ပျောက်ဆုံးနေဆဲကျောင်းသားတဦး

သီလဝါရေကြောင်းသိပ္ပံတက္ကသိုလ်ကျောင်းသား ကိုကောင်းဆက်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သီလဝါရေကြောင်းသိပ္ပံတက္ကသိုလ်ကျောင်းသား ကိုကောင်းဆက်
ရေးသားခဲ့သည်။

စစ်ကောင်စီက နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးသွားတဲ့ သီလဝါရေကြောင်းတက္ကသိုလ် အပတ်စဉ် ၁၁ ကျောင်းသား ကိုကောင်းဆက်ဟာ အခုအချိန်အထိ ဘာသတင်းမှမရဘဲ ပျောက်ဆုံးနေပါတယ်။

သူနဲ့အတူအဖမ်းဆီးခံရတဲ့ ကိုဝေထွန်းဟာလည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေပါတယ်။ စစ်ကောင်စီဟာ သူတို့နှစ်ယောက်ကို ခရီးသွားစဉ်လမ်းမှာ တားပြီး ခရီးသည်တင် အံစာတုံးကားငယ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပေမဲ့ ဖမ်းဆီးကြောင်း သတင်းမထုတ်ပြန်သလို သက်ဆိုင်ရာမိသားစုကိုလည်း ဘာမှ အကြောင်းမကြားခဲ့ပါဘူး။

ဒါပေမဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လမ်းကနေမှတ်ပုံတင် တောင်းယူစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကိုတော့ မျက်မြင်သက်သေတွေက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ကိုကောင်းဆက်ကို မဖမ်းဆီးမီ ၅ ရက်အလိုမှာ ကိုကောင်းဆက်ရဲ့ဖခင် ဦးမျိုးလွင်ကိုလည်း ရန်ကုန်မြို့ပေါ်မှာ ကားမောင်းနေစဉ် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားခဲ့ပါတယ်။ နောက်တနေ့ မနက်မှာတော့ သေဆုံးပြီဆိုပြီး အလောင်းလာထုတ်ဖို့ စစ်ကောင်စီကအကြောင်းအကြားခဲ့ပါတယ်။ ဦးမျိုးလွင်ရဲ့နာရေးကို လာရောက်တဲ့ ဦးမျိုးလွင်ရဲ့ညီ ဦးမျိုးသက်ထွေးကိုလည်း နာရေးအပြီး ၂ ရက်အကြာမှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားပါတယ်။

အာဏာသိမ်းပြီးမှ နိုင်ငံရေးနဲ့ပတ်သက်ခဲ့သူ

ကိုကောင်းဆက်ဟာ စစ်တပ်က အာဏာမသိမ်းခင်အထိ နိုင်ငံရေးနဲ့ပတ်သက်သူတယောက်မဟုတ်ခဲ့ဘူးလို့ သူ့ရဲ့သူငယ်ချင်းတွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ပြည်သူလူထုအမြောက်အမြားပါဝင်ကြတဲ့ လမ်းပေါ် ဆန္ဒပြပွဲတွေမှာ အများနည်းတူ ပါဝင်ခဲ့တယ်လို့ အထွေထွေသပိတ်ကော်မတီ GSC အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုစိမ့်က ဘီဘီစီကို ပြောပါတယ်။

"General Strike Committee ဆိုပြီး ကျွန်တော်တို့ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့သပိတ်စစ်ကြောင်းတွေ ထွက်ကြတယ်ဗျ။ သူကကျွန်တော်တို့ရဲဘော်တွေထဲက ကဗျာဆရာတချို့နဲ့ခင်မင်ခဲ့ဖူးတဲ့ အတိုင်းအတာ ရှိတယ်။ အဲဒါနဲ့ သူကျွန်တော်တို့နဲ့ ပါလာတယ်။ ပါလာပြီးတော့ နိုင်ငံရေးမှာ လူတိုင်းပါဝင်နိုင်တဲ့ လမ်းမပေါ်သပိတ်တွေမှာကတည်းက သူကလူတိုင်းနည်းတူပါဝင်ခဲ့တာပေါ့ဗျ။ ဒါပေမဲ့ တယောက်ချင်း ဝင် join တာပဲရှိတယ်။ အဖွဲ့တခုခုနဲ့ အတူပါလာတာမျိုး မဟုတ်ဘူး။ နောက်ပိုင်း မတ်လ ၂၇ ရက်နောက်ပိုင်း ရန်ကုန်မှာ ဆန္ဒပြပွဲတွေ တော်တော်ငြိမ်သွားတယ်။ ပြောက်ကျားသပိတ်တောင်မှ ထွက်ဖို့မလွယ်တဲ့အခြေအနေ ဖြစ်လာတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ဆောင်ရွက်ချက်တွေလည်း ပြောင်းလဲလာတယ်ဗျ။"

စစ်တပ်ရဲ့ ဦးခေါင်းချိန်ရွယ်ပစ်ခတ်မှုတွေကြောင့် လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ သိန်းချီဆန္ဒပြသူတွေဟာ တဖြည်းဖြည်းပါးလျားလာပါတယ်။ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လူငယ်အများအပြားက မကျေနပ်ကြပေမဲ့ ပစ်ခတ်မှုတွေကြောင့် တန့်သွားတဲ့ နိုင်ငံရေးအရှိန်အဟုန်ကို ဘယ်လိုဆက်လက်သယ်ဆောင်ရမယ်ဆိုတာ စဥ်းစားမရလောက်အောင် ဖြစ်သွားခဲ့ကြတယ်လို့ ကိုစိမ့်က ဆိုပါတယ်။

"အဲဒီငြိမ်သွားတဲ့နောက်ပိုင်းမှာ ရန်ကုန်ကြီးက တော်တော်တိတ်ဆိတ်သွားတယ်။ ပြောက်ကျားသပိတ်တောင် ထွက်ဖို့ မလွယ်တော့ဘူး။ လူငယ်တွေက ဘယ်လိုလုပ်ရမှန်းလည်း မသိကြတော့ဘူးပေါ့။ အဲသလိုဖြစ်နေချိန်မှာ ကိုကောင်းဆက်နဲ့ ကျွန်တော်တို့နဲ့ တခြားမြို့နယ်ပေါင်းစုံကလူငယ်တွေ စစ်အာဏာသိမ်းဆန့်ကျင်ရေးကို မြေပေါ်မှာ ဆက်လုပ်ချင်သေးတဲ့ လူငယ်တွေ စုပေါင်းဆွေးနွေးပြီးတော့ "ဘာတွေလဲ၊ ရန်ကုန်သားတွေ" ဆိုပြီး သပိတ်ထွက်ကြမယ်လို့ ဆုံးဖြတ်ကြတယ်ဗျ။ အဲဒီအချိန်မှာ သူတို့က ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီကို ဖွဲ့ပြီးသား ဖြစ်နေတယ်။ အဲဒီအဖွဲ့ကလည်း အတူတူသပိတ်မှောက်ကြတယ်။ ပြောက်ကျားသပိတ်တွေကို တောက်လျှောက်လုပ်ရင်းနဲ့ ကျွန်တော်တို့ ပိုရင်းနှီးလာတာဗျ။"

"ကျွန်တော်တို့က မြေပေါ်နည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆက်ပြီးဆောင်ရွက်ချင်လို့ ကြိုးစားပေမဲ့ လမ်းပေါ်ထွက်တိုင်း အပစ်ခံနေရတော့ မြို့ပေါ်မှာ urban guerrilla တွေက ပေါ်လာတယ်ဗျ။ GSC က မြေပေါ်သပိတ်မှောက်တဲ့ လုပ်ငန်းတွေပဲ လုပ်ပေမဲ့ urban guerrilla လုပ်တဲ့သူတွေကို ကျွန်တော်တို့က မကန့်ကွက်ဘူး။ ထောက်ခံပါတယ်။ စစ်အာဏာရှင်ကို ဖြုတ်ချဖို့က ကျွန်တော်တို့ မြေပေါ်လှုပ်ရှားမှု သက်သက်နဲ့ ဖြစ်မှ မဖြစ်နိုင်တော့တာကိုဗျ။"

ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကို ဆက်ချင်လို့ ဘာလဲဟေ့ရန်ကုန်သားတွေ ဆန္ဒပြပွဲတွေဖော်ဆောင်ခဲ့တဲ့ ကိုကောင်းဆက်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကို ဆက်ချင်လို့ ဘာလဲဟေ့ရန်ကုန်သားတွေ ဆန္ဒပြပွဲတွေဖော်ဆောင်ခဲ့တဲ့ ကိုကောင်းဆက်

ဖခင်ကို ပစ်ခတ်ဖမ်းဆီး

စစ်ကောင်စီကတော့ ကိုကောင်းဆက်ကို မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ယူဆပြီး ဖမ်းဆီးဖို့ ရှာဖွေလာတယ်လို့ ကိုစိမ့်က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်ကတည်းက အိမ်မှာ မနေတော့တဲ့ ကိုကောင်းဆက်ကို စစ်ကောင်စီရဲ့ ထောက်လှမ်းရေးနဲ့ သတင်းပေးတွေက ရှာမတွေ့ခဲ့ပါဘူး။ ကိုကောင်းဆက်ကို ရှာမတွေ့တော့ သူ့အဖေကို ဖမ်းဖို့ကြိုးစားလာတယ်လို့ သူ့သူငယ်ချင်းကိုမျိုး (နာမည်လွှဲ) က ဘီဘီစီကို ပြောပါတယ်။

"ဦးမျိုးလွင်က နိုင်ငံရေး မလုပ်ပါဘူး။ စီးပွားရေးသမားပါ။ CDM တွေကို ငွေကြေးကူညီထောက်ပံ့တာမျိုးတွေတော့ ရှိတယ်။ သူက ငွေကြေးချောင်လည်တယ်ဗျာ။ သူ့မိတ်ဆွေတွေက CDM လုပ်ပြီး အဆင်မပြေတာတွေရှိတော့ သူက ကူညီတာပေါ့။ ဒါလည်း နာမည်ကျော်ကြားနေတာမျိုး မဟုတ်ပါဘူး။ သူကူညီတာကို စစ်ကောင်စီက မသိပါဘူး။ ကောင်းဆက်ကိုလိုချင်လို့ သူ့အဖေကို ဖမ်းဖို့ ကြိုးစားတာပါ။ ကောင်းဆက်ကိုမရတော့ သူ့အဖေကို အတင်းဖမ်းဖို့လုပ်တာ။"

"သူ့အဖေကို ဗိုလ်အောင်ကျော်လမ်းမှာ လှမ်းတွေ့တော့ သူ့အဖေ့ကားနောက်ကနေ သေနတ်နဲ့ လှမ်းပစ်ဖမ်းတယ် ပြောတယ်။ အဲဒီမှာပဲ သူ့အဖေက သေနတ်ဒဏ်ရာနဲ့ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံလိုက်ရပြီး နောက်နေ့မနက်မှာပဲပေါ့နော်။ အလောင်းလာထုတ်ဖို့ပြောတယ်။ ဒဏ်ရာကိုကြည့်ရတာတော့ ဆေးကုမပေးဘဲ စစ်ကြောရေးလုပ်လို့ သေဆုံးသွားတာဖြစ်မယ်လို့ သူ့အလောင်းကို ကြည့်လိုက်ရတဲ့သူတွေက ပြောကြပါတယ်။"

ကိုကောင်းဆက်နဲ့ အတူတူနိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူ လူငယ်တဦးဖြစ်တဲ့ ကိုမျိုးက ပြောပြတာပါ။

ကိုကောင်းဆက်ရဲ့ဖခင် ဦးမျိုးလွင်ဟာ ဗိုလ်အောင်ကျော်လမ်းပေါ်မှာ ပြည်ကျော်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ဖွင့်ထားပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ပါတယ်။

ဦးလေးကိုဆက်ဖမ်း

ဦးမျိုးလွင်ရဲ့ နာရေးအတွက် နေပြည်တော်ကနေ လာရောက်တဲ့ ကိုကောင်းဆက်ရဲ့ဦးလေး ဦးမျိုးသက်ထွေးကိုလည်း ပြည်ကျော်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်အတွင်းမှာပဲ လာရောက်ဖမ်းဆီးသွားပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဦးမျိုးလွင်ရဲ့ အလောင်းလာထုတ်ယူဖို့မိသားစုကို အကြောင်းကြားခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ဦးမျိုးသက်ထွေးကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဆိုင်ပိတ်ထားတဲ့ ပြည်ကျော်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ထဲမှာ စာရွက်စာတမ်းနဲ့ ငွေကြေးအချို့ သွားရောက်ယူစဉ်မှာ ဖမ်းသွားတာလို့ ကိုမျိုးက ဆိုပါတယ်။ စစ်ကောင်စီကတော့ ဦးမျိုးသက်ထွေးကို လက်နက်နဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ စစ်တပ်က သတင်းထုတ်ပြန်ရာမှာ ကိုကောင်းဆက်ကို ဖမ်းဆီးဖို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ကိုကောင်းဆက်ကို ဖောက်ခွဲရေးအမှုတွေနဲ့ စွပ်စွဲထားပါတယ်။

ဖမ်းမိထားတဲ့ လူငယ်ယောက်ျား ၁၀ ဦး၊ လူငယ်အမျိုးသမီး ၂ ဦးနဲ့အတူ ဦးမျိုးသက်ထွေးကိုပါ တဖွဲ့တည်း ကြံရာပါတွေအဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။ ကိုကောင်းဆက်ဟာ အဲဒီလူငယ်တွေနဲ့အတူ ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပြီး ဖမ်းဆီးဖို့ရှာဖွေနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဘီဘီစီကို အခု အင်တာဗျူးဖြေကြားသူ ကိုစိမ့်ကိုလည်း ဖမ်းဆီးဖို့ရှာဖွေနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက သတင်းမထုတ်ပြန်ဘဲ ကျန်နေတာကတော့ ဦးမျိုးလွင်ရဲ့သတင်းဖြစ်ပါတယ်။ ဦးမျိုးလွင်ကို ဘာ့ကြောင့်ဖမ်းသလဲ၊ ဘာလို့သေနတ်နဲ့ပစ်ဖမ်းသလဲ၊ ဘာ့ကြောင့်သေဆုံးသွားသလဲဆိုတဲ့သတင်းကို ဒီနေ့အထိ လုံးဝ မထုတ်ပြန်သေးပါဘူး။

မိသားစုပိုင်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင်းမှာရိုက်ထားတဲ့ကိုကောင်းဆက်နဲ့ ဖခင်ဦးမျိုးလွင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မိသားစုပိုင်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင်းမှာရိုက်ထားတဲ့ကိုကောင်းဆက်နဲ့ ဖခင်ဦးမျိုးလွင်

အစွပ်စွဲခံရတဲ့အမှုများ

စစ်ကောင်စီက ကိုကောင်းဆက်ကို ဖမ်းဆီးဖို့ရှာဖွေနေကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က သတင်းထုတ်ပြန်ရာမှာ အမှုတော်တော်များများနဲ့ စွပ်စွဲထားပါတယ်။

ဇူလိုင်လ ပထမအပတ်က ဗိုလ်တထောင်မြို့နယ်ထဲမှာ ကိုကောင်းဆက်ဟာ သူငယ်ချင်း ၁ ယောက်နဲ့အတူ ကီးပက်ဖုန်း keypad phone အသုံးပြုပြီး ဖောက်ခွဲရေးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ စတုတ္ထအပတ်မှာတော့ ကိုကောင်းဆက်နဲ့ သူငယ်ချင်း ၆ ယောက်ဟာ မဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ custom house ကို ကီးပက်ဖုန်းနဲ့ လက်လုပ်မိုင်းတွဲဖက် အသုံးပြုဖောက်ခွဲခဲ့ပေမဲ့ မပေါက်ကွဲဘူးလို့ မြဝတီရုပ်မြင်သံကြားက ကြေညာပါတယ်။

သြဂုတ်လ ၈ ရက် ပုဇွန်တောင်စျေးအနီးမှာ လက်လုပ်မိုင်းကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲရာမှာ ကိုကောင်းဆက်ဟာ တခြားသူငယ်ချင်း ၁၀ ယောက်နဲ့အတူ ပါဝင်ခဲ့တယ်လို့ မြဝတီရုပ်မြင်သံကြားက ကြေညာပါတယ်။ အဲဒီဖောက်ခွဲမှုမှာ ရဲတချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အစွပ်စွဲခံရတဲ့ နိုင်ငံရေးဆက်စပ်လုပ်ဆောင်မှု

နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးထားတဲ့သူ ၁၃ ယောက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်နဲ့ ဆက်စပ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးက ကွန်ရက်ပုံဆွဲပြီး မြဝတီရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။

ဗိုလ်တထောင်၊ ပုဇွန်တောင် လူငယ်သပိတ်ကော်မတီအဖွဲ့ BPYSC ဆိုတဲ့အဖွဲ့ကို လူ ၁၆ ယောက်နဲ့ ဖွဲ့စည်းခဲ့ပြီး အဲဒီအထဲမှာ ကိုကောင်းဆက်လည်း ပါဝင်တယ်လို့ မြဝတီရုပ်မြင်သံကြားက ထုတ်ပြန်ကြေညာပါတယ်။ BPYSC လူငယ်သပိတ်ကော်မတီဝင်တွေရှိတဲ့ ၄၄ လမ်းထဲကတိုက်ခန်းကို ဝင်ရောက်စီးနင်းဖမ်းဆီးရာမှာ လူငယ် ၅ ဦးတိုက်ပေါ်က ခုန်ချတဲ့ ဖြစ်စဉ်ကြောင့် လူအများအပြား အံ့သြတုန်လှုပ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့ဟာ ကိုကောင်းဆက်တို့အဖွဲ့လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

"တကယ့်ဖြစ်စဉ်ကတော့ ရဲနဲ့စစ်သားတွေက လာဖမ်းတဲ့အချိန်မှာ တိုက်ခေါင်မိုးပေါ် တက်ပြေးကြတာပါ။ အဲသလို တိုက်ခေါင်မိုးပေါ် တက်ပြေးကြတာကို သေနတ်နဲ့လိုက်ပစ်တော့ ခုန်ချကြတာပါ" လို့ ကိုမျိုးက ဘီဘီစီကို ပြောပါတယ်။

၄၄ လမ်းကို ဝင်ရောက်စီးနင်းမှုဖြစ်ပွားပြီးနောက် ကျဆုံးသွားတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ 44st-UG ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းခဲ့ရာမှာလည်း ကိုကောင်းဆက်ပါဝင်ခဲ့တယ်လို့ မြဝတီရုပ်မြင်သံကြားကထုတ်လွှင့်တဲ့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ကိုကောင်းဆက်နဲ့ ကိုဝေထွန်း အဖမ်းဆီးခံရ

စစ်ကောင်စီက ကြီးလေးတဲ့အမှုတော်တော်များများနဲ့ စွပ်စွဲကြေညာပြီးနောက်မှာ ကိုကောင်းဆက်နဲ့ ကိုဝေထွန်းဟာ ရန်ကုန်မြို့ကနေ တိမ်းရှောင်ဖို့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ခရီးသည်တင်ကားတစီးနဲ့ ထွက်ခွာလာခဲ့ကြပါတယ်။ အဲသလိုထွက်ခွာလာစဉ် လမ်းမှာ စစ်ဆေးရေးအဖွဲ့နဲ့တွေ့ပြီး အဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဖမ်းဆီးထားကြောင်း အခုချိန်ထိ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ကိုကောင်းဆက်ဟာ အသက် ၂၀ ကျော်အရွယ်လူငယ်တယောက်ဖြစ်ပြီး ပညာထူးချွန်တဲ့ ရေကြောင်းတက္ကသိုလ်ကျောင်းသားပါ။ မိဘကလည်း စီးပွားရေးချောင်လည်ပြည့်စုံသူဖြစ်တဲ့အတွက် စစ်တပ်အာဏာမသိမ်းခင်ကဆိုရင် အဆင်ပြေသာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ သူ့ဘဝဟာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်း သီတင်းပတ်တပတ်ကြာကာလတိုအတွင်းမှာတော့ သူ့ဘဝနဲ့သူ့မိသားစုအတွင်းမှာပါ ပိုမိုကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ ကိုကောင်းဆက်ရဲ့ဖခင်ဟာ သေနတ်နဲ့ပစ်အဖမ်းခံရသေဆုံးခဲ့ပြီး ကိုကောင်းဆက်ရဲ့ ဦးလေးနဲ့ ကိုကောင်းဆက်ကိုယ်တိုင်ဟာ စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းချုပ်နှောင်ထားတာကို ခံနေကြရပါတယ်။