ဝစ္စကွန်ဆင် ပြည်နယ် လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ ၅ဦး သေပြီး အများအပြားဒဏ်ရာရ

အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင် ပြည်နယ် လမ်းလျှောက်ချီတက်ပွဲတစ်ခုကို ကားတစ်စင်းက ဝင်တိုက်တဲ့ အတွက် အနည်းဆုံး၅ဦးသေပြီး လူ၄၀ကျော်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ပါတယ်။
ဒေသစံတော်ချိန် ညနေ ၅နာရီထိုးခါနီး ဝစ္စကွန်ဆင်ပြည်နယ် မေလ်ဝေါ့ကီးမြို့ အနောက်ပိုင်းဝေါက်ကီရှာမြို့ မှာပြုလုပ်တဲ့ ခရစ်စမတ်အကြို လမ်းလျှောက်ချီတက်ပွဲမှာ ချီတက်နေတဲ့ လူအုပ်ထဲကို SUV အမျိုး အစား ကားအနီရောင် တစ်စင်းက ဝင်တိုက်ခဲ့တာပါ။
လူဒါဇင်နဲ့ချီ ကားတိုက်ခံရပြီး အဲ့ဒီအတိုက်ခံရတဲ့သူတွေထဲမှာ ကလေးတွေလည်းပါဝင်နေတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဒန်သွန်မဆင်ကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လူတစ်ယောက်ကို ဖမ်းဆီးထားပေမယ့် အခုအချိန်ထိတော့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ် မဖြစ်ဘူးဆိုတာ ကောက်ချက်မစွဲနိုင်သေးဘူးလို့ တာဝန်ရှိတဲ့ သူတစ်ယောက်ကပြောပါတယ်။
တရားခံလို့ သံသယရှိတဲ့သူ လူအုပ်ထဲထွက်ပြေးသွားတာကို မြင်လိုက်တယ်လို့ လုံခြုံရေး အရာရှိတစ်ယောက်ကလည်းပြောပါတယ်။
သူ လမ်းလျှောက်ချီတက်တာရပ်လိုက်တဲ့ အချိန်မှာ SUV ကားက လူအုပ်ထဲကို အရှိန်နဲ့မောင်း ဝင်လာပြီး တိုက်မိတဲ့ အသံတွေအကျယ်ကြီးကြားရတယ်လို့ ဒေသခံ အန်ဂီလီတို တီနိုရီယို မေလ်ဝေါ့ကီး သတင်းစာကို အခုလိုပြောပါတယ်။
"အသံအကျယ်ကြီးကြားလိုက်တယ်။ ပြီးတော့ ကားနဲ့အတိုက်ခံရတဲ့ လူတွေဆီက ငိုယိုအော်ဟစ်တဲ့ အသံတွေအကျယ်ကြီးတွေပါ ဆက်ကြားလိုက်ရတယ်။"
လူအုပ်ထဲကိုဝင်တိုက်တဲ့ကားက သူ့သမီးတွေရဲ့ အကအဖွဲ့ကိုလည်း ဝင်တိုက်သွားတယ်လို့ ကိုရီမွန်တီဟိုက ပြောပါတယ်။

"သိုးမွေးပန်းဖွားတွေ၊ဖိနပ်တွေနဲ့ ဟော့ချောကလက်တွေကလည်း အဲ့ဒီနေရာတစ်ဝိုက်မှာ ပြန့်ကျဲကုန်တယ်။ လဲကျနေတဲ့လူတွေကြားမှာ ကျွန်တော့်သမီးကိုတွေ့အောင် လိုက်ရှာ ရတယ်။"လို့ သူကပြောပါတယ်။
တစ်ချို့လူတွေက သူ့တို့ဘာသာ ဒေသခံဆေးရုံတွေကို ပို့တာရှိတဲ့အတွက် အသေအပျောက်နဲ့ ဒဏ်ရာရစာရင်းက ပိုတိုးလာနိုင်တယ်လို့ဝေါက်ကီရှာမြို့တာဝန်ရှိသူတွေက ပြောထားပါတယ်။
ကျေးဇူးတော်ချီးမွမ်းတဲ့ နေ့မတိုင်မီမှာ နှစ်စဥ်ကျင်းပတဲ့ ဝေါက်ကီရှာ လမ်းလျှောက်ချီတက်ပွဲကို လူခုနှစ်သောင်းနှစ်ထောင်နီးပါးတက်ရောက်ခဲ့ကြပြီး အဝတ်အ စားဆန်းဆန်းတွေဝတ်တာ ၊ ကတဲ့သူတွေနဲ့ သံစုံတီးဝိုင်းတွေလည်း ပါပါတယ်။
လူအုပ်ထဲကိုဝင်တိုက်တဲ့ကားရပ်သွားအောင် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရပြီး ကားမောင်းတဲ့သူကို ဖမ်းထားပေမယ့် အချက်အလက်အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဆိုတာ ရဲတပ်ဖွဲ့ အကြီးအကဲက အတည်ပြုပေးပါတယ်။
လူမှုကွန်ရက်ပေါ်တက်လာတဲ့ ဗီဒီယိုတစ်ခုမှာ ကားက အရှိန်နဲ့မောင်းလာပြီး လမ်းပေါ်က အတားအဆီတွေကိုလည်း တိုက်ချသွားတာတွေ့ရပါတယ်။ နောက်ဗီဒီယိုတစ်ခုမှာ ကားက ဂီတသမားအဖွဲ့တစ်ခုလို့ ယူဆရတဲ့ လူအုပ်ထဲကို ဝင်တိုက်သွားတာတွေ့ရပါတယ်။








