ကျိုက်နဲရေလယ်ဘုရားဖူး သေဆုံးသူ ၂၀ ဦး အထိ ရှိလာပြီး ပျောက်ဆုံးနေသူတွေရှိနေဆဲ

ရေးသားခဲ့သည်။

ကျိုက်နဲရေလယ်က ဘုရားကိုသွားဖို့အတွက် ကမ်းခြေကနေ ၁မိုင်နဲ့ ၆ ဖာလုံ လောက် အကွာအဝေးရှိတဲ့ ဒေသခံတွေရဲ့အခေါ် နတ်လမ်းလို့ခေါ်တဲ့ သင်္ချာကိန်းဂဏန်း ၁ ပုံစံ လမ်း အကွေးလေးက နှစ်စဉ် အခုလိုချိန်မှာ ပေါ်လာတတ်ပါတယ်။

ဒီလမ်းကနေ ဘုရားကိုရောက်အောင်လျှောက်ရပြီးတော့ ၂၀၂၁ နိုဝင်ဘာ ၂၁ရက်နေ့မနက်ပိုင်းမှာ ပေါ်လာတဲ့ ဒေသခံတွေခေါ်တဲ့ နတ်လမ်းကတော့ အရင်နှစ်တွေထက် လမ်းကျဉ်းနေသလို ဘုရားဖူးကလည်း အရင်နှစ်တွေထက်ကို များပြားတဲ့ အခြေအနေဖြစ်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၁ ရက် မနက်အစောပိုင်းမှာ ဘုရားဖူးလာရင်း ရေနစ်သေဆုံးခဲ့သူဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ၅ ဦးထပ်တွေ့တာကြောင့် သေဆုံးသူ ၂၀ ဦးထိရှိလာပြီး ၃ ဦးပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။

ယုံကြည်သူတို့ရဲ့ နတ်လမ်း

သံဖြူဇရပ်မြို့နယ်ထဲက ဝဲကလောင်ရွာနဲ့ အံခဲနား ရွာမှာရှိတဲ့ ကျိုက်နဲ ရေလယ်ဘုရားပွဲတော်ဟာဆိုရင် ပုံမှန်တန်ဆောင်မုန်းလဆုတ် ၁ရက်နေ့ကနေ ၃ရက်အတွင်း ကျင်းပလေ့ရှိတဲ့ဘုရားပွဲတော် တစ်ခုဖြစ်ပါတယ်။

ဘုရားပွဲကာလတွေမှာတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာသူတွေကို ထမင်းချက်ကျွေးတဲ့ အလှူရှင်တွေရှိသလို သက်ကြီးရွယ်အိုတွေအတွက် စက်လှေစီစဉ်ပေးတာတွေ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ပြင်ဆင်ထားမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြား ဘုရားပွဲကို အကျဉ်းချုံးပြီး ကျင်းပမယ်လို့ ဂေါပကအဖွဲ့က ကြိုတင်စာထုတ်ခဲ့ပေမယ့် အရင်နှစ်တွေထပ်ပိုများတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးကားတွေနဲ့ ဘုရားဖူးပြည်သူ သောင်းနဲ့ချီလို့ ရောက်လာခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၁ရက်နေ့ မနက်အရုဏ်တက်ချိန်မှာတော့ မျှော်လင့်မထားတဲ့ ဒီရေမြင့်တက်မှု အခြေအနေက ဘုရားဖူးပြည်သူတချို့အတွက် ကံဆိုးမှုတွေဖြစ်ခဲ့ပြီး ကျန်ရစ်သူမိသားစုတွေအတွက် ကြေကွဲစရာဖြစ်ရပ်တွေ ဖြစ်ခဲ့ရပါတယ်။

တနှစ်တခါပေါ်လာတဲ့ ဒေသခံတွေယုံကြည်တဲ့ နတ်လမ်း

ဒေသခံတွေနဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေယုံကြည်စွာ သွားရောက်ဖူးမြော်ကြတဲ့ ကျိုက်နဲ ရေလယ်ဘုရားမှာလည်း ထူးခြားချက်တွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဝဲကလောင်ကမ်းခြေကနေ ၁မိုင်နဲ့ ၆ဖာလုံ လောက် အကွာအဝေးရှိတဲ့ ဘုရားကိုသွားဖို့အတွက် များသောအားဖြင့် မြန်မာလဆန်းရက် ၂ရက် ၃ရက်နေ့ရင်တော့ ဒေသခံတွေရဲ့အခေါ် နတ်လမ်းလို့ခေါ်တဲ့ သင်္ချာကိန်းဂဏန်း၁ ပုံစံ လမ်း အကွေးလေးပေါ်လာတတ်ပါတယ်။

ဘုရားဆီရောက်ဖို့လျှောက်ရတဲ့ ၁ မိုင်လောက်အထိတော့ ကျောက်စရစ်ခဲတွေနဲ့ ရေအနည်းငယ်ရှိတဲ့ လမ်းပေါ်ဖြတ်သွားနိုင်ပေမယ့် ဘုရားနားရောက်ကာနီး မှာတော့ ရေနက်တာကြောင့် အရင်နှစ်တွေမှာတော့ အနီးအနားမှာ စက်လှေတွေ စီစဉ်ပေးထားတယ်လို့ ဒေသခံတွေကပြောပြပါတယ်။

ဒေသခံတွေပြောတဲ့ နောက်ထပ်ထူးခြားမှုတစ်ခုက ဘုရားပတ်ပတ်လည်မှာ ရေတွေ ဘယ်လောက်တက်တက် ဘုရားပေါ်ကို ရေမလွှမ်းသလို၊ ဘုရားဖူးတွေ ဘယ်လောက်များများ နေစရာ နေရာ ကျယ်ဝန်းနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

နတ်လမ်းရဲ့ ပေါ်လျှောက်သူတွေ မမျှော်လင့်ထားတဲ့ ကြေကွဲစရာဖြစ်ရပ်

ဘားအံ့မြို့နယ်၊ မြိုင်ကလေးဘိလပ်မြေစက်ရုံအနီးက ကျေးရွာမှာနေထိုင်တဲ့ မဇင်မာတို့လည်း ဘုရားပွဲမတိုင်ခင်ရက်တွေ ကတည်းက ဘုရားပွဲဆီလာဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။

သာမန် လက်လုပ်လက်စား ဈေးရောင်းအသက်မွေးဝမ်းကျောင်း နေထိုင်သူတွေအတွက်တော့ မိသားစု၊ ဆွေမျိုးတွေ အပြင် ဒေသခံရွာသားတွေနဲ့အတူ ဘုရားဖူးကားနဲ့ ဘုရားဖူးခရီးသွားဖို့ ဆိုတာကတော့ မဇင်မာတို့အတွက် ဘဝအမောပြေစရာတစ်ခုလို့ ယူဆကြပါတယ်။

ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကြောင့် ကြေကွဲစရာခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ထောင်သောင်းချီတဲ့ လူအုပ်ကြီးထဲမှာ သမီးဖြစ်သူနဲ့ တူ၊တူမ ၃ယောက်နဲ့အတူ ရေပြင်ထဲ တိုးဝှေ့ရင်း ခရီးတဝက်ကျော်ကျော်လောက် လျှောက်လာပြီးတဲ့အချိန်မှာ ဒီရေတက်လာတဲ့အခြေအနေကို ကြုံခဲ့ရတဲ့အခြေအနေတွေကိုတော့ မဇင်မာက အခုလို ပြောပြပါတယ်။

" ပထမ ရေတက်လို့ လှိုင်းတချက်ပုတ်တာနဲ့ရေက ကျွန်မ ချိုင်းအောက် ရောက်နေပြီ။ နောက်တခါထပ်တက်တော့ နားရွက်အောက်ရောက်နေပြီ။ တူမလေးကလည်းကြောက်လို့အော်ငိုနေပြီ။ သမီးဖြစ်သူကိုတော့ တူလေးက တစ်ဖက်၊ ကျွန်မကတစ်ဖက် တင်းတင်းဆွဲထားရင်း လက်လွတ်သွားတယ်။ သမီးရေ ကိုကို အနားနေလို့ပြောလိုက်ပြီး ကျွန်မလည်း မြုပ်သွားတာ၊ တူလေးနဲ့တူမလေးကိုတော့ အသက်ရှင်လျှက်ပြန်ရပေမယ့် ကျွန်မသမီးလေးတော့ အသက်ရှင်ရက်ပြန်ရဖို့မမြင်ပါဘူး" လို့မဇင်မာက အဲ့ဒီနေ့ကအဖြစ်အပျက်ကို ပြောပြပါတယ်။

ဒီဖြစ်ရပ်ကြောင့် လာမယ့် ဒီဇင်ဘာ ၂၃ရက်နေ့မှာ အသက် ၁၅နှစ်ပြည့်မယ့် တဦးတည်းသော သမီးဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ နိုဝင်ဘာ ၂၂ရက်နေ့လယ်ပိုင်းမှာ မဇင်မာတယောက် ပြန်တွေ့ခဲ့ပါတယ်။

ထောင်သောင်းချီတဲ့ လူတန်းအရှည်ကြီးထဲမှာမှာ မဇင်မာတို့ရောက်နေတဲ့ နေရာလေးတကွက်မှာ ရုတ်တရက် ဒီရေမြင့်တက်လာပြီး လှိုင်းပုတ်ခတာကြောင့် လူတစ်ရာနီးပါးလောက် ရေထဲမျောတာတွေ၊ နစ်မြှပ်တာတွေ ဖြစ်ခဲ့ပြီး တစ်ဦးကိုတစ်ဦးပြန်လည်ကူညီနိုင်ဖို့အခွင့်အရေးလည်း နည်းခဲ့ကြပါတယ်။

ဖြစ်စဉ်ဖြစ်ပြီးမကြာခင် လှေတချို့ကယ်ဆယ်ဖို့ရောက်လာပြီး ကြိုးတွေချပေးခဲ့ပေမယ့် မနက်အရုဏ်တက်ချိန်ဖြစ်ပြီး အလင်းရောင်ကောင်းကောင်းမရတာကြောင့် တချို့ကိုကယ်ဆယ်လိုက်နိုင်ပေမယ့် တချို့ကိုတော့ မကယ်နိုင်ခဲ့ပါဘူးလို့ ပြောပါတယ်၊

သတိပေးခဲ့ပေမယ့် ဘာသာစကားကြောင့် နားမလည်နိုင်ခဲ့ဘူးလို့ဘုရားဖူးတွေပြော

ဘုရားပွဲကို အကျဉ်းချုံးပြီးလုပ်ခဲ့ပေမယ့် မျှော်လင့်တာထက် ပိုများတဲ့ ဘုရားဖူးပြည်သူတွေကြောင့် မနက် ၆နာရီမှ လှေတွေ စီစဉ်ပေးမယ်လို့ပြောခဲ့ပြီး သတိပေးမှုတွေလုပ်ခဲ့တယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။ဘုရားဖူးပြည်သူတွေရဲ့ ပြောဆိုချက်အရတော့ ဂေါပကအဖွဲ့က ပြောနေတာကြားပေမယ့် မွန်ဘာသာနဲ့ ပြောနေတဲ့စကားတွေကိုတော့ ဘာပြောမှန်း နားမလည်ခဲ့ဘူးလို့ ဆိုကြပါတယ်။

" အခုလိုဖြစ်ရတာ ကျွန်တော်တို့ရဲ့အားနည်းချက်လည်း ပါပါတယ်။ ဘုရားဖူးတွေက များတော့ ပြောမနိုင်ဘူး။ စာတွေလည်း ဗမာစာနဲ့ကပ်ထားပါတယ်။ ပါးစပ်ကအော်ပြော သတိပေးတာတော့ မွန်အများစုလာဖူးကြတော့ မွန်လိုပြောဖြစ်ပေမယ့် ဗမာစကားနဲ့ ပြောတာတွေလည်း သူတို့ မကြားလိုက်တာနေမှာပါ။ "

" အခုလည်း မနက် ၆နာရီမှစထွက်ကြဖို့ပြောပေမယ့် မနက် ၃နာရီခွဲလောက်ကတည်းက ကုန်းလေးနည်းနည်းပေါ်တာနဲ့ စထွက်ဖို့ပြင်ကြတာ သူတို့ စည်းကမ်းကိုမလိုက်နာလို့ဖြစ်ကြတာပါ။ အခုလိုဖြစ်ရတာတွေအတွက် ဂေါပကအဖွဲ့တွေမှာလည်း ထမင်းတောင် မစားနိုင်ရလောက်အောင် ဝမ်းနည်းရတယ်။ နောက်နှစ်တွေမှာအခုလိုဖြစ်ရပ်တွေမဖြစ်ရအောင် ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ လုပ်ဆောင်မယ်လို့ကတိပြုပါတယ်" လို့ ကျိုက်နဲ ရေလယ်ဘုရားဂေါပကအဖွဲ့ဝင်ဦးမင်းသီဟက ဘီဘီစီကိုပြောပါတယ်။

သေဆုံးသူ ၂၀ ဦးနဲ့ပျောက်ဆုံးနေသူတွေရှိနေဆဲ

အခုလို ကျိုက်နဲရေလယ်ဘုရားမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘုရားဖူးသူတွေ သေဆုံးမှု၊ ပျောက်ဆုံးနေမှု အခြေအနေတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စိတ်မကောင်းဖြစ်ရကြောင်း ယာယီသမ္မတရုံးရဲ့ ထုတ်ပြန်ချက်တစ်ခုအနေနဲ့ မနေ့ကနိုဝင်ဘာ ၂၁ရက်ကထုတ်ပြန်ခဲ့ပါတယ်။ မိသားစုဝင်တွေဆုံးရှုံးလိုက်ရသူတွေအတွက် ဒေသခံတွေအနေနဲ့ ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့မေတ္တာရပ်ခံထားပြီး ကူညီကယ်ဆယ်မှုတွေကို စနစ်တကျလုပ်ဖို့နဲ့ကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းတွေကို ချီးကျူးဂုဏ်ပြုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြလာပါတယ်။

ယခုနှစ် ကျိုက်နဲ၊ ရေလယ်ဘုရားကို လာဖူးကြသူတွေကတော့ ပြည်၊ ရန်ကုန်၊ မော်လမြိုင်၊ မုဒုံ၊ ပဲခူး၊ မုတ္တမ ၊ မြဝတီ၊ ပဲခူး စတဲ့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေ သောင်းနဲ့ချီလို့ ရောက်လာခဲ့တာဖြစ်တယ်လို့ ဘုရားဂေါပကအဖွဲ့ကပြောပါတယ်။

ဒီရေမြင့်တက်မှုကြောင့် ဒေသခံတွေ ရုတ်တရက်ရေနစ်သေဆုံး ခဲ့တာဟာဆိုရင် မနေ့က နိုဝင်ဘာ ၂၁ရက်နေ့မှာ ဒေသခံအလောင်း ၁၅ လောင်းကို ဆယ်ယူရခဲ့ပြီး ဒီကနေ့နိုဝင်ဘာ ၂၂ရက် နေ့မှာတော့ အလောင်း ၅လောင်း ထပ်မံဆယ်ယူရခဲ့တယ်လို့ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးနေတဲ့ စေတနာရှင် လူမှုကူညီရေးအသင်းကပြောပါတယ်။

သေဆုံးသူနဲ့ ပျောက်ဆုံးနေသူအများစုကတော့ အမျိုးသမီးနဲ့ကလေးငယ်တွေ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ၃ဦးထက် မနည်းပျောက်ဆုံးနေဆဲရှိသလို စာရင်းမပေးဘဲ ရှာဖွေနေသူတွေလည်း ရှိတာကြောင့် ကြောင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေတော့ ဆက်လုပ်နေဆဲလို့ သိရပါတယ်။