံတည်း ကာကွယ်ခုခံနေရ၊ အင်အားကြီးတပ်တွေ အဝေးကနေသာစောင့်ကြည့်နေတယ်လို့ ယူကရိန်းသမ္မတ ပြော
ယူကရိန်းသမ္မတ ဗလော့ဒီမာ ဇလန်းစကီးက ယူကရိန်းကို ကူညီပေးဖို့နဲ့ ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အနောက်မဟာမိတ်တွေထံ ထပ်မံမေတ္တာရပ်ခံလိုက်ပါတယ်။
"ဒီမနက်မှာ ကျွန်တော်တို့ တစ်နိုင်ငံတည်း ခုခံကာကွယ်နေရပါတယ်။ မနေ့ကလိုပဲ ကမ္ဘာ့အင်အားကြီးတပ်ဖွဲ့တွေက ကျွန်တော်တို့ကို အဝေးကနေပဲ စောင့်ကြည့်နေပါတယ်"လို့ သမ္မတ ဇလန်းစကီးက ဒီမနက်မှာ တိုင်းပြည်ကို မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရုရှားကို နားချစည်းရုံးနိုင်ခဲ့လားလို့ သူက မေးခွန်းထုတ်ခဲ့ပြီး ဒါဟာ လုံလောက်မှုမရှိဘူးလို့လည်း သူက ပြောပါတယ်။
မြို့တော် ကိယက်ဗ်မှာ ဒီနေ့မနက် အရုဏ်မတက်ခင်တည်းက ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်ဆိုတာကို သမ္မတ ဇလန်းစကီးက အတည်ပြုခဲ့ပါတယ်။
ယူကရိန်းစံတော်ချိန် မနက် လေးနာရီမှာ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး ရှရှားဟာ အရပ်သားတွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အရင်က ပြောထားပေမယ့် ရုရှားရဲ့ တိုက်ခိုက်မှုတွေမှာ စစ်ဘက်ရော အရပ်ဘက် နေရာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UKRAINE PRESIDENT/FACEBOOK
ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ပေါက်ကွဲသံတွေကြားရ
ရုရှားလေယာဉ်တစ်စင်း ပစ်ချခံရတယ်လို့လည်း သတင်းတွေထွက်
ယူကရိန်းမြို့တော် ကိယက်ဗ်မှာ သောကြာနေ့မနက်အစောပိုင်းကစလို့ပေါက်ကွဲသံတွေကြားနေရပါတယ်။
ပေါက်ကွဲမှုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ ပေါက်ကွဲသံတွေကြားနေရပြီး အခုအခါ မြေအောက်ခန်းထဲရောက်ရှိနေတယ်လို့ ကိယက်ဗ်မှာရှိနေတဲ့ ဘီဘီစီသတင်းထောက်ကလည်း တွစ်တာမှာရေးပါတယ်။
ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ရုရှားလေယာဉ်တစ်စင်း ကိယက်ဗ်မြို့၊ Darnytskyi ခရိုင်မှာ ပစ်ချခံရတယ်လို့ ပြောကြားပါတယ်။
ကိယက်ဗ်မြို့လေကြောင်းရန် ကာကွယ်ရေးတပ်ဟာ ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တားပြီး ရန်သူ့လေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတချို့လည်း ထွက်ပေါ်နေပါတယ်။
တချိန်တည်းမှာပဲ ကိယက်ဗ်မှာရှိတဲ့ ကိုးထပ်တိုက်လူနေအဆောက်အအုံတစ်ခု မီးလောင်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ကိယက်ဗ်မြို့တော်ဝန် Vitali Klitschko က ဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ သုံးဦး ဒဏ်ရာရပြီး တစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ သူ့ရဲ့ တွစ်တာမှာ မီးလောင်နေတဲ့အဲဒီအဆောက်အဦပုံနဲ့အတူ ရေးသားထားပါတယ်။
ဒါ့အပြင် အဆောက်အဦဟာ ဖျက်ဆီးခံရမယ့်အန္တရာယ်မှာရှိနေတယ်လို့ သူကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Vitali Klitschko Twitter
အီးယူက ရုရှားအပေါ် ကြီးမားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်
ဥရောပသမဂ္ဂ (အီးယူ) က ရုရှားအပေါ် ကျယ်ပြန့်တဲ့ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။
ပိတ်ဆို့အရေးယူမှုတွေဟာ ဘဏ္ဍာရေး၊ စွမ်းအင်၊သယ်ယူပို့ဆောင်ရေးနဲ့ ရုရှားအထက်တန်းလွှာတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ စတဲ့ နယ်ပယ်တွေကို အဓိက ပစ်မှတ်ထားမှာဖြစ်တယ်လို့ ဘရပ်ဆဲလ်မှာ သောကြာနေ့အစောပိုင်းကပြုလုပ်တဲ့အစည်းအဝေးအပြီးမှာ အီးယူသမ္မတ ဗွန်ဒါလီယန်က ပြောကြားလိုက်ပါတယ်။
အခု ချမှတ်ထားတဲ့ပိတ်ဆို့မှုအစီအမံတွေဟာ ရှရှားအတွက် သူ့ရဲ့ ရေနံချက်စက်ရုံတွေ အဆင့်မြှင့်တင်ရေးနည်းပညာ ဒါမှမဟုတ် လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ ဝယ်ယူဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း ဗွန်ဒါလီယန်က ပြောပါတယ်။
"ဒီညမှာ အတည်ပြုလိုက်တဲ့ကြီးမားတဲ့ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုဟာ အီးယူရဲ့ စည်းလုံးညီညွတ်မှုကို ပြသနေပါတယ်" လို့ သူက တွစ်တာမှာရေးပါတယ်။
ဒါပေမဲ့ ပိတ်ဆို့အရေးယူတွေထဲမှာ အီးယူထံ ရုရှားက ဓာတ်ငွေ့တင်သွင်းမှုတော့အကျုံးမဝင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ သမ္မတ ဗွန်ဒါလီယန်က ဥရောပအနေနဲ့ ရုရှားရဲ့စွမ်းအင်အပေါ် မှီခိုနေရမှုကိုလျော့ပါးစေမယ့်နည်းလမ်းတွေကို အရေးတကြီး ရှာဖွေနေတယ်လို့ ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းကတော့ ယူကရိန်းအတွက် ထောက်ပံ့ရေးအကူအညီ ယူရို သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၃၃၆ သန်း၊ ပေါင် ၂၅၁ သန်း) နဲ့ စစ်လက်နက်ပစ္စည်းတွေပေးအပ်မယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ursula von der Leyen Twitter
သူတို့(ရုရှား) တွေက ယူကရိန်းကို ဖျက်လိုဖျက်ဆီးလုပ်ချင်နေကြတာ
ယူကရိန်းသမ္မတ
ယူကရိန်းသမ္မတ ဗလော့ဒီမာ ဇလန်းစကီး ဆီက မှတ်ချက်အနည်းငယ် အစောပိုင်းက ထပ်မံထွက်ပေါ်လာပါတယ်။
"သူတို့(ရုရှား) တွေက နိုင်ငံ့အကြီးအကဲကို စာရင်းရှင်းဖယ်ရှားပြီး ယူကရိန်းနိုင်ငံကို နိုင်ငံရေးအရ ဖျက်လိုဖျက်ဆီးလုပ်ချင်နေတာ" လို့ သမ္မတက ဗီဒီယိုကနေတစ်ဆင့်ပြောကြားတဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
"ရန်သူက ကျွန်တော့်ကို နံပါတ်တစ် ပစ်မှတ်ထားပြီး ကျွန်တော့်မိသားစုကို နံပါတ် နှစ် ပစ်မှတ်ထားခဲ့တယ်" လို့လည်း ကြည့်ရှုသူတွေကို ပြောခဲ့ပါတယ်။
သူဟာ ယူကရိန်းမြို့တော် ကိယက်ဗ်က အစိုးရအဖွဲ့နေထိုင်ရာနေရာမှာ ရှိနေပြီး သူ့မိသားစုဟာလည်း ယူကရိန်းမှာပဲရှိနေတယ်လို့ဆိုပေမယ့် နောက်ထပ် အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။
သမ္မတ ဇလန်းစကီးက အခုအခါ ရန်သူဖျက်ဆီးရေးသမားအဖွဲ့တွေ မြို့တော် ကိယက်ဗ်ကို ဝင်ရောက်လာပြီလို့ သတင်းရထားကြောင်း ယူကရိန်းအရာရှိကြီးတွေကိုသတိပေးခဲ့ပြီး အဲဒီအဖွဲ့တွေက ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကိုတော့ အသေးစိတ်မပြောခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Office of the president of Ukraine
ရုရှားသံအမတ်ကို နှင်ထုတ်ဖို့ စဉ်းစားနေတယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားသံအမတ်ကို နိုင်ငံတွင်းကနေ နှင်ထုတ်ဖို့ စဉ်းစားနေတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က သေကြာနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။
ပိုမိုကျယ်ပြန့်တဲ့အကျိုးသက်ရောက်မှုတွေရှိတာကြောင့် ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်တစ်ခုမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
နယူးဇီလန်ဟာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှုနဲ့ ဆက်စပ်တဲ့ ရုရှားအစိုးရအရာရှိတွေကို ခရီးသွားလာခွင့်ပိတ်ပင်ခဲ့ပြီး ရုရှားနဲ့နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဆက်သွယ်ရေးကို ဆိုင်းငံ့ထားကာ ရုရှားစစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေဆီ ကုန်ပစ္စည်း တင်ပို့မှုကိုလည်းရပ်ဆိုင်းထားပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုဟာ တရားမဝင်ကျူးကျော်မှုကို ဖော်ပြနေတယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်က ပြောပြီး စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ အပြစ်မဲ့သူတွေ သေ ကြေပျက်စီးစေမယ့် ကပ်ဆိုးနဲ့ အဓိပ္ပာယ်မဲ့တဲ့ သေကျေဆုံးရှုံးမှုတွေကိုရှောင်ရှားဖို့ ရုရှားတပ်ဖွဲ့ဝင်တွေ ယူကရိန်းကနေ အမြဲတမ်းဆုတ်ခွာပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ရုရှားရဲ့ စစ်ရေးပထမနေ့ရည်မှန်းချက်တွေ မအောင်မြင်ဘူးလို့ ယူကေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းအခြေအနေနဲ့ပတ်သက်လို့ အကျဉ်းချုပ် ထောက်လှမ်းရေးအကဲဖြတ်ချက်တစ်ခု ပြုလုပ်ခဲ့ပြီး ရုရှားအနေနဲ့ ၎င်းရဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်တွေ မအောင်မြင်သေးဘူးလို့ အကဲဖြတ်ပါတယ်။
ချာနိုဘိုင်းနျူကလီးယားစက်ရုံဟောင်းတည်ရှိရာနေရာကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက် နိုင်ဖွယ်ရှိတယ်လို့ ယူကေကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပြီး အဲဒီနေရာမှာရှိတဲ့ အလုပ်သမားတွေကို ရုရှားတပ်တွေက ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။
ယူကရိန်းစစ်တပ်ကတော့ Chernihiv မြို့ကို ရုရှားတပ်တွေ ချီတက်လာတာကို ရပ်တန့်လိုက်နိုင်တယ်လို့ သတင်းတွေကို ကိုးကားပြီး ယူကေကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
မော်စကိုအတွက် စိုးရိမ်စရာအကောင်းဆုံးကတော့ ရုရှားဟာ သူတို့စီစဉ်ထားတဲ့ ပထမနေ့ စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်ဖို့ မဖြစ်နိုင်ဘူး လို့ ယူကေကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ယူကရိန်းတပ်တွေအနေနဲ့ ပြင်းထန်တဲ့ ခုခံမှုတွေ ပြုလုပ်နေကြောင်းလည်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားပါတယ်။








