ကျောက်တော် ညောင်ချောင်းစစ်ရှောင်စခန်းနေသူတချို့ ဝမ်းရောဂါဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေကြရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသူတွေရှိနေတယ်လို့ စခန်းကော်မတီက ဦးခိုင်မျိုးအောင်က ပြောပါတယ်။
ညောင်ချောင်းစခန်းမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ စခန်းအနီးကရေကန်ကရေကို မှီခိုနေကြရတာဖြစ်ပြီး အဲ့ဒီရေကန်မှာ ရေတွေ ခန်းခြောက်လာနေပြီ ဖြစ်တဲ့အတွက် မသန့်ရှင်းတော့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ အခုလို ဝမ်းပျက်ဝမ်းလျှော ဖြစ်သူတွေ၊ ဗိုက်အောင့်သူတွေ၊ ဝမ်းကိုက်သူတွေ ရှိလာနေပြီး ဆေးရုံဆေးခန်းသွားပြရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ဘေးရှောင်စခန်းခန်းမှာ အသုံးပြုနေတဲ့အိမ်သာတွေဟာ လူနေတဲ့နေရာနဲ့အနီးကပ်တဲ့နေရာတွေမှာ တည်ရှိပြီး လုံလုံခြုံခြုံမရှိသလို စခန်းတစ်ခုလုံးမှာလည်း သန့်ရှင်းမှုအားနည်းတဲ့အတွက် အခုလိုရောဂါဖြစ်ပွားမှုတွေနဲ့ ကြုံနေကြရတာဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို သရက်တစ်ပင် ကျေးလက်ကျန်းမာရေးဌာနခွဲကနေ ကျန်းမာရေးစောင့်ရှောက်မှုတွ ပုံမှန်လုပ်ပေးနေတာရှိတယ်လို့ သိရပါတယ်။
ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွေမှာလည်း ဆေးဝါးအလုံအလောက်မရှိတာကြောင့် စစ်ရှောင်မိသားစုတွေမှာ ဆေးတွေကိုအပြင်က ဝယ်သောက်နေကြရတဲ့အတွက် အခက်အခဲတွေနဲ့ကြုံနေကြရတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စားရေးသောက်ရေးအတွက်တောင် အခက်အခဲရှိနေတဲ့ စစ်ဘေးရှောင်တွေမှာ ကျန်းမာရေးမကောင်းတဲ့အချိန် ဆေးတွေကိုဝယ်သောက်နေရတာက ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝရစေချင်တယ်လို့ ဦးခိုင်မျိုးအောင်က ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကဆိုရင် အခုလို နွေရာသီးရေရှားပါးတဲ့အချိန်တွေမှာ ဈီးချောင်းတာတမံကရေတွေကို သယ်ယူပြီးစခန်းအတွင်းမှာ ပေးဝေမှုတွေလုပ်ပေးနိုင်တဲ့အတွက် အခက်အခဲမကြုံခဲ့ရဘူးလို့ သိရပါတယ်။
လတ်တလောမှာတော့ သောက်ရေအတွက်ကို ကျေးရွာရေပိုက်လိုင်းကနေ တန်းစီစနစ်နဲ့ ဝေမျှပြီးခပ်ယူနေကြရတယ်လို့ ဦးခိုင်မျိုးအောင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ညောင်ချောင်းကျေးရွာမှာ အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ဒုက္ခသည်စခန်းမှာလည်း အိမ်ထောင်စု ၈၀၀ ကျော်၊ လူဦးရေ ၄၀၀၀ ကျော်ထိ နေထိုင်နေကြတာကြောင့် အခုလို ရေကိုမျှဝေသုံးစွဲနေကြရတာဟာ တော်တော်လေးကို အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
မကြာခင်ရေခန်းခြောက်တော့မှာဖြစ်တဲ့အတွက် ညောင်ချောင်းဒုက္ခသည်ခစန်းကို အချိန်မီ သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့ ကျောက်တော်မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ ဒီဇင်ဘာလ အစည်းအဝေးမှာ တင်ပြထားပြီးဖြစ်ပေမဲ့ ဒီနေ့အထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘူးလို့ စခန်းကော်မတီက ဦးခိုင်မျိုးအောင်က ပြောပါတယ်။








