ကိုယ့်ခြံထဲက ကိုယ်ထွက်ပြေးကြရတဲ့ ကွမ်းသီးခြံသမားတွေရဲ့ ဒုက္ခ

ဓာတ်ပုံ ရင်းမြစ်, CJ
"စစ်တပ်မလာတဲ့အချိန်မှာ ကိုယ့်ခြံထဲကိုယ်သွားပြီး ကွမ်းသီးခြောက်တွေလုပ်တယ်၊ စစ်တပ် ဝင်လာပြီ ဆိုရင်တော့ မိသားစုလိုက်ပြေးကြတယ် ပေါ့နော်"
"ခက်ခဲတဲ့ အနေအထားက ကျတော့ ဒီကွမ်းသီးခြောက်တွေကို သိုပဲ သိုလှောင်ထားရမလား၊ ရောင်းရမလား၊ အခုကျတော့ မြို့ပေါ်တင် ရောင်းလို့ မရတော့ စျေးပေါပေါနဲ့ ရောင်းချပြီး စားဝတ်နေရေးကို မှီခိုနေရတာပေါ့"
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က မိသားစု ကွမ်းသီးခြံလုပ်ငန်းလုပ်ကိုင်တဲ့ မချစ်ချစ်က သူတို့ သရက်ချောင်းမြို့နယ်မှာ လက်ရှိကြုံတွေနေရတဲ့ အခြေအနေကို ပြောပြတာဖြစ်ပါတယ်။
သရက်ချောင်းမြို့နယ်ဟာ မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်မှာ ပါဝင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပြီး ထားဝယ် မြိတ် ကားလမ်းပေါ်မှာ တည်ရှိကာ ထားဝယ်မြို့ နဲ့ ၁၇ မိုင်ကွာဝေးပါတယ်။ ထားဝယ်မြို့ထက် ပင်လယ်ကမ်းရိုးတန်း နဲ့ ၁၅ မိုင်ခန့် ပိုမိုနီးကပ်ပြီးတော့ ထားဝယ်မြစ်ရဲ့ အရှေ့ဘက်ကမ်း အနီးမှာ တည်ရှိတာဖြစ်ပါတယ်။
သရက်ချောင်းမြို့နယ်ထဲမှာ မြို့နယ်တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ကွမ်းသီးခြံလုပ်ငန်းလုပ်ကိုင်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ထဲကကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၄ ရွာလောက် ရွာလုံးကျွတ်စစ်ဘေး တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုကတော့ တိုက်ပွဲတွေနည်းသွာပေမဲ့ ဖမ်းဆီးမှုတွေ ပစ်ခတ်မှုတွေ ထားဝယ်ခရိုင်ထဲမှာ လတ်တလောရှိနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပြည်သူတွေ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေး အပါအဝင် ကဏ္ဍတိုင်းမှာ အာဏာမသိမ်းခင် အချိန်ကထက် တနည်းမဟုတ် တနည်း အခက်အခဲတွေ၊ ဒုက္ခတွေ ပိုမိုကြုံတွေ့လာနေကြရတယ်ဆိုတဲ့ ညည်းတွားသံတွေ နေ့စဉ်လိုလို ကြားနေရပါတယ်။
ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတွေကြောင့် မြန်မာနိုင်ငံတဝန်း စီးပွားရေး ဒုက္ခတွေ ရင်ဆိုင်နေရချိန်မှာ အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့အတွက် ပိုမိုဆိုးရွားတဲ့ ဒုက္ခတွေ ရင်ဆိုင်လာရသူတွေထဲ တနင်္သာရီတိုင်းမှာ နေထိုင်သူတွေလည်း ပါဝင်ပါတယ်။
ပင်လယ်ကမ်းရိုးတန်း ဒေသ တနင်္သာရီတိုင်းက စီးပွားရေးလုပ်ငန်းတွေထဲမှာ ရေလုပ်ငန်းနဲ့ ကွမ်းသီး ၊ရော်ဘာ၊ သီဟိုဋ္ဌ်စတဲ့ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်း တွေကို အဓိက လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အခုကာလမှာတော့ ဘယ်လို လုပ်ငန်းမျိုးပဲ လုပ်လုပ် အခက်အခဲတွေ အဆင်မပြေမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေလုပ်ငန်း လုပ်ကိုင်ကြသူတွေအနေနဲ့ လောင်စာဆီစျေးတွေ တက်တဲ့အတွက် ပင်လယ်ထဲထွက် ငါးဖမ်းတဲ့နေရာမှာရော ဖမ်းလာပြီးသားငါးတွေကို သယ်ယူပို့ဆောင် တင်ပို့ရောင်းချရတဲ့နေရာမှာပါ စရိတ်စက ပိုကြီးလာတယ်လို့ မိသားစု ရေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
"ဒီဇယ်က တစ်လီတာ ၁၆၇၀ ကျပ် ဖြစ်နေပါတယ် အရင်ဈေးရဲ့သုံးဆနီးပါးပါ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေလုပ်ငန်းကို မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ပုလော စတဲ့ မြို့နယ်တွေမှာ ကမ်းနီး ကမ်းဝေး ရေလုပ်ငန်းလုပ်ကိုင်ကြတာ များသလို သရက်ချောင်း၊ မြစ်သာ၊ ရေဖြူ၊တနင်္သာရီ စတဲ့ မြို့နယ်တွေမှာတော့ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူ များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ၊ ထိတွေ့မှုတွေ ရှိတဲ့ မြို့နယ်တွေမှာဆိုရင် ဥယျာဉ်ခြံ လုပ်ငန်း လုပ်ကိုင်သူတွေ အထိတ်တလန့် နေထိုင် အလုပ်လုပ်ကြရတယ်လို့ ဆိုပါတယ်။
တနင်္သာရီ တိုင်းအတွင်းမှာ ရေဖြူ၊ သရက်ချောင်းနဲ့ ပုလောမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ အများဆုံးလို့ ပြောနိုင်ကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကွမ်းသီးလုပ်ငန်း လုပ်ရသူတွေ တော်တော် အထိနာတယ်လို့ ပုလောမြို့နယ်က ကိုနေက ပြောပါတယ်။ ပုလောမြို့နယ်က ကွမ်းသီးခြောက်လုပ်ငန်း အဓိက လုပ်တဲ့မြို့နယ်တခု ဖြစ်ပြီး အခု တိုက်ပွဲတွေကြောင့် ကွမ်းသီး အရောင်းအဝယ် လုပ်ငန်းတွေ လုပ်ကိုင်ရတာ တော်တော် ခက်ခဲနေတဲ့အပြင် သယ်ယူပို့ဆောင်ရေးတွေလည်း အဆင်မပြေဘူးလို့ သူက ပြောပါတယ်။
ရောင်းဖို့ ဝယ်ဖို့ မလွယ်ကူတဲ့ အတွက် သိုလှောင်ထားဖို့ကျပြန်တော့လည်း စားဝတ်နေရေးနဲ့ တခြား လည်ပတ်သုံးစွဲရမှာတွေ ရှိသေးတဲ့ အတွက် အခက်အခဲ ဖြစ်နေ ကြရတယ်လို့ သူက ပြောပါတယ်။
ပုလောမြို့နယ် အတွင်း စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာအနီးဝန်းကျင်က ရွာတွေမှာ ခြံပိုင်ရှင်တွေက ကွမ်းသီးခြံထဲ အလုပ်သွားလုပ်ဖို့ မသွားရဲမလာရဲ ဖြစ်ကြပြီး စစ်ကောင်စီတပ်တွေ ဖြတ်သန်း ဝင်ရောက် သွားခဲ့တဲ့ခြံတွေထဲမှာ မိုင်းတွေများ ရှိမလားစိုးရိမ်လို့ မသွားရဲကြတာတွေလည်း ရှိတယ်လို့ ကိုနေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒါ့အပြင် စစ်ကောင်စီတပ်တွေ ဝင်လာတဲ့အချိန် ခြံတွေထဲမှာ ရွာသားတွေနဲ့ တိုးတဲ့အခါ ပစ်ခတ်ခံရပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က ပုလောမြို့နယ်က ကျေးရွာတစ်ရွာကို ဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက ရော်ဘာခြံထဲမှာ ရော်ဘာခြစ်နေတဲ့ ၂၃ နှစ် အရွယ် အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့တယ်လို့ ကိုနေ က ပြောပါတယ်။
တနင်္သာရီတိုင်းက ဥယျာဉ်ခြံလုပ်ငန်းတွေမှာ ရော်ဘာ၊ ကွမ်းသီးခြောက်၊ ငရုတ်ကောင်း၊ သီဟိုဋ္ဌ်စေ့ စတာတွေကို ရာသီအလိုက် ခူးယူ ထုတ်လုပ်ရောင်းချ ကြတာဖြစ်ပါတယ်။ အခု လောလောဆယ်က ကွမ်းသီးခြောက်တွေ သိမ်းဖို့ ရာသီ ကုန်တော့မယ့်အချိန်ပါ။
ပြီးခဲ့တဲ့ လတွေတုန်းကဆိုရင် စစ်ဘေးစစ်ဒဏ်သင့်တဲ့ နေရာတွေမှာ ခြံတွေ အိမ်တွေကို ထားခဲ့ပြီး ဘေးလွတ်ရာထွက်ပြေးကြရလို့ ကိုယ့်ခြံက အသီးတွေကို မခူးနိုင်တာ ရှိသလို ပိုင်ရှင်တွေ ထွက်ပြေးနေရချိန်မှာ အချောင် သမားတွေဝင်ရောက် ခိုးယူ ခူးတာတွေကြောင့် ဆုံးရှုံးရတာတွေ ရှိကြပါတယ်။
အခုလတ်တလောကာလ ကွမ်းသီးတွေ မှည့်လို့ ခူးရတဲ့ အချိန်မှာ တိုက်ပွဲတွေ နည်းနည်း ငြိမ်သွားလို့ ကွမ်းသီးခြံ စိုက်ပျိုးရေးသမားတွေ နည်းနည်း ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။
ဒါပေမဲ့ ကွမ်းသီးခြံပိုင်ရှင်တွေက အခက်အခဲတွေ အမျိုးမျိုးကြားမှာ ကွမ်းသီးအနု၊ ကွမ်းသီးမှည့် အလုံး၊ ကွမ်းသီးမှည့် ခြမ်း စသဖြင့် ကိုယ့်စိတ်ကြိုက် ခူးယူထုတ်လုပ်ပြီးပြီ ဆိုရင်တောင် ငွေပေါ်အောင် ရောင်းချရတဲ့နေရာမှာ အခက်အခဲက ရှိနေပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ဖြစ်နေတဲ့ တိုက်နယ်တွေထဲမှာက စီးပွားရေးအတွက် ကွမ်းသီးက ရတဲ့ ဝင်ငွေကို မှီခိုအားထား နေကြရတာပါ။ ကွမ်းသီးကို မြို့ပေါ်သွားရောင်းမှ ဝင်ငွေရပြီး စားကြရတာ ဖြစ်ပါတယ်။ တနှစ်စာ မိသားစု စားဝတ်နေရေးအတွက်လည်း ဒီဝင်ငွေနဲ့ပဲ သုံးစွဲကြရပါတယ်။
ပြီးခဲ့တဲ့လ လောက်တုန်းက ဆိုရင် ကွမ်းသီးတွေ သွားရောင်းတဲ့အခါ PDF ဒေသကာကွယ်ရေးတပ်တွေကို ကူညီမယ့်သူတွေ ဆိုတဲ့ သံသယတွေနဲ့ စိုက်ပျိုးဒေသကနေ အပြင်ကို တင်ပို့ ရောင်းချခွင့် မပေးလို့ အခက်အခဲတွေ ကြုံကြရတယ်လို့ သရက်ချောင်းမြို့နယ်က ဒေသခံတွေက ပြောပါတယ်။
ကွမ်းသီး စိုက်ပျိုးကြသူတွေက သူတို့ ထွက်ကုန်တွေကို ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေဆီ တင်ပို့ရောင်းချကြပါတယ်။ အဲဒီကတစ်ဆင့် ပြည်တွင်း ပြည်ပ ဘယ်လို စျေးကွက်ရှိတယ်၊ ဘယ်ကို ဆက်လက် ဖြန့်ဖြူး ရောင်းချကြတယ် ဆိုတာတော့ တောသူတောင်သား ဥယျာဉ်ခြံမြေသမားတွေ မသိကြပါဘူး။
ကုန်တင်ကားတွေနဲ့ ကွမ်းသီးတွေကို တင်ပို့ရင် သာမန်အားဖြင့် သယ်ယူပို့ဆောင်ခ တစ်ပိသာကို ၅၀ ကျပ်ပဲ ပေးရပေမဲ့ အခု နောက်ပိုင်းမှာ စစ်ကောင်စီ တပ်သားတွေနဲ့ နယ်မြေခံ ပျူစောထီးတွေ ရှိနေတဲ့ ဂိတ်တွေမှာ မူရင်းစျေးထက် ၁၀ ဆ နီးပါးပေးမှ တင်ပို့ခွင့်ရတယ်လို့ သရက်ချောင်းမြို့နယ်က မပေါက်ပေါက် (အမည်လွှဲ) က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သူနဲ့တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ ဒေသအတွင်းဝင်ရောက်လာတဲ့ အဝတ်အထည် စားသောက်ကုန် ဆေးဝါး လူသုံးကုန် စတာတွေကို အဝင်အထွက် စစ်ဆေးတာတွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကွမ်းသီးခြောက်လုပ်ငန်းကိုပဲ အဓိက စီးပွားရေးအဖြစ် လုပ်ကြတဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ဥယျာဉ်ခြံ သမားတွေက ကိုယ်တိုင် မြို့ကို တင်ပို့ ရောင်းချဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် သူတို့နေထိုင်ရာနေရာအထိ လာဝယ်ကြသူတွေလက်ထဲကို ပေါက်စျေးမရလည်း ရောင်းချလိုက်ကြတယ်လို့ မိသားစု ကွမ်းသီးလုပ်ငန်း လုပ်တဲ့ မချစ်ချစ်က ပြောပါတယ်။
ကွမ်းသီးခြောက်ပေါက်စျေးက ပြီးခဲ့တဲ့လတွေတုန်းက တစ်ပိသာကို ၄ ထောင် ကျပ်လောက်အထိ ကျသွားခဲ့ပြီး အခု လတ်တလောမှာ တစ်ပိသာကို ၆ ထောင်ကျော်လောက် အထိ စျေးရတယ်လို့ မပေါက်ပေါက်က ပြောပါတယ်။
အာဏာသိမ်းပြီး တစ်နှစ်တာ ကာလမှာ စီးပွားရေး အတွက်လုပ်ကိုင်စားသောက်ကြရသူတွေ အခက်အခဲ မျိုးစုံ ကြုံနေရချိန်မှာတနေ့လုပ်မှ တနေ့စားရတဲ့ လက်လုပ် လက်စားတွေရဲ့ ဘဝက ပိုမို ဆိုးရွားလာတယ်လို့ ပြောကြပါတယ်။
အလုပ်ရှင်တွေက လုပ်ငန်းတွေမကောင်းတဲ့အတွက် သူတို့ အလုပ်သမားတွေကို နေ့စားခ ပေးတဲ့အခါ အရင်နှုန်းထားတွေ အတိုင်းမပေးနိုင်တော့ဘဲ လျှော့ပေးကြပါတယ်၊ အလုပ်သမားတွေကလည်း ဝင်ငွေရဖို့ လိုအပ်တဲ့အတွက် ရသလောက်နဲ့ အလုပ် လုပ်ကြရတယ်လို့ လောင်းလုံး မြို့နယ်က မိသားစု ခြံလုပ်ငန်းလုပ်သူ တစ်ယောက်က ပြောပါတယ်။
ဘီဘီစီနဲ့ စကားပြောမေးမြန်းခွင့်ရတဲ့ တနင်္သာရီတိုင်းက ဒေသခံ လုပ်ငန်းရှင်တွေ၊ သာမန် အလုပ်သမားတွေကတော့ ဒီပုံစံအတိုင်းသာ ဆက်သွားရမယ် ဆိုရင် သူတို့ အနာဂတ်တွေလည်း မသေချာ မရေရာတဲ့ အခြေအနေနဲ့ ရှေ့ဆက်သွားရမှာပဲလို့ ပြောကြပါတယ်။
ပြည်သူတွေမျှော်မှန်းတဲ့ တော်လှန်ရေး အောင်မြင်ပြီးမှသာ အေးအေးချမ်းချမ်း အသင်မွေးဝမ်းကျောင်းလုပ်ပြီး ရပ်တည်နေထိုင် နိုင်လိမ့်မယ်လို့ မချစ်ချစ်က ပြောပါတယ်။








