ရာသီဥတုပြောင်းလဲပြီး ကမ္ဘာကြီးပူနွေးလာခြင်းက တိရစ္ဆာန်တွေကို အရွယ်ငယ်လာစေသလား

ယေဘုယျအားဖြင့် ပိုနွေးတဲ့ဒေသတွေမှာ တိရစ္ဆာန်တွေ ပိုအရွယ်ငယ်လေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယေဘုယျအားဖြင့် ပိုနွေးတဲ့ဒေသတွေမှာ တိရစ္ဆာန်တွေ ပိုအရွယ်ငယ်လေ့ရှိ
    • ရေးသားသူ, ဖာနန်ဒို ဒူရာတီ
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
  • ရေးသားခဲ့သည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ ဒဏ်ကို ဆယ်စုနှစ်တွေနဲ့ချီပြီး ခံလာရတဲ့ အထဲမှာ ကနေဒါက Western Hudson Bay မှာ နေထိုင်ကျက်စားကြတဲ့ ဝင်ရိုးစွန်း ဝက်ဝံကြီးတွေလည်း ပါကြပါတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ အတိဒုက္ခတွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သင်္ကေတလို ဖြစ်လာနေပါတယ်။

ဒီဝက်ဝံတွေ အစာရှာတဲ့ အာတိတ်သမုဒ္ဒရာထဲက ရေခဲပြင်တွေ အရည်ပျော်လာကြတဲ့အတွက် အဲဒီ ဒေသအတွင်းမှာ တိရစ္ဆာန်ကောင်ရေပါ ကျဆင်းလာခဲ့ပါတယ်။

NGO Polar Bear International က ဇီဝဗေဒပညာရှင် ဒေါက်တာ စတက်ဖနီ ပဲန့်ခ်က ၁၉၈၀ ပြည့်နှစ်တွေက စပြီး ဝက်ဝံကောင်ရေဟာ ၁,၂၀၀ ကနေ ၈၀၀ အထိ ကျဆင်းသွားကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ပဲန့်ခ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဝက်ဝံတွေရဲ့ ကောင်ရေသာ ကျဆင်းသွားတာမဟုတ်ဘဲ အလုံးအထည် ကလည်း သေးငယ်လာတာကို သတိပြုမိခဲ့ကြပါတယ်။

ဝက်ဝံမ တွေဟာ ပိုပြီး ပိန်လာ သေးလာကြပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေနဲ့ ၂၀၁၀ ပြည့်နှစ်တွေအကြားမှာ အလေးချိန်အားဖြင့် ၆၅ ကီလိုဂရမ်လျော့ကျသွားသလို အရပ်လည်း ၅ စင်တီမီတာလောက် ပိုနိမ့်သွားခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် သူတို့ရဲ့ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်နိုင်တဲ့ စွမ်းရည်တွေပါ ကျဆင်းကောင်း ကျဆင်းလာစေနိုင်တယ်လို့ ယူဆကြပါတယ်။

ဝက်ဝံမတွေမှာ ဝက်ဝံပေါက်ကလေးတွေ ပိုပြီး နည်းနည်း လာနေတာကို တွေ့ရတယ်၊ အဲဒီ ဝက်ဝံပေါက်ကလေးတွေကလည်း အကောင်ပိုသေးလာတာ တွေ့ရတယ်၊ ဖြစ်နိုင်တာက မိခင်ဆီမှာ နို့ ကောင်းကောင်း တိုက်ကျွေးနိုင်လောက်အောင် အားမရှိလို့ ဖြစ်မယ်လို့ ပဲန့်ခ်က ပြောပါတယ်။

ကျန်းမာတဲ့ ဝန်ရိုးစွန်း ဝက်ဝံတွေမှာတော့ သားပေါက်နှုန်းက နည်းပြီးသားဆိုတော့ အခုလို နည်းနည်းလေး ထပ်ကျလာရင်တောင် စိုးရိမ်စရာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို အရွယ်အစားနဲ့ ကောင်ရေ ကျလာတာဟာ ဒီ ဝက်ဝံတွေချည်းပဲ မဟုတ်ပါဘူး။

သိပ္ပံပညာရှင်တွေက အပူချိန်တွေ မြင့်တက်လာခြင်းကြောင့် ကမ္ဘာတလွှား တိရစ္ဆာန်တွေရဲ့ အရွယ်အစား သေးငယ်သွားစေတယ်လို့ ယုံကြည်ထားကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ငါးတွေ၊ တွားသွား သတ္တဝါတွေ၊ ကုန်းနေရေနေ သတ္တဝါတွေနဲ့ နို့တိုက်သတ္တဝါတွေအပြင် အင်းဆက်ပိုးကောင်တွေပါ မကျန်အောင် မျိုးစိတ်ပေါင်း ရာပေါင်းများစွာကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံနေကြရတဲ့ မျိုးစိတ်တွေ စာရင်းကလည်း တိုးလာနေဆဲ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲတွေကြောင့် ဂေဟစနစ်တွေမှာပါ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး နောက်ဆုံးမှာ လူသားတွေမှာပါ ဒီအကျိုးဆက်တွေကို ခံစားလာရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

ဝက်ဝံအမတွေ အရွယ်ပိုငယ်လာပြီး သားပေါက်နှုန်းကျလာတာကို ကနေဒါ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝက်ဝံအမတွေ အရွယ်ပိုငယ်လာပြီး သားပေါက်နှုန်းကျလာတာကို ကနေဒါ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြ

အရွယ်အစား အရေးကြီးသလား

တိုတိုပြောရရင်တော့ တိရစ္ဆာန်တကောင်အဖို့ မျိုးပွားမှု၊ သက်တမ်း၊ မိုးခေါင်ရေရှားပြီး အစားအစာ ရှားပါးမှုတွေကို ကျော်ဖြတ်နိုင်မှုတွေအတွက် သူ့ အရွယ်အစားကလည်း အရေးကြီးပါတယ်။

တိရစ္ဆာန်တွေဟာ သဘာဝပတ်ဝန်းကျင်ရဲ့ အပြောင်းအလဲကို လိုက်ပြီး သူတို့ရဲ့ အရွယ်အစားကိုလည်း ကြီးလိုက် သေးလိုက်နဲ့ ပြောင်းလဲနိုင်ကြပါတယ်။ ဒီလို လုပ်နိုင်တာကို ဥပမာအနေနဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။

ဒါပေမယ့် အဲဒီ အပြောင်းအလဲတွေက တော်တော်ကို မြန်မြန်ဆန်ဆန် ဖြစ်လာနေတယ်လို့ သိပ္ပံပညာရှင်တွက ဆိုပါတယ်။ ၂၀၂၀ အတွင်းမှာ လုပ်ခဲ့တဲ့ လေ့လာမှု တခုအရ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ ကျက်စားတဲ့ ရေပုတ်သင်တမျိုးဟာ အချိန်အားဖြင့် ၈ နှစ်ကျော်လောက် အတွင်းမှာ ကိုယ်အလေးချိန်နဲ့ အရှည်အချိုးမှာ ၂၀ ရာခိုင်နှုန်းလောက် လျော့သွားတာကို တွေ့ရပါတယ်။

ဒီလိုနှုန်းမျိုးနဲ့ဆိုရင် တိရစ္ဆာန်တွေရဲ့ စားသောက်ပုံနဲ့ မျိုးပွားမှုတွေကို ထိခိုက်လာနိုင်ပြီး တချို့ မျိုးစိတ်တွေမှာ တခြားမျိုးစိတ်တွေထက်ပိုပြီး ထိခိုက်မှုတွေ ရှိလာမယ်ဆိုရင် အစားအစာ ပိုင်းမှာပါ ထိခိုက်လာနိုင်ပါတယ်။

ဘယ်အကောင်တွေ သေးသွားသလဲ

အရွယ်အစားက သားပေါက်နှုန်းနဲ့ ရှင်သန်ရပ်တည်ရေးတို့မှာလည်း အဓိကကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရွယ်အစားက သားပေါက်နှုန်းနဲ့ ရှင်သန်ရပ်တည်ရေးတို့မှာလည်း အဓိကကျ

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝသားရိုင်းတွေအပေါ် အကျိုးသက်ရောက်မှုတွေကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြရာမှာ တချို့ မျိုးစိတ်တွေမှာ ရွှေ့ပြောင်း ကျက်စားမှုတွေနဲ့ သားဖောက်ချိန်တွေမှာပါ ထိခိုက်လာနိုင်တာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာတော့ အပူချိန်နဲ့ ကိုယ်ခန္ဓာ အရွယ်အစား ဆက်စပ်မှု ရှိနေသလား ဆိုတာကို လေ့လာမှုတွေ ပိုလုပ်လာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းမှာပဲ ဒီအချက်ကို လေ့လာထားတဲ့ သုတေသန စာတမ်း ၅၀ ကျော်ကို သုံးသပ်ခဲ့ကြပါတယ်။

အဲဒီ လေ့လာမှုတွေထဲမှာ အထင်ရှားဆုံး တခုလို့ ပြောလို့ရနိုင်တာကတော့ ရှီကာဂို မြို့မှာ ရှိတဲ့ Field Museum က ပိုင်ဆိုင်တဲ့ ပြတင်းပေါက်နဲ့ တိုက်မိပြီး သေဆုံးခဲ့တဲ့ ငှက် ကောင်ရေ ၇၀,၀၀၀ ကျော်ကို လေ့လာမှုပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၉၇၈ ကနေ ၂၀၁၆ အတွင်းမှာ ငှက်မျိုးစိတ် ၅၂ ခုက ငှက်တွေမှာ အရွယ်အစား ပိုသေးသွားတာ လေ့လာသူတွေ တွေ့ရှိခဲ့ကြပါတယ်။ ငှက်တွေရဲ့ အရွယ်အစားကို တိုင်းတာရာမှာ သုံးတဲ့ ခြေထောက်ရိုး အရှည်ဟာ ၂.၄ ရာခိုင်နှုန်း တိုသွားတာကို တွေ့ရပါတယ်။

အဲဒီအချိန်ကာလနဲ့ အမေရိကန်သာမက ကမ္ဘာကြီးမှာပါ အပူချိန်တွေ တက်လာခဲ့တဲ့ အချိန်ဟာ သွားတိုက်ဆိုင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုက National Oceanic and Atmospheric Administration (NOAA) က ကမ္ဘာ့အပူချိန်ဟာ လွန်ခဲ့တဲ့ ၁၈၈၀ ကနေ စပြီး ဆယ်စုနှစ် တခုတိုင်းမှာ ၀.၀၈ ဒီဂရီ ဆဲလ်စီးယပ်စ် တက်လာခဲ့ပြီး ၁၉၈၁ ခုနှစ် နောက်ပိုင်းမှာတော့ ဆယ်စုနှစ် တခုတိုင်းမှာ ၀.၁၈ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ တက်လာခဲ့တယ်လို့ ဆိုထားပါတယ်။

ငှက်တွေနဲ့ ပတ်သက်လို့ လေ့လာရာမှာ ဦးဆောင်ခဲ့သူ တယောက်ဖြစ်တဲ့ University of Michigan က သဘာဝ ပတ်ဝန်းကျင် တည်တံ့မှု ဆိုင်ရာ ဌာနရဲ့ လက်ထောက် ပါမောက္ခ Brian Weeks က မျိုးစိတ်အားလုံးလောက်နီးနီး အရွယ်အစား သေးငယ်လာနေတာကို တွေ့ရကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

မျိုးစိတ်တွေက မတူကြဘူးဆိုပေမယ့် တုံ့ပြန်ပုံချင်းကတော့ အတူတူချည်းပဲ ဖြစ်တယ်၊ ဖြစ်နေကြပုံတွေကလည်း အံ့သြစရာတောင် ကောင်းအောင် တူညီကြတယ်လို့ ဆိုပါတယ်။

ပိုပူနွေးလာတာကြောင့် ငှက်တွေ အရွယ်အစားသေးလာတာကို နှစ် ၄၀ လောက်အတွင်း ငှက်သေတွေကို စုဆောင်းလေ့လာခဲ့ရာက တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Field Museum

ဓာတ်ပုံ ပုံစာ, ပိုပူနွေးလာတာကြောင့် ငှက်တွေ အရွယ်အစားသေးလာတာကို နှစ် ၄၀ လောက်အတွင်း ငှက်သေတွေကို စုဆောင်းလေ့လာခဲ့ရာက တွေ့ရှိ

မတူကွဲပြား မျိုးစိတ်များ

ဒီလို အရွယ်အစား သေးငယ်လာနေပုံနဲ့ ပတ်သက်လို့ ပိုမို ပြည့်စုံတဲ့ အထောက်အထားတွေကို ပြီးခဲ့တဲ့ ၂၀၁၂ က ဗြိတိသျှ သိပ္ပံပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ကြပါတယ်။

University of Liverpool နဲ့ Queen Mary University of London က သုတေသီတွေ စုပေါင်းထားတဲ့ အဖွဲ့က ကုန်းနေ ရေနေ တိရစ္ဆာန်မျိုးစိတ် ၁၆၉ မျိုးကို လေ့လာသုတေသနေ ပြုခဲ့ရာမှာ ၉၀ ရာခိုင်နှုန်းဟာ အပူချိန်တွေ မြင့်တက်နေချိန်မှာ ခန္ဓာကိုယ် အရွယ်အစား ခပ်ငယ်ငယ်အရွယ်မှာပဲ အရွယ်ရောက် ကြီးကောင်ဝင်လာကြတာကို တွေ့ခဲ့ရပါတယ်။

ဒီ သုတေသန စာတမ်းမှာ ပါဝင် ရေးသားခဲ့သူ ဖြစ်တဲ့ University of Liverpool က အပင်နဲ့ သတ္တဝါ အမျိုးမျိုးနဲ့ သဘာဝပတ်ဝန်းကျင် ဆက်စပ်မှု ဆိုင်ရာ ပါကမောက္ခ David Atkinson ကတော့ ဒါသဘာဝ ဖြစ်စဥ်တွေဟာ တော်တော် ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်နေတယ်လို့ ပြောပါတယ်။

North Sea ပင်လယ်ထဲက စီးပွားဖြစ် ဖမ်းယူနေတဲ့ ငါး မျိုးစိတ် ၈ မျိုးကို လေ့လာခဲ့တဲ့ အခါမှာလည်း ၁၉၇၀ နောက်ပိုင်း ပင်လယ်ရေ အပူချိန်တက်လာခဲ့တဲ့ နောက်ပိုင်း အချိန်အားဖြင့် ၃၉ နှစ်လောက် အတွင်းမှာ အဲဒီထဲက ၆ မျိုးဟာ အရွယ်အစား သေးငယ်သွားခဲ့တာကို တွေ့ရပါတယ်။

ငါးနဲ့ တခြား ရေနေသတ္တဝါတွေဟာ ကမ္ဘာတဝန်းက သန်းထောင်ချီနေတဲ့ လူတွေအတွက် အရေးကြီးတဲ့ စားနပ်ရိက္ခာရင်းမြစ် ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ Food and Agriculture Organization (FAO) က ပြောထားပါတယ်။

ဒီလို ကမ္ဘာ့အပူချိန်တက်လာတာနဲ့ တိရစ္ဆာန်တွေ အရွယ်အစား ငယ်သွားတာဟာ တိုက်ဆိုင်မှုရော မဖြစ်နိုင်ဘူးလားလို့ မေးစရာရှိပါတယ်။

ပါမောက္ခ Atkinson ကတော့ ဒါဟာ သိပ္ပံပညာရှင်တွေ ပြောကြတဲ့ သက်တမ်းတလျှောက်ဖြစ်စဥ်တွေ၊ သဘာဝ မြေမျက်နှာ သွင်ပြင်ဘက်မှာ ပြောင်းလဲမှုတွေနဲ့ အတူ ရာသီဥတု ပူနွေးလာမှုအပေါ် တတိယမြောက် တုံ့ပြန်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝသားရိုင်း တိရစ္ဆာန်တွေအပေါ်မှာ အပူချိန်တိုးလာမှုက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့ နောက်ထပ် လေ့လာမှုတွေ ထပ်ပြီး လုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် တွေ့ထားသလောက်နဲ့တင် တော်တော် စိုးရိမ်စရာ ကောင်းနေပါပြီလို့ သူက ပြောပါတယ်။

ခန္ဓာကိုယ် အရွယ်အစားမှာ အပြောင်းအလဲ ဖြစ်လာတာနဲ့ ရှင်သန်နေထိုင်ရေးနဲ့ မျိုးဆက်ပြန့်ပွားရေးတွေမှာပါ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အဲဒီကနေတဆင့် သတ္တဝါတွေနဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ လိုက်လျော ညီထွေ ဖြစ်တည် လည်ပတ်မှုတွေ အပေါ်မှာပါ ထိခိုက်လာနိုင်ပါတယ်လို့ ဆိုပါတယ်။

တိရစ္ဆာန်တွေ အရွယ်အစား သေးငယ်လာတယ် ဆိုရာမှာလည်း အဲဒီ သေးငယ်နှုန်းက တမျိုးနဲ့ တမျိုးမတူကြပါဘူး။ အဲဒီအခါမှာ အစာကို ရှာဖွေ ဖမ်းဆီးပြီး စားသောက်ကြတဲ့ ဖြစ်စဥ်တွေမှာ ဝမ်းပြည့်ဖို့ ပိုပြီး ရှာဖွေစားသောက်ရတာတွေ ဖြစ်လာနိုင်ပါတယ်။ တကယ် အရွယ်သေးငယ်လာရုံမကဘဲ မျိုးပွားနှုန်းတွေပါ ကျသွားမယ်ဆိုရင် အဲဒီအခြေအနေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။

လူတွေ စားသုံးကျတဲ့ ငါးမျိုးစိတ်တွေလည်း အရွယ်အစားသေးလာကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူတွေ စားသုံးကျတဲ့ ငါးမျိုးစိတ်တွေလည်း အရွယ်အစားသေးလာကြ

အပူချိန်နဲ့ တိရစ္ဆာန် အရွယ်အစား

အပူချိန်ကို လိုက်ပြီး တိရစ္ဆာန်တွေရဲ့ အရွယ်အစား ကွာခြားမှု ရှိတာကို သတိပြုမိကြတာတော့ ကြာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၉ ရာစုနှစ် အတွင်းက ဂျာမန် ဇီဝဗေဒ ပညာရှင် Carl Bergmann က ငှက်တွေနဲ့ နို့တိုက်သတ္တဝါတွေ အများစု ပါဝင်တဲ့ သွေးနွေးသတ္တဝါတွေမှာ ကိုယ်တွင်းက အပူထုတ်နိုင်သလို အေးမြတဲ့ ဒေသတွေမှာ ပူနွေးတဲ့ ဒေသတွေနဲ့ နှိုင်းစာရင် အဲဒီ တိရစ္ဆာန်တွေဟာ အကောင်ပိုကြီးကြတာကို တွေ့ရှိခဲ့ပါတယ်။

အဲဒီ ပုံစံကို ကမ္ဘာအနှံ့ သုံးနှုန်းတာမဟုတ်ပေမယ့် သတ္တဗေဒ ဘာသာရပ်မှာတော့ Bergmann's rule လို့ ခေါ်ကြပါတယ်။ အလွယ်ပြောရရင်တော့ ခန္ဓာကိုယ် အရွယ်အစား ကြီးမားတဲ့ အခါ သေးတဲ့ အကောင်တွေထက် ပိုပြီး အပူကို ထိန်းထားနိုင်တဲ့သဘော ဖြစ်ပါတယ်။

ဒီလိုခပ်ဆင်ဆင် အပူချိန်ကို လိုက်ပြီး အရွယ်အစား ကွာဟပုံ ဖြစ်စဥ်မျိုးကို သွေးအေး သတ္တဝါတွေ ဖြစ်ကြတဲ့ ငါးတွေ၊ ကုန်းနေရေနေနဲ့ တွားသွား သတ္တဝါတွေမှာလည်း တွေ့ရပါတယ်။

ယူကေက အမျိုးသား ရှေးဟောင်း ပြတိုက်မှာ ပြထားတဲ့ သမင်နီရဲ့ အရိုး အရွယ်အစား ကြီးလိုက် သေးလိုက် ဖြစ်နေတာကို တွေ့ရတဲ့ လေ့လာမှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, NHM

ဓာတ်ပုံ ပုံစာ, ယူကေက အမျိုးသား ရှေးဟောင်း ပြတိုက်မှာ ပြထားတဲ့ သမင်နီရဲ့ အရိုး အရွယ်အစား ကြီးလိုက် သေးလိုက် ဖြစ်နေတာကို တွေ့ရတဲ့ လေ့လာမှုတစ်ခု

တိရစ္ဆာန်တချို့မှာတော့ ကိုယ်ခန္ဓာအရွယ်အစားက သီးနှံ့နဲ့ အစာအရည်အသွေးက အပူချိန်ထက် ပိုပြီး သက်ရောက်မှု ရှိနေတဲ့ အတွက် တခြား အချက်တွေလည်း ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တချို့ ကိစ္စတွေမှာက ချွင်းချက်ဆိုတာ ရှိပါတယ်။

၂၀၁၁ က University of Singapore က သိပ္ပံပညာရှင်တွေက မျိုးစိတ် ဒါဇင်နဲ့ ချီပြီး လေ့လာခဲ့ရာမှာ တချို့ တိရစ္ဆာန်တွေဟာ အပူချိန် မြင့်လာတာနဲ့ အမျှ အရွယ်အစားလည်း ကြီးလာတာ တွေ့ရကြောင်း၊ ဒါပေမယ့် ၅ မျိုးမှာ ၄ မျိုးဟာ အရွယ်ငယ်လာနေတာ တွေ့ရကြောင်း Nature Climate Change သိပ္ပံ ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

လေ့လာမှု တော်တော်များများက ဒီအချက်ကို အတည်ပြုပေးနေသလို နောက်ထပ် ထွက်လာတဲ့ လေ့လာမှုတွေမှာလည်း ဒါကိုပဲ ထပ်ပြောနေတာကြောင့် ဒီကိစ္စက ဖြစ်ကို ဖြစ်နေပြီး ဘာကြောင့် ဖြစ်နေရသလဲ၊ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကို သိနားလည်ဖို့ လိုတယ်လို့ စာတန်းကို ရေးသားခဲ့သူ ပါမောက္ခ David Bickford နဲ့ Dr Janet Sheridan တို့က ပြောထားပါတယ်။

A bird being measured

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Larger animals are generally better at retaining heat than smaller animals

သမိုင်းမတင်မီ ခေတ်က ကျုံ့ဝင်မှု

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက အပူချိန်ဟာ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ် အရွယ်အစားအပေါ် သက်ရောက်မှု ရှိတယ်ဆိုတာကို အထောက်အထားတွေ ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆ သန်းက ကမ္ဘာ့အပူချိန်ဟာ နှစ်ပေါင်း ၁၀,၀၀၀ လောက် ကာလအတွင်းမှာ ၈ ဒီဂရီ ဆဲလ်စီးယပ်စ် တက်သွားခဲ့တာကို palaeoclimatological ရှေးဟောင်းရာသီဥတုဆိုင်ရာ အချက်အလက် တွေမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ အနောက်အလယ်ပိုင်း ရပ်ဝန်းမှာ ရှင်သန်ခဲ့ဖူးတဲ့ Sifrhippus လို့ခေါ်တဲ့ ရှေးဟောင်းမြင်း ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအရ အဲဒီအချိန်က တိရစ္ဆာန်တွေမှာ ကိုယ်ခန္ဓာ အရွယ်အစား ၃၀ ရာခိုင်နှုန်း ကျုံ့ဝင်သွားခဲ့ကြပြီး နောက်ပိုင်းမှာတော့ ၇၆ ရာခိုင်နှုန်းလောက်အထိ ပြန်လည် ဖွံ့ဖြိုးခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ အခွံမာရေနေသတ္တဝါတွေမှာလည်း ဒီလို သဘာဝဖြစ်စဥ်မျိုးတွေ ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ယူကေက National History Museum ကလည်း ယူကေမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၅၀,၀၀၀ အတွင်း နေထိုင်ခဲ့ကြတဲ့ တိရစ္ဆာန်တွေအပေါ် လေ့လာခဲ့ရာမှာလည်း အလားတူ ရလဒ်တွေကို တွေ့ခဲ့ရပါတယ်။ လေ့လာမှု တခုမှာဆို သမင်နီရဲ့ အရိုး အရွယ်အစား ကြီးလိုက် သေးလိုက် ဖြစ်နေတာကို တွေ့ရပါတယ်။

တချို့ ဖြစ်ရပ်တွေမှာတော့ ဒီလို ကျုံ့ဝင်မှုဟာ နောက်ကြောင်းပြန်လှည့်သွားတာကို တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုက University of New Mexico တက္ကသိုလ်ရဲ့ လေ့လာမှု တခုမှာ ကိုက် ဖြတ်စားသောက်တတ်တဲ့ အပင်နေ အမြီးဖွာ ကြွက် ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း မစင်တွေကို လေ့လာရာမှာ ကြီးလိုက် ငယ်လိုက် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

ကြွက်တွေရဲ့ ခန္ဓာကိုယ် အရွယ်အစားကလည်း ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၅,၀၀၀ အတွင်း အပူချိန် အနိမ့်အမြင့်ပေါ် လိုက်ပြီး ကြီးလိုက် သေးလိုက် ဖြစ်နေခဲ့ပါတယ်။

A bushy-tailed wood rat

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The size of bushy-tailed wood rats fluctuated accordingly to temperature variations over thousands of years

သူတို့ရဲ့ ကိုယ်ခန္ဓာ အရွယ်အစားက ရာသီဥတု ပူနွေးလာရင် Bergmann's rule မှာ ပြောထားသလိုပဲ သေးငယ်သွားတာလိုမျိုး အပူချိန်ကို လိုက်ပြီး တုံ့ပြန်မှုတွေ ရှိတာကို တွေ့ရကြောင်း သုတေသီတွေက ဖော်ပြထားကြပါတယ်။

တချိန်က မျိုးစိတ်တော်တော်များများဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေကို ကြံ့ကြံ့ခံနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူတွေကြောင့်ပဲ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်လာပြီး ကမ္ဘာကြီး ပူနွေးလာနေတဲ့ နှုန်းက အရင်ကနဲ့ မတူတော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း အပူကြောင့် ခန္ဓာကိုယ် အရွယ်အစားနဲ့ အလေးချိန် ကျဆင်းသွားခဲ့မယ်ဆိုရင် အဲဒီအခြေအနေကနေ ပြန်နာလန်ထူဖို့ လွယ်လွယ်နဲ့ မဖြစ်နိုင်တော့မှာကို စိုးရိမ်နေကြပြီ ဖြစ်ပါတယ်။