ရခိုင်ပြည်နယ်တွင်း လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် သတိထားဆင်ခြင်ကြဖို့နဲ့ ပြည်သူ့လုံခြုံရေးကို တာဝန်ယူတယ်လို့အေအေပြော

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်တွင်း လူမျိုးရေးပဋိပက္ခဖြစ်စေနိုင်တဲ့ ဖြစ်စဉ်တွေ ဒီဇင်ဘာလအတွင်း ဆက်တိုက်ဖြစ်ပွား လာနေတဲ့အတွက် ဒါကိုပြည်သူတွေအနေနဲ့ သတိထားဆင်ခြင်ကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ကြေညာချက်တစ်စောင် ထုတ်ပြန်လာပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တို့မှာ ဒီဇင်ဘာလအတွင်း ထူးခြားတဲ့ဖြစ်စဉ် တွေဖြစ်ပွားနေပြီး အဲဒီဖြစ်စဉ်တွေက လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်တယ်လို့ ဒီဇင်ဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီဖြစ်စဉ်တွေဟာ မြောက်ဦး၊ ကျောက်တော်၊ ဂွနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုကျူးလွန်ဖို့ကြိုစားခဲ့တဲ့ ဖြစ်စဉ်တွေလို့ အေအေက ဆိုပါတယ်။
အေအေ သတိပေးတဲ့ ဖြစ်စဉ်တွေက ဘာတွေလဲ။
အေအေက ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ဖြစ်စဉ်ငါးခုကို ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က မြောက်ဦးမြို့နယ် ၊ ထိပ်ဝပြင်ကျေးရွာအနီးမှာ စပါးရိတ်သိမ်းခြွေလှေ့စက် နှစ်လုံး မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာအနီး ရိတ်သိမ်းပြီးစုပုံထားတဲ့ စပါးကောက်လှိုင်းတွေမီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျောက်တော်မြို့နယ် တောင်ဘွယ်ကျေးရွာအနီး ရခိုင်မျိုးသမီးငယ်တစ်ဦးကို မွတ်ဆလင်နှစ်ဦးက အဓမ္မပြုကျင့်ရန်ကြံစည်မှု၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဂွမြို့ ရွာမရပ်ကွက်က မူလတန်းကျောင်း မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာက လယ်သမားသုံးဦးပိုင်ဆိုင်တဲ့ ရိတ်သိမ်းပြီးစ စပါးတွေ မီးရှို့ခံရတဲ့ ဖြစ်စဉ်တို့ဖြစ်ပါတယ်။
အဲ့ဒီဖြစ်စဉ်ငါးခုစလုံးမှာ ရည်ရွယ်ချက်ရှိရှိနဲ့ အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးလှုံဆော်မှုကို နောက်ကွယ်ကကြိုးကိုင်လှုပ်ရှားနေတဲ့လုပ်ရပ်အဖြစ် သံသယဖြစ်စေပြီး လူမျိုးရေးဆိုင်ရာ ပဋိပက္ခဘက်က ဦးတည်သွားမည်ကိုစိုးရိမ်မိကြောင်း အေအေက သတိပေးပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေကို အာရုံပြောင်းချင်တာ လို့ သုံးသပ်မှုတွေရှိ
နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ဆက်စပ်ပြီး အာရုံပြောင်းလိုတဲ့သဘောနဲ့ အခုလိုမျိုး လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားလာအောင် ချိန်ကိုက်ဗုံးတစ်ခုလုံး ကိုင်တွယ်ဖန်တီးတဲ့ဖြစ်စဉ်တွေကိုလည်း ယခင်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေမှာ မြင်တွေ့ရတာတွေရှိနေတယ်လို့ ကျောက်တော်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းက သုံးသပ်ပြောကြားပါတယ်။
"လူမျိုးရေးကိစ္စတွေ၊ ဘာသာရေးကိစ္စတွေကို ရှေ့တန်းတင်ပြီးမှ နောက်ကွယ်က တစ်စုံတစ်ခု လုပ်လာနိုင်တဲ့အနေအထားတွေ ၊ လုပ်နေတဲ့အနေအထားတွေရှိတယ်ဆိုတာကို သုံးသပ်ချက်တွေရှိတယ်ပေါ့။ ဒီထုတ်ပြန်ချက်ကတော့ဖြင့် ကျွန်တော်တို့ ဝမ်းသာအားရနဲ့ ကြိုဆိုရမယ့် ထုတ်ပြန်ချက်တစ်ခုပဲ၊ တော်တော်လေးကို ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ သတိထားရမယ့်ကိစ္စတွေ၊ မျက်ခြည်မပြတ် သတိထားရမယ့်ကိစ္စတစ်ခုအဖြစ် မီးမောင်းထိုးပြတယ်လို့ ကျွန်တော်မြင်တယ်"လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hluttaw
အခုဖြစ်စဉ်တွေထဲ တချို့ဖြစ်ရပ်တွေဟာ မွတ်ဆလင်ကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါတွေဟာ ရခိုင်နဲ့မွတ်ဆလင်အသိုင်းအဝိုင်းကြား တစ်ဖက်နဲ့တစ်ဖက် ပြဿနာဖြစ်ပွားအောင် ကြံစည်လုပ်ဆောင်တာတွေဖြစ်နေတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါတယ်။
ရခိုင်နဲ့မွတ်ဆလင်တွေအကြား ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုနီးပါးကာလအတွင်း ကြီးမားတဲ့ပြဿနာတွေ ရှိခဲ့ကြပေမယ့် လက်ရှိမှာ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေး ယန္တရားတွေကို အကောင်အထည်ဖော် ကိုင်တွယ်လာတဲ့အချိန်မှာတော့ နှစ်ဖက် လူ့အဖွဲ့အစည်းကြား တင်းမာမှုတွေပြေလျော့သွားခဲ့ပြီး အတူယှဉ်တွဲနေထိုင်လို့ ရလာတဲ့အခြေအနေကို ရောက်ရှိလာခဲ့တယ်လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။
အထက်ပါဖြစ်စဉ်တွေဟာ တည်ငြိမ်နေတဲ့ရခိုင်ပြည်နယ်ကို လူမျိုးရေးပဋိပက္ခဖြစ်လာစေဖို့ တမင် ဖန်တီးနေခြင်းဖြစ်သလို မတည်မငြိမ်မှု စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ရှုမြင်ကြောင်းလည်း အေအေက ပြောကြားထားပါတယ်။
ဒါကြောင့် ရပ်ရွာ မြို့များမှာရှိကြတဲ့ လူငယ်တွေအနေနဲ့ ပြည်သူ့အသက်၊အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနဲ့ မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် မိမိကျေးရွာမြို့များမှာ လူစိမ်းအဝင်အထွက်တွေကို စောင့်ကြည့်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်အနေနဲ့လည်း အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပြည်သူနဲ့လက်တွဲပြီး သေသေချာချာ စုံစမ်းစစ်ဆေးသွားမှာဖြစ်သလို ပြည်သူ့လုံခြုံရေးကိုလည်း တာဝန်ယူသွားမယ်လို့ အဲ့ဒီကြေညာချက်မှာ အသိပေးထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေအတွက် လုံခြုံရေးကို ရက္ခိုင့်တပ်တော်က တာဝန်ယူလုပ်မယ်ဆိုတာကတော့ ဖြစ်သင့်တဲ့ကိစ္စရပ်တစ်ခုဖြစ်ပြီး ဒီအပေါ်မှာ ကြိုဆိုကြောင်း ဦးဦးထွန်းဝင်းက ပြောပါတယ်။
ရခိုင်တပ်တော်အေအေရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးပါဘူး။








