မကွေးတိုင်း ဆောက်လုပ်ရေး ဝန်ကြီး သဘာဝဘေး ပုဒ်မနဲ့ ထောင် ၃ နှစ်ချခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
မကွေးတိုင်း ပို့ဆောင်ရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးကို သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ နဲ့ ဇန်နဝါရီ ၁၇ ရက် နေ့က ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်လိုက် ပါတယ်။
ရှေ့နေတွေက လျှောက်လဲချက်ပေးတဲ့နေ့မှာပဲ နောက်ထပ်ရက်ချိန်း ထပ်မပေးတော့ဘဲ ပြစ်ဒဏ် ချမှတ် လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
လျှောက်လဲချက်ပေးပြီး နာရီပိုင်းအတွင်းမှာ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဘာကြောင့် တရားစွဲတာလဲ
၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးနောက် နိုဝင်ဘာ ၂၉ ရက်နေ့က သရက်မြို့နယ် ရွာမ ကျေးရွာ လျှပ်စစ်မီးလင်းရေး အောင်ပွဲ အခမ်းအနား အတွက် ဦးစီးကျင်းပသူ ကျေးရွာ မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးနီနဲ့ ကျေးရွာဆရာတော်တို့က သရက်မြို့နယ်သား ဖြစ်သူ ဦးတင်နွယ်ဦးကို ဖိတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ အခမ်းအနားကို တိုင်း ဝန်ကြီး ဦးတင်နွယ်ဦး၊ ခရိုင် လျှပ်စစ်အင်ဂျင်နီယာ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖ တို့ တက်ရောက် ခဲ့ကြပါတယ်။
အဲဒီအခမ်း အနား တက်ရောက်သူက လူ ၃၀ ထက်ကျော်လွန်တယ်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထာတဲ့ ကိုဗစ်နိုင်တင်း ရောဂါ ထိန်းချုပ်ရေး အမိန့် ညွှန်ကြားချက် တွေနဲ့ အညီ လိုက်နာမှု မရှိဘူး ဆိုပြီး မကွေးမြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ် တုံ့ပြန်ရေး ကော်မတီ အဖွဲဝင်ဖြစ်သူ မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေး လဝက ဦးစီးအရာရှိ ဦးသိန်းနိုင်ဦးက ဦးတင်နွယ်ဦးကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အာဏာသိမ်းပြီးနောက် နှစ်ပတ်ကျော်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဦးတင်နွယ်ဦး တရားစွဲခံခဲ့ရတာ ဖြစ်ပြီး အခမ်းအနား ဦးစီးကျင်းပသူ အပါအဝင် ကျန်သူ တဦးတယောက်မှ တရားစွဲဆိုခြင်း မခံကြရ ဘဲ သူ့တစ်ယောက်တည်းသာ ကွက်ပြီး တရားစွဲခံခဲ့ရတာလို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
တရားရုံးတွေ အပြန်အလှန် ရောက်သွားတဲ့ အမှုတွဲ
အခင်းဖြစ်တဲ့ နေရာက သရက်မြို့နယ် ရွာမ ကျေးရွာမှာ ဖြစ်လို့ သရက်မြို့နယ် အပိုင် စိန်ကော် နယ်မြေ ရဲစခန်းမှာ အမှုဖွင့်ရမှာ ဖြစ်ပေမဲ့ တရားလို ဦးသိန်းနိုင်ဦးက မကွေးမြို့နယ် မြို့မ ရဲစခန်းမှာ အမှုဖွင့်ခဲ့ ပါတယ်။
တိုင်ချက်ဖွင့်တဲ့နေရာ မှားယွင်း သွားခဲ့ပြီးနောက် အဲဒီရဲစခန်းက အဲဒီအမှုတွဲကို သရက်မြို့နယ် စိန်ကော် ကျေးရွာ ရဲစခန်းကို ပြန်လွှဲပေးခဲ့လို့ စိန်ကော်နယ်မြေရဲစခန်းက သရက်မြို့နယ် တရားရုံးမှာ တရားစွဲတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဦးတင်နွယ်ဦးက တခြားအမှုတွေနဲ့ စွဲဆိုခံရပြီး ထောင်ထဲမှာ ရောက်နေပြီ ဖြစ်လို့ တရားစွဲ အဖွဲ့အစည်းက မကွေးတိုင်း တရားလွှတ်တော်မှာ ရုံးပြောင်း လျှောက်ခဲ့တဲ့ပြီးနောက် မကွေးမြို့နယ်တရားရုံးကို ပြန်လွှဲပေးလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
တရာလိုပြသက်သေတွေ ဘာပြောကြလဲ
တရားလိုပြ သက်သေတွေဘက်က အခမ်းအနား တက်ရောက်သူတွေ ၃၀ မကျော်ကြောင်းနဲ့ ဦးတင်နွယ်ဦးက အခမ်းအနား ကျင်းပခါနီးမှာ ရောက်လာတယ်၊ Mask လည်း တပ်ထားတယ်၊ နှုတ်ခွန်းဆက်စကား ခဏပြောပြီးနောက်မှာ အခမ်းအနား ဖွင့်လှစ် ပြီး ပြီးချင်း ပြန်တယ်လို့ ပြောကြကြောင်း ရှေ့နေက ပြောပါတယ်။
သူပြန်တဲ့ အချိန်မှာ ကျေးရွာသူ ကျေးရွာသားတွေ ရောက်လာခဲ့ကြတယ်လို့ ထွက်ဆို ချက်ခဲ့ကြတဲ့အကြောင်း ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
တရားသူကြီကတော့ ဓာတ်ပုံမှတ်တမ်း ထဲမှာ Mask တပ်ထားပေမဲ့ အခမ်း အနားလုပ်စဉ် ထိုင်တဲ့ နေရာမှာတော့ ၆ ပေကွာမှာ မထိုင်ဘူး ဆိုပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ ပါတယ်။
အခမ်းအနား တက်သူတွေ အများကြီးထဲမှာ ဦးတင်နွယ်ဦး တစ်ယောက်တည်းကို ဘာကြောင့် ရွေးပြီး တရားစွဲတာလဲ ဆိုတဲ့ ရှေ့နေရဲ့ မေးမြန်းချက်ကို လဝက ဦးစီးအရာရှိ ဦးသိန်းနိုင်ဦးက တာဝန်ပေးသူကိုပဲ တရားစွဲတာလို့ ပြန်ဖြေ ခဲ့ကြောင်း ရှေ့နေက ပြန်ပြောပါတယ်။
ဆောက်လုပ်ရေးနဲ့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးဟာ အဂတိလိုက်စားမှု ဆိုင်ရာ အမှု ၄ မှု အတွက် တစ်မှုကို ၃ နှစ်စီနဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပါတယ်။
မကွေးတိုင်းအစိုးရ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများကို စွဲဆိုတဲ့ အမှုများနဲ့ ပြစ်ဒဏ်များ
မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုဟာ အဂတိမလိုက်စားမှုဆိုင်ရာ ဥပေဒေ ပုဒ်မ ၅၅ အရ စွဲဆိုခံရတဲ့ အမှု ၆ မှု အတွက် တစ်မှုကို ၃ နှစ်စီ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထောင်တွင်း အထူးတရားရုံက ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့ပါတယ်။
ဒေါက်တာအောင်မိုးညိုကိုစွဲဆိုထားတဲ့ အမှုတွေထဲမှာ ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုခံရတဲ့ အမှုအတွက် ထောင်ဒဏ် ၂ နှစ် ပထမဆုံး ချမှတ်ခံခဲ့ရ ပါတယ်။
သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ အရ စွဲဆိုခံထားရတဲ့ အမှုနဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ် ဆိုပြီး စွဲဆိုခံထားရတဲ့ ပုဒ်မ ၁၇၁- စ အမှုအတွက် ကြားနာစစ်ဆေးမှုတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
မကွေးတိုင်း လူမှုရေး ဝန်ကြီး ဒေါက်တာ ခင်မောင်အေးကတော့ အဂတိမှု ၃ မှု အတွက် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရပါတယ်။
ဒေါက်တာ အောင်မိုးညိုနဲ့ တိုင်းဝန်ကြီးတွေက ပြစ်ဒဏ်တွေ အတွက် အယူခံ မဝင်ဘူးလို့ ဆိုပေမဲ့ အဂတိမှု ၂ မှု အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတာ ကတော့ အယူခံဝင်မယ်လို့ သူ့ရှေ့နေက ပြောပါတယ်။








