ရွေးကောက်ပွဲနိုင်ငံရေး အဆုံးသတ်ပြီလား

ဓာတ်ပုံ ရင်းမြစ်, PhyoThiha/MPA
မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းစစ်မီး ပျံ့နှံ့လာနေပြီဖြစ်သလို မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးနေထိုင်ကြတဲ့ ရန်ကုန်မြို့ဟာ စစ်တလင်းလို ဖြစ်လာနေပါတယ်၊
အခုရက်ပိုင်း ရန်ကုန်မြို့လယ်ခေါင်မှာ ကတုတ်ကျင်းတွေထဲ လုံခြုံရေးယူနေတဲ့ စစ်သားတွေ၊ စစ်ကားတွေ လှည့်ကင်းပတ်နေကြတာတွေကို တွေ့နေရသလို ရွေတိဂုံဘုရား အနောက်ဘက်ခပ်လှမ်းလှမ်းက ရန်ကုန်တိုင်းအစိုးရရုံးမှာတော့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြု ကိုယ်စားလှယ်စနစ် ကျင့်သုံးဖို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီအချို့ တွေ့ဆုံနေကြပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနိုင်ငံရေးက လမ်းဆုံးသလိုဖြစ်သွားပြီလား၊လက်နက်နိုင်ငံရေး ရှေ့ရောက်လာပြီလားဆိုတဲ့ မေးခွန်းက ၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ တစ်နှစ်ပြည့်တဲ့ အချိန်အခါမှာ လူတွေအကြားမေးစရာတစ်ခု ဖြစ်လာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရွေးကောက်ပွဲနိုင်ငံရေး အဆုံးသတ်ပြီလား
နိုင်ငံအနှံ့ပေါက်ကွဲမှုတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့သတင်းတွေဟာလည်း သတင်းထူးမဟုတ်တော့ဘဲ နေ့စဥ်သတင်းလိုဖြစ်လာနေပါတယ်။
တိုက်ပွဲတွေမရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဟာ အကြီးဆုံးစစ်မျက်နှာဖြစ်လာပြီး ချင်းနဲ့ကယားလို အေးချမ်းတဲ့ ပြည်နယ်တွေဟာလည်း စစ်မီးတောက်နေပါပြီ။
ဒါတွေအားလုံးဟာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က ငြင်းပယ်ရာက နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
'"မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနိုင်ငံရေးက လမ်းဆုံး သလိုဖြစ်သွားပြီ။ ရွေးကောက်ပွဲနိုင်ငံ ရေးအလုပ်မဖြစ်တော့လို့ လက်နက်နိုင်ငံရေး ရှေ့ရောက်လာပြီ'' လို့ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး လေ့လာသုံးသပ်သူ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အဟောသိကံ ၁၉၉၀ နဲ့ ၂၀၂၀
မဲဆန္ဒရှင်တွေရဲ့ မဲတွေ အဟောသိကံဖြစ်သွားတာ ၂၀၂၀ က ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
၁၉၉၀ ရွေးကောက်ပွဲမှာ တစ်ခါကြုံခဲ့ပြီးပါပြီ။
၁၉၉၀ ရွေးကောက်ပွဲဟာ ၂၀၂၀ လို ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း မကြေညာခဲ့ပေမယ့်လို့ NLD နိုင်ပြီး အစိုးရဖွဲ့ခွင့်မရတဲ့ဖြစ်စဥ်ကတူညီပါတယ်။ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို စစ်တပ်က ဖမ်းဆီးလို့ အဖမ်းခံရတာ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း တူညီကြပါတယ်။
''မတူတာက အရင်ကမကျေနပ်တာပဲရှိတာဗျ။ အခုလောက်မပြင်းထန်ဘူး။ အခုတော့ လက်နက်ကိုင်ပြီးတော့ကိုပြန်ချတာ'' ဝါရင့်နိုင်ငံရေးသမား စိုင်းညွန့်လွင်က ၁၉၉၀ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီး လူထုရဲ့ တုံ့ပြန်ပုံကို နှိုင်းယှဥ်ပြပါတယ်။
၈၈ မျိုးဆက်တွေနဲ့ ၁၉၉၀ အနိုင်ရအမတ်တွေဟာ စစ်အစိုးရလက်ထက်မှာ ထောင်ကို ခြင်ထောင်လိုလုပ်ပြီး ဒီမိုကရေစီရေးလှုပ်ရှားခဲ့ကြပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ စစ်ဗိုလ်ချုပ်တွေထဲ လူသိရှင်ကြား အသိအမှတ်ပြုတာ ရှားရှားပါးပါး နှစ်ဦးပဲရှိခဲ့ပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို NLD ဝင်လာဖို့လမ်းဖွင့်ပေးတဲ့အနေနဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုတဲ့အကြောင်း ထုတ်ပြောခဲ့ပါတယ်။
ဒါဟာ ၁၉၉၀ ရွေးကောက်ပွဲ ကို အသိအမှတ်ပြုတဲ့အကြောင်း စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အနှစ် ၂၀ ကျော်အတွင်း ရှားရှားပါးပါး ထုတ်ပြောမှုဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲပြီးလို့ အနှစ် ၃၀ နီးပါးအကြာ ၂၀၁၉ ခုနှစ်မှာလည်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုထောင်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ကလည်း ၁၉၉၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သံဝေဂစကားဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U SHWE MANN FACEBOOK
''ရွေးကောက်ပွဲရလဒ်ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီနေ့ဒီအခြေအနေမျိုး ဖြစ်သွားတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။'' လို့ သူကပြောခဲ့တာပါ။
လက်ရှိအချိန်ကတော့ သူရဦးရွှေမန်း ပြောခဲ့တဲ့ အခြေအနေထက် အများကြီး ပိုဆိုးတဲ့အခြေအနေကို ရောက်နေတာပါ။
စစ်ကောင်စီဘက်ကတော့ အခုလိုအခြေအနေတွေမဖြစ်လာစေဖို့ ၂၀၂၀ ရွေးကောက်ပွဲက မဲမသမာမှုတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးဖို့ NLD အစိုးရ၊လွှတ်တော်နဲ့ ရွေးကောက်ပွဲကော်မရှင် တို့ကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် မဖြေရှင်းခဲ့ကြတာလို့ မကြာခဏထုတ်ပြန်ပါတယ်။
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ''၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်တာဟာ သမိုင်းမှာဖျက်မရတဲ့အမဲစက်ထင်ကျန်ခဲ့တာ'' လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ရွေးကောက်ပွဲရလဒ် ဖျက်လို့ ပျက်သလား
ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အကောင်အထည်မဖော်ပေးခဲ့ပေမယ့်လို့ ၁၉၉၀ ရွေးကောက်ခံအမတ်တွေရဲ့ တရားဝင်မှုကို နိုင်ငံရေးအသိုင်းအဝိုင်းက အသိအမှတ်ပြုခဲ့ကြပါတယ်။
အလားတူ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်းခံရပေမယ့် အနိုင်ရပါတီတွေကတော့ သူတို့ရဲ့ကိုယ်စားပြုမှုကို ပုံစံမျိုးစုံနဲ့ ပုံဖော်နေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ အနိုင်ရအမတ်တွေကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပါထပ် ဖွဲ့ပါတယ်။
ပြည်သူတို့၏ အခွင့်အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှံနိုင်ရေး ကိုစဥ်ဆက်မပြတ်ကြိုးပမ်းနေတယ်လို့ နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင်လည်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို သူတို့ မဲဆန္ဒနယ်တွေမှာ ဒေသလိုအပ်ချက်တွေကို ဆောင်ရွက်ခိုင်းနေပါတယ်။
''သူတို့က အသိအမှတ်မပြုပေမယ့်လို့ ပါတီဘက်က အသိအမှတ်ပြုထားတယ်။ လူထုကိုလုပ်ပေးရမယ့်ကိစ္စတွေ ဆက်လုပ်နေကြတယ်'' လို့ ပါတီ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ဘီဘီစီကို ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လို့တော့ အမည်တပ်လို့မရပေမဲ့ ကိုယ်စားလှယ်တစ်ယောက်ရဲ့ တာဝန်တွေကိုတော့ ယူခိုင်းထားတယ်လို့ သူကပြောတာပါ။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်မှာ အများဆုံးနိုင်တဲ့ ရခိုင်အမျိုးသားပါတီကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို သမိုင်းမှာ ကျန်ခဲ့တဲ့အောင်မြင်မှုတစ်ခုလို့ မှတ်ယူထားတယ်လို့ ဆိုပါတယ်။
ပြည်နယ်နဲ့ လူမျိုးအတွက် ရွေးကောက်ပွဲပြင်ပကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဘယ်လို တည်ဆောက်ယူမလဲဆိုတာ စဥ်းစားနေတယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကပြောပါတယ်။
''လက်ရှိ ရခိုင်ပြည်နယ်အခြေအနေက ရွေးကောက်ပွဲရလဒ်နဲ့မဆိုင်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်နေတယ်'' လို့ သူကပြောပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကလည်း ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တာကို သဘောမတွေ့ကြပါဘူး။
ပြီးပြည့်စုံပြီး ချို့ယွင်းချက်မရှိတဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီဘိုးအေ နိုင်ငံတွေမှာတောင် မရှိဘူးလို့ သူတို့ကထောက်ပြပါတယ်။
ရွေးကောက်ပွဲဟာ ဖြစ်စဥ်တစ်ခုသာဖြစ်ပြီး ကျင်းပပြီးခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့ အားနည်းချက်တွေကိုပြုပြင်ပြီး နောင်ကျင်းပမယ့်ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ အမတ်လောင်းတွေရဲ့ ယုံကြည်မှု ပိုရလာအောင် ဆောင်ရွက်ရတာလို့ ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ရွေးကောက်ပွဲရလဒ်ကို ဖျက်လိုက်ခြင်းက နိုင်ငံရေးဖြစ်စဥ်ပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှု ကို ပျက်စေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ က စိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီကကျင်းပပေးမယ်ဆိုတဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ယုံကြည်မှုကိုရပါ့မလားဆိုတာက အကြီးမားဆုံး စိန်ခေါ်မှုပဲလို့ သူကပြောပါတယ်။
အမေရိကန်နိုင်ငံ Wilson Center's Asia Program က သုတေသီ ကိုရဲမျိုးဟိန်းကတော့
'လူထုဆန္ဒကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်လိုက်တာဟာ လူထုဆန္ဒကို မထီမဲ့မြင်လုပ်တဲ့ သဘောဖြစ်တယ်။'' လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ARCHIVE
စစ်တပ်အရိပ်အောက်က ရွေးကောက်ပွဲတွေ
ပါလီမန်ဒီမိုကရေစီခေတ်တုန်းက နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက စစ်တပ်က အာဏာသိမ်းဖို့အစီအစဥ်ရှိတာကိုသိတဲ့အခါပြောခဲ့တဲ့ သမိုင်းဝင်စကားတစ်ခွန်းရှိပါတယ်။
''အာဏာမသိမ်းကြနဲ့။ အာဏာသိမ်းတာဟာ စစ်တပ်လည်းနာမည်ပျက်တယ်။ တိုင်းပြည်လည်းနာမည်ပျက်တယ်။ နောက်ခြောက်လကြာရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပြုရင် စစ်တပ်ကို သူအာဏာလွှဲပေးမယ်'' လို့ ပြောခဲ့တဲ့အကြောင်း တာတေစနေသားစာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။
ဒါဟာ မြန်မာပြည်မှာ လူသိနည်းခဲ့တဲ့ ၁၉၅၈ ခုနှစ် ပထမဆုံးအကြိမ်အာဏာသိမ်းမှုဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့်အစိုးရဖွဲ့ပြီး ၁၉၆၀ မှာရွေးကောက်ပွဲလုပ်ပေးပါတယ်။
ဒီရွေးကောက်ပွဲဟာ ဖဆပလခေတ် ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ နောက်ဆုံးသော ပါတီစုံရွေးကောက်ပွဲဖြစ်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့လို ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကိုထောင်ပြီး ပါတီစုံစနစ်ကနေ တစ်ပါတီစနစ်ကိုပြောင်းပါတယ်။
၁၉၈၈ ခုနှစ်မှာ ရှစ်လေးလုံးအရေးတော်ပုံပေါ်ပေါက်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ ပြုတ်ကျကာ စစ်တပ်ကအာဏာသိမ်းမှု ထပ်ဖြစ်ပါတယ်။
ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်လို့ ဗိုလ်ချုပ်ကြီးစောမောင်က ကတိပေးခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးအောက်မှာ ကျင်းပပြီး NLD နိုင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ အကောင်အထည်မပေါ်ခဲ့ပါဘူး။
ဗိုလ်ချုပ်ကြီးစောမောင် ရာထူးက ပြုတ်သွားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနှစ် ၂ဝ နီးပါး ဆက်အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PYITHU HLUTTAW
၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရကပဲ ကျင်းပပေးပြီး လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် ဦးသိန်းစိုးကပဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ကျင်းပပေးခဲ့တာပါ။
တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်ခဲ့ပြီး တိုက်ပုံပြောင်းဝတ်တဲ့ စစ်ဗိုလ်ချုပ်တွေ အစိုးရနဲ့လွှတ်တော်တွေမှာ လွှမ်းမိုးခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD မပါတဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအခင်းအကျင်းဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင်တွေ့ဆုံမှုအပြီး NLD ပါတီ လွှတ်တော်နိုင်ငံရေးထဲ ပါဖို့ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို နိုင်ငံရေးထဲ ခေါ်သွင်းလာတာကို ''ကျားသေကို အသက်သွင်းတာ'' လို့ ပြည်ခိုင်ဖြိုးမှာ သြဇာရှိတဲ့ခေါင်းဆောင်ပိုင်းက ထုတ်ပြောခဲ့တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့စာအုပ်မှာ ပြန်ရေးခဲ့ပါတယ်။
NLD ပဲ သောင်ပြိုကမ်းပြိုနိုင်တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိုတော့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဦးတင်အေးက ကျင်းပပေးခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, EPA
စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းတဲ့ ၁၉၅၈ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲတွေဟာ စစ်တပ်ရဲ့အရိပ်အောက်မှာ ကျင်းပခဲ့တာကိုမြင်ရမှာ ဖြစ်ပါတယ်။
နှစ်ပေါင်း၆၀အတွင်း NLD အရပ်သားအစိုးရလက်ထက်မှာ ပထမဆုံးပြန်ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုရှိတယ်ဆိုပြီး စစ်တပ်ကအာဏာသိမ်းပြီး ပယ်ဖျက်လိုက်ပါတယ်။
''တပ်က ကမကထလုပ်စီစဉ်ပေးတဲ့ ရွေးကောက်ပွဲတွေကို ပြန်ကြည့်လိုက်ရင် တပ်မတော်ရဲ့ အနာဂတ်ကို ခြိမ်းခြောက်လာတယ်လို့ယူဆတိုင်း ကတိဖောက်ပြီး အာဏာသိမ်းတာပါပဲ။'' လို့ လီကွမ်းယု Public Policy School မှာ မာစတာတက်နေတဲ့ ကိုကြည်စင် က သုံးသပ်ပါတယ်။
အရေးပေါ်ကာလပြီးဆုံးမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်လို့ စစ်တပ်က ကတိပေးပြန်ပါတယ်။
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ၂၀၂၃ ရွေးကောက်ပွဲဟာ ပြည်သူယုံကြည်တဲ့ရွေးကောက်ပွဲ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲဖို့ပြင်ဆင်နေတဲ့ အချိုးကျကိုယ်စားပြုစနစ် ဟာဆိုရင်လည်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းပြီးမှ အစိုးရဖွဲ့နိုင်မယ့် လမ်းကြောင်းကို ပုံဖော်နေတာ လို့ သူကပြောပါတယ်။
''ဒါဟာ ဒီမိုကရေစီနဲ့ပိုဝေးသွားမယ့်လမ်းကြောင်းဖြစ်တယ်။ စစ်အာဏာရှင် သက်ဆိုးရှည်အောင်လုပ်မယ့် လုပ်နည်းလုပ်ဟန်ပဲ။'' လို့ ဦးဖေသန်းက သုံးသပ်ပါတယ်။
စစ်တပ်ခေါင်းဆောင်တွေပေးခဲ့တဲ့ ကတိများ
စစ်ကောင်စီက ရွေးကောက်ပွဲပြန်ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ကတိပြုထားပြီး နိုင်ငံပိုင်သတင်းစာတွေရဲ့မျက်နှာဖုံးမှာ ဒီကတိကဝတ်ကို နေ့စဥ် ဖော်ပြပါတယ်။
ဒါဟာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီကပေးခဲ့တဲ့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိကဝတ်ကို အမှတ်ရစေပါတယ်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ နေပြည်တော်မှာ မဲထည့်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း
"ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး။ လက်ခံရမှာပဲ။'' ကတိပေးခဲ့သေးတာပါ။
ဒါပေမဲ့ နောက်ပိုင်းမှာ မဲမသမာမှုရှိတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။
နိုင်ငံရေးအသိုင်းအဝိုင်းကတော့ ၂၀၂၃ မှာရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ကတိကဝတ်ဟာ လက်တွေ့မှာ ဖြစ်နိုင်ခြေနည်းတယ်လို့ ယူဆနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတဝန်းမတည်မငြိမ်ဖြစ်နေပြီး အုပ်ချုပ်ရေးယန္တရားတွေလည်း မလည်ပတ်နိုင်တဲ့ လက်ရှိအခြေအနေအရ နောက်ထပ်တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာ အချိန်အတိုင်းအတာတခုအထိ မဖြစ်နိုင်တော့ဘူးလို့ အများစုကသုံးသပ်ပါတယ်။
နိုဝင်ဘာ ပထမအပတ်ထဲ ရန်ကုန်မှာ သုံးရက်တာ လုပ်ခဲ့တဲ့ PR ဆွေးနွေးပွဲကို လုံခြုံရေးအထပ်ထပ်နဲ့ လုပ်ခဲ့ရတာတွေ၊ နေ့စဥ်ရှိနေတဲ့ ပစ်ခတ်ပေါက်ကွဲမှုတွေက ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိဘူးဆိုတဲ့ ယူဆချက်ဘက်က ရှိနေတဲ့ ပကတိအခြေအနေဖြစ်ပါတယ်။
NLD ပါတီဝင်တွေအဖမ်းခံရပြီး ထွက်ပြေးတိမ်းရှောင်နေရသလို ကြံ့ခိုင်ရေးပါတီဝင်တွေလည်း အသတ်ခံနေရတဲ့ အနိုင်ရပါတီကြီးနှစ်ခုရဲ့ အခြေအနေကို ဝါရင့် ရှမ်းနိုင်ငံရေးသမား စိုင်းညွန့်လွင်က ထောက်ပြပါတယ်။
''ဒီအခြေအနေနဲ့ ရွေးကောက်ပွဲက ဖြစ်လာပါ့မလား။''လို့ သူက မေးခွန်းထုတ်ပါတယ်။
၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပဖြစ်ခဲ့ရင်တောင်မှ စစ်တပ်အလိုကျကရမယ့် အားနည်းတဲ့ အစိုးရတစ်ရပ်ပဲ ပေါ်ထွက်လာလိမ့်မယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။
''ရွေးကောက်ပွဲ မကျင်းပဖြစ်ရင်တော့ ၂၀၀၈ အခြေခံဥပဒေကိုဖျက်ပြီး စစ်မှန်တဲ့အာဏာသိမ်းပွဲစလိမ့်မယ်'' လို့ ၂၀၂၃ အလွန် ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းကို သူက ပြောပါတယ်။
NLD အပါအဝင် တိုင်းရင်းသားပါတီတွေဟာ စစ်တပ်က နိုင်ငံရေးကနေ တဖြည်းဖြည်းနဲ့ဆုတ်ခွာသွားလိမ့်မယ်လို့ မျှော်လင့်ပြီး ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ရွေးကောက်ပွဲဝင်ခဲ့ကြတာ လို့ ဦးဖေသန်းကပြောပါတယ်။
''၅ နှစ်ပဲခံတယ်။ အာဏာရှင်တွေဇာတိပြတာပေါ့။'' လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၀၈ ကွင်းထဲက ထွက်ခွာကြပြီ
အာဏာသိမ်းမှုဖြစ်အပြီး နှစ်လအကြာမှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာပါတယ်။
အရေးပေါ်ကာလ လွန်မြောက်လို့ ရွေးကောက်ပွဲလုပ်နိုင်မယ့်အခြေအနေမရှိရင် ၂၀၀၈ အခြေခံဥပဒေပျက်ပြယ်သွားမယ့် အခြေအနေကလည်း ဖြစ်လာနိုင်သေးတယ်လို့လည်း နိုင်ငံရေးသမားတွေကမှန်းဆထားကြပါတယ်။
စစ်ကောင်စီနဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းမှုတွေကို တွေ့ရပေမယ့် ရွေးကောက်ပွဲကျင်းပနိုင်မယ့် ရေခံမြေခံကောင်းတွေ ရှိမနေပါသေးပါဘူး။
ဒီမိုကရေစီကို ချီတက်တဲ့နေရာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေက အရေးကြီးပေမဲ့ ရွေးကောက်ပွဲတစ်ခုထဲနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုက မပြီးပြတ်သွားပါဘူး။
ရွေးကောက်ပွဲအပြင် ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို မြှင့်တင်ဖို့၊ ဒီမိုကရေစီခိုင်မာအောင် အင်စတီကျူးရှင်း တွေ တည်ဆောက်ဖို့လိုတယ် လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
ရွေးကောက်ပွဲ နိုင်ငံရေးတစ်ခုတည်းသက်သက်နဲ့ ဒီမိုကရေစီခိုင်မာအောင် တည်ဆောက်ဖို့၊ နိုင်ငံကို ခိုင်မာအောင်တည်ဆောက်ဖို့ မသွားနိုင်သလို အာဏာနိုင်ငံရေးသက်သက်နဲ့လည်း မသွားနိုင်ဘူးလို့ ပညာရှင်တွေပြောကြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးလိုလားသူပညာရှင်တချို့ရဲ့ အယူအဆကတော့
'နိုင်ငံရေးကစားကွင်းကိုချဲ့ပြီးတိုင်းပြည်ကို တဖြည်းဖြည်းချင်းတည်ဆောက်တာကို ဖြစ်စဉ်တစ်ခုအနေနဲ့သွားရမှာ' ဆိုတဲ့အယူအဆပါ။
'စစ်ဗိုလ်ချုပ်ကြီးတွေက အာဏာကိုပဲ ကြည့်တော့ အဲ့ဒီ ဖြစ်စဉ်ရဲ့ အရေး ပါပုံကို စဉ်းစားကြပုံမရဘူး။ ရွေး ကောက်ပွဲမှာ မျှော်မှန်းရလဒ်မဖြစ်တာ နဲ့ အာဏာရှုထောင့်ကနေ ကစားပွဲကို ဖျက်လိုက်တာ၊ တိုင်းပြည်က အရမ်း နာသွားရပြီ။''လို့ ကိုရဲမျိုးဟိန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံကို ပုံဖော်ပေးတာ မဟုတ်ဘဲ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း စပ်ကြား အုပ်ချုပ်ရေးပုံစံဖြစ်လို့ အသွင်ကူးပြောင်းမှုကျဆုံးရတာ လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။
စစ်တပ်ဘက်ကတော့ ၂၀၀၈ အခြေခံဥပဒေဟာ အရပ်ဘက်-စစ်ဘက် စည်းစည်းလုံးလုံးရှိမှ တိုင်းပြည်ရှေ့ဆက်သွားလို့ရအောင်လုပ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အိုင်ဒီယာလို့ ရှုမြင်ပါတယ်။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး လေ့လာသူတွေကတော့ ၂၀၀၈ အခြေခံဥပဒေမှာ စစ်တပ်ကို သီးသန့်အာဏာပေးထားလို့ အမြဲပြဿနာရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
အခုတော့ မြန်မာ့ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှုက ရွေးကောက်ပွဲနိုင်ငံရေးမှာတင် ရပ်တန့်သွားရတယ် လို့ လေ့လာသူတွေက ဆိုပါတယ်။
''ဆိုတော့ မြန်မာ့ဒီမိုကရေစီမျှော်လင့်ချက် ပြီးလားဆို မပြီးဘူး။ ၂၀၀၈ က ပေးထားတဲ့ ကစားကွင်းထဲက ရွေးကောက်ပွဲနိုင်ငံရေးနဲ့သွားခွင့်မသာတော့လို့ လူထုက ကစားကွင်းအသစ်ကို ပြန်တည်နေရတာ'' လို့ ကိုရဲမျိုးဟိန်းက ပြောပါတယ်။








