UNESCO ဝင်ဖို့ကြိုးစားနေတဲ့မြောက်ဦးကရေအသုံးချမှုစနစ် အရင်အချက်အလက်တွေနဲ့ကွဲလွဲနေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းနိုင်ဖို့အတွက် ရှေးဟောင်းသုတေသနဌာနနဲ့ မြောက်ဦးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီးတော့ ကြိုးစားဆောင်ရွက်နေကြတာဖြစ်ပါတယ်။
မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှူးအမွေအနှစ် ယူနက်စကို စာရင်းတင်သွင်းနိုင်ရေး အတွက် ရေအသုံးချမှု ဆိုင်ရာကိစ္စရပ်တွေကို မကြာသေးခင်ရက်က ပညာရှင်တွေလာရောက်ပြီး ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ မြောက်ဦးအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်သန်းက ပြောပါတယ်။
ယူနက်စကိုအသိအမှတ်ပြု ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်လာစေရေးအတွက် မြောက်ဦးတစ်မြို့လုံးကိုဆောင်ရွက်နေကြတာမဟုတ်ဘဲ မြောက်ဦးမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေထဲက ရေစီမံခန့်ခွဲမှုတစ်ခုကိုပဲ တင်သွင်းဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။
ရေစီမံခန့်ခွဲရေးနဲ့ပတ်သက်လို့ အဆိုပြုလွှာမူကြမ်းတွေကို ရေးသားပြုစုရာမှာလိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့ ငှားရမ်းထားတဲ့ အီတလီပညာရှင် Professor Massimo Sarti က ရှေးဟောင်း ရေအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲတွေ ပျက်စီးမသွားဖို့အတွက် ဘယ်လိုဆောင်ရွက်ဖို့ လိုအပ်သလဲဆိုတာနဲ့ပတ်သက်ပြီး လာရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
"လက်ဆည်ကန်နဲ့ အနူမကန်ရေစီးရေလာကိစ္စရယ် ၊ နောက်ပြီးတော့ မြောက်ဦးရေပေးဝေမှုကိစ္စ အဲ့ဒါတွေကိုသူတို့တွေ လေ့လာခဲ့ပါတယ်။ ဆိုတော့ လက်ဆည်ကန်နဲ့ အနူမကန်ကို ပိတ်ပြီးတော့ဆည်ထားတဲ့ ဆည်ဘောင်ကိုဖွင့်ပြီးတော့မှ မြို့ရေပေးမှုကပိုပြီးတော့မှကောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေးဟောင်းအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုက မပျက်ဖို့လိုတယ်။ တိုးတက်လာတဲ့မြို့ပြအခြေအနေနဲ့ လူဦးရေတွေတိုးတက်လာတဲ့အတွက်ကြောင့်မို့လို့ပေါ့ ရေအများဆုံးရအောင် ရေပေးဝေမှုကိုဘယ်လိုလုပ်သင့်လဲ ဆိုတာကို အကြံပြုဆွေးနွေးခဲ့ပါတယ်"လို့ ဒေါ်ခင်သန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
မြောက်ဦးမြို့ဟာ ရခိုင်မင်းဆက်တွေရဲ့ နောက်ဆုံးထီးနန်းစိုက်ခဲ့ရာ ရှေးဟောင်း မြို့တော်တစ်ခုဖြစ်ပြီး ဘာသာရေး အဆောက်အအုံတွေဖြစ်တဲ့ ဘုရား၊ ပုထိုး၊ သိမ်၊ ကျောင်းတွေ၊ စစ်ရေးဆိုင်ရာအဆောက်အအုံတွေဖြစ်တဲ့ မြို့ရိုး၊ တံတိုင်း၊ ခံတပ်၊ ကျုံးတွေလည်း အခုထိ အထင်အရှားရှိနေသေးသလို ယဉ်ကျေးမှုဆိုင်ရာ ဗိသုကာလက်ရာတိုးတက်ခဲ့တာတွေကိုလည်း လက်ရှိအချိန်ထိ မြင်တွေ့နေရဆဲဖြစ်ပါတယ်။
ရှေးဘုရင်တွေလက်ထက်က မြောက်ဦးမှာ ရေစီမံခန့်ခွဲရေးအတတ်ပညာတွေတိုးတက်ခဲ့ပြီး ရေအသုံးချမှုကိစ္စရပ်တွေဟာ ထူးခြားတဲ့စီမံခန့်ခွဲမှုတစ်ခုဖြစ်တာကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ များစွာရှိတဲ့အထဲ ဒီအတတ်ပညာနဲ့ပတ်သက်ပြီး ယူနက်စကိုအသိအမှတ်ပြုခံရဖို့ ကြိုးစားဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။
ရေကျုံး၊ နွံကျုံး၊ ကျုံးခြောက်၊ ရေနှုတ်မြောင်း၊ ရေတံခါး၊ စတာတွေနဲ့ လက်ရှိမြို့တွင်းမှာ ပတ်လည်စီးဆင်းနေတဲ့ ချောင်းတွေကို စစ်ရေးအရလိုအပ်တဲ့အချိန်တွေမှာ အသုံးချနိုင်အောင် ဆောင်ရွက်ထားတဲ့စီမံမှုမျိုးတွေရှိခဲ့တယ်လို့ သမိုင်းအထောက်အထားတွေရ သိရပါတယ်။
လတ်တလောမှာ မြောက်ဦးမြို့ကို လက်ဆည်ကန်ကနေ သောက်သုံးရေပေးဝေနေတာဖြစ်ပြီး ရှေးဟောင်းကျုံးကြီးတွေဖြစ်တဲ့ အနူမကန်နဲ့လက်ဆည်ကန်တို့ကို ဆက်သွယ်ထားတဲ့ တံတိုင်းနှစ်ခုကြားက ရေပြင်ကို သီးခြားစီဖြစ်အောင် လွန်ခဲ့တဲ့နှစ်ပေါင်း မြောက်များစွာကတည်းက ဆည်ဖို့ထား ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လက်ရှိမှာ မြောက်ဦးမြို့ရဲ့အခြေအနေတွေဟာ ပြောင်းလဲမှုတွေရှိနေပြီး တချို့နေရာတွေမှာ ရေစီးရေလာကောင်းမွန်အောင်ဆိုပြီး မြို့တွင်းချောင်းတွေကို တူးဖော်မှုတွေပြုလုပ်တာတွေရှိခဲ့ပါတယ်။
မြောက်ဦးမြို့ ရေစီးရေလာကိစ္စနဲ့ပတ်သက်လို့ လာရောက်စစ်ဆေးခဲ့ရာမှာ ၇၀ ရာနှုန်းလောက်သာ လက်ခံနိုင်ကြောင်းနဲ့ မူကြမ်းရေးဆွဲ နေတဲ့အချိန်က မြောက်ဦးရဲ့မြေပြင်အခြေအနေနဲ့ လတ်တလောအခြေအနေတွေဟာ ကွာဟမှုတွေရှိနေပြီး ဒီအပေါ်မှာ စိတ်တိုင်းမကျနိုင်ကြောင်း အီတလီပညာရှင် Professor Massimo Sarti က ပြောကြားခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောဆိုကြပါတယ်။
"သူပြောသွားတာက ရာနှုန်းပြည့်ကျေနပ်မှုမရှိဘူး။ ၇၀ ရာနှုန်းလောက်ပဲကျေနပ်တယ်လို့ပြောပါတယ်။ ဒါက ရေစီးရေလာကိစ္စ တစ်ခုတည်းကိုပြောတာပါ။ တခြားကဏ္ဍတွေလည်းအများကြီးရှိသေးတယ်။ ရေမြောင်းလွှဲတာတွေ၊ ချောင်းတွေကိုတူးဖော်တာတွေပေါ့။ အခက်အခဲတစ်ခုကတော့ အရင်ကမြေပုံနဲ့ အခုလက်ရှိက တစ်နှစ်ချင်း၊ ရက်ချင်း လွဲလာနေတာကို အပြစ်ပြောချင်တာတွေ့ရတယ်"လို့ ရှင်းလင်းပွဲကိုတက်ရောက်ခဲ့တဲ့ မြောက်ဦးမြို့ခံ ဦးဘညွန့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ယူနက်စကိုအသိအမှတ်ပြုခံရဖို့ ဆောင်ရွက်နေတဲ့အချိန်မှာ သဘာဝအတိုင်းယိုယွင်းလာနေတဲ့ တချို့ကိစ္စတွေကို တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ပြန်လည်ပြုပြင်မှုပြုလုပ်လိုက်တာတွေကြောင့် လွဲမှားမှုတွေလည်းဖြစ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရေစီမံခန့်ခွဲရေးနဲ့ပတ်သက်လို့ ယူနက်စကိုအသိအမှတ်ပြုခံရနိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ တင်သွင်းနိုင်ခဲ့ပြီး မူချောကိုတော့ ၂၀၂၁ ဒီဇင်ဘာလမှာ တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပြုလွှာပါအကြောင်းအရာတွေနဲ့ပတ်သက်လို့ လက်ရှိအခြေအနေတွေကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ အိုင်ကိုမော့စ်အဖွဲ့က လာရောက်ပြီး ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိနေတယ်လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှူအမွေအနှစ်စာရင်းဝင်ဒေသတစ်ခုအဖြစ် အဆိုပြုတာတွေလုပ်ဆောင်နေကြပေမယ့် လက်ခံနိုင်မလားဆိုတာကို လာရောက်စစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက်ပိုင်းမှ သိရမှာဖြစ်ပြီး လောလောဆယ်မှာတော့ ဒါနဲ့ပတ်သက်လို့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဆိုပြုလွှာတွေရေးသားနိုင်ရေးအတွက် ပညာရှင်တွေကွင်းဆင်းလေ့လာမှုတွေပြုလုပ်နေတဲ့အချိန်မှာ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲတွေအကြီးအကျယ် ဖြစ်ပွားနေတဲ့အတွက် အတားအဆီးတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။
ဒါ့အပြင်အဆိုပြုလွှာမူချောတင်သွင်းပြီး မကြာခင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့အတွက် လုပ်ငန်းစဉ်တွေ တစ်နှစ်ခန့်ရပ်တန့်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်နဲ့ လက်ရှိစစ်ကောင်စီလက်ထက်နှစ်ခုစလုံးကတော့ ဒီလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်မှုတွေရှိနေပြီး ဘယ်အစိုးရလက်ထက်မှာ ပိုပြီးအောင်မြင်တယ်ဆိုတာတော့ ပြောဖို့ခက်တယ်လို့ မြောက်ဦးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ဆိုပါတယ်။








