စစ်ယူနီဖောင်းဝတ်ဖို့ လိပ်ပြာမသန့်သူတွေ

ဓာတ်ပုံ ရင်းမြစ်, DSMA
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး နောက်ပိုင်း တပ်တွင်းက အရာရှိတွေကအစ အကြပ်စစ်သည်တွေနဲ့ အောက်ခြေက တပ်သားတွေ အဆုံး တပ်မတော်သား တော်တော်များများရဲ့ စိတ်ထဲမှာ တပ်မတော် အပေါ်ထားတဲ့ အမြင်တွေ ပြောင်းလဲလာကြတယ်လို့ ဘီဘီစီနဲ့ ပြောခွင့်ရတဲ့ တပ်သားတွေက ပြောကြပါတယ်။
မင်္ဂလာဒုံမှာရှိတဲ့ တပ်မတော် ဆေးတက္ကသိုလ်မှာ လက်ထောက်ကထိက အဖြစ် တာဝန်ထမ်းဆောင်နေရင်း လူငယ်တွေကို ပညာတတ် အရာရှိတွေ အဖြစ် သင်ကြား မွေးထုတ်ပေးခဲ့တဲ့ ဗိုလ်ကြီးအဆင့် ဆေးပညာရှင်က လက်ရှိ စစ်တပ်ရဲ့ လုပ်ဆောင်မှု တွေကြောင့် သူ့အနေနဲ့ ဘယ်လိုမှ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုပြီး CDM လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာခဲ့ပါတယ်။
ပြည်သူပြည်သား တွေကိုကာကွယ်ရမယ့် တပ်မတော်သားတွေက အာဏာရှင် တစ်ယောက်ရဲ့ အကျိုးအတွက် ပြည်သူတွေကို သတ်ဖြတ် နှိပ်စက် နေတာတွေကြောင့် စစ်ယူနီဖောင်းကို လိပ်ပြာသန့်သန့်နဲ့ ဝတ်နိုင်မှာ မဟုတ်တော့ဘူးလို့ ခံယူပြီး တပ်ကို စွန့်ခွာလာခဲ့တာလို့ ဆိုပါတယ်။
အခုတော့ သူက လွတ်မြောက်နယ်မြေလို့ ခေါ်ကြတဲ့ တိုင်းရင်းသား ဒေသတခုမှာ ရောက်နေပြီး သူတတ်တဲ့ ဆေးပညာနဲ့ တဖက်တလမ်း ကနေ ပြည့်သူ့အကျိုး ထမ်းဆောင်နေတယ်လို့ ပြောပါတယ်။
သူတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဆေးတက္ကသိုလ်မှာ စစ်တပ်က အာဏာသိမ်းတဲ့ ကိစ္စကို သဘောမကျ လက်မခံနိုင်သူတွေက အများစု ရှိတာတွေ့ရတယ်၊ လက်ရှိ ဖြစ်နေတာတွေ မြင်နေရ တွေ့နေရတာတွေကို အများစုက စိတ်မချမ်းသာကြဘူး။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် ရုန်းမထွက် နိုင်ကြဘူးလို့ ကထိက ဗိုလ်ကြီးက ဘီဘီစီကို ပြောပါတယ်။
အခုနောက်ပိုင်းမှာ တပ်မတော်ထဲ ဝင်မယ့် တပ်သားသစ် စုဆောင်းတဲ့ နေရာမှာ အခက်အခဲတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ အတော် များများလည်း ကြားနေရပါတယ်။
ကထိက ဗိုလ်ကြီးကတော့ အရာရှိတွေ ရာထူးတက်ရေးဟာ တပ်သားသစ် စုဆောင်းနိုင်ရေးကို မူတည်နေလို့ မရရအောင်ငွေနဲ့ ပေးဝယ်ဖို့ လုပ်ကြတယ်၊ တပ်ထဲက အရာရှိငယ်တွေက ကိုယ့်လစာထဲကနေ ထည့်ဝင် စုဆောင်း ကြရတယ်၊ တပ်သားသစ် တစ်ယောက်ရဖို့ ငွေ ကျပ် ၁၆ သိန်းအထိ ရအောင် စုဆောင်း ခဲ့ရတယ်လို့ သူ့ကိုယ်တွေ့ အတွေ့အကြုံအရ ပြောပါတယ်။
ခွင့်မဲ့ပျက်ကွက်နေကြသူတွေ
တပ်ထဲဝင်ချင်သူတွေ နည်းပါးလာနေချိန်မှာပဲ တပ်ထဲ ဝင်ပြီးမှ ထွက်လာကြသူတွေ ရှိတာကိုလည်း အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုသိလာရပါတယ်။ စာရင်းအတိအကျကို ဘီဘီစီက ပြုစုမထားနိုင်သေးပါဘူး။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဘီဘီစီက မေးမြန်းချက်အရ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်ရော နောက်ပိုင်းမှာပါ ခွင့်မဲ့ပျက်ကွက်နေတဲ့ အရာရှိတွေ ရှိနေတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။
စစ်သားမဖြစ်ချင်ဘဲ ဖြစ်ခဲ့ရသူတွေ

ဓာတ်ပုံ ရင်းမြစ်, YAW & ZLY
ကိုယ့်နိုင်ငံကို ကာကွယ်ဖို့၊ တပ်မတော်ကို ချစ်လို့ ဆိုပြီး မူလက တပ်ထဲ ဝင်ခဲ့သူတွေရှိသလို အပြင်က တခြား ဌာနတွေထက် အခွင့်အရေး ပိုရဖို့ မျှော်လင့်ပြီး ဝင်ခဲ့ကြသူတွေ ရှိကြတယ်ဆိုတာ အများသိရှိ လက်ခံထားကြပါတယ်။
ဒါပေမဲ့ မူလ ကတည်းက ကိုယ့်ဆန္ဒလုံးဝ မပါဘဲ နည်းအမျိုးမျိုးနဲ့ အတင်းသိမ်းသွင်း ခံရလို့ စစ်တပ်ထဲ ရောက်လာတဲ့ စစ်သားတွေလည်း အများကြီးရှိတယ်လို့ ကြားသိနေရပါတယ်။
အဲဒီလူတွေထဲမှာ ဆန္ဒမပါဘဲ စစ်သားစုဆောင်းရေး ရောက်သွားခဲ့တဲ့ တပ်သား နှစ်ယောက်ကတော့ အခု အာဏာသိမ်းမှုကြောင့် သူတို့ မနေချင်တဲ့ စစ်တပ်ထဲ ဆက်မနေတော့ဘဲ စွန့်ခွာဖို့ အကြောင်းပြချက် ပိုခိုင်မာ လာခဲ့ကြပါတယ်။
သူတို့ကတော့ ထားဝယ်ခရိုင် ရေဖြူမြို့နယ် အမှတ် ၄၀၆ ခြေလျင် တပ်ရင်း က အသက် ၂၈ နှစ် အရွယ် တပ်သား ကိုရန်အောင်ဝင်းနဲ့ အသက် ၂၁ နှစ် အရွယ် တပ်သား ကိုဇင်လင်းရန် ဆိုတဲ့ သူငယ်ချင်း နှစ်ယောက် ဖြစ်ပါတယ်။
သူတို့ နှစ်ယောက် တပ်ထဲရောက်လာတဲ့အချိန်လည်း အတူတူ၊ ရှေ့တန်းမှာ တာဝန်ကျတော့လည်း အတူတူ၊ အခုထွက်ပြေး လာတော့လည်း အတူတူပဲလို့ ပြောပါတယ်။
၂၀၁၉ ခုနှစ် စက်တင်ဘာလက စတင်ပြီး တပ်ထဲဝင်ရောက်ခဲ့တဲ့ ဒီတပ်သား နှစ်ယောက်က ၂၀၂၁ စက်တင်ဘာ ၁၈ ရက်နေ့က သူတို့ နောက်ဆုံး တာဝန်ကျတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နယ်စပ်က လေးကေ စခန်းကနေ အတူ ထွက်ပြေးလာခဲ့ကြပြီး အခု KNU ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ တနေရာမှာ ခိုလှုံနေကြပါတယ်။
ဆေးလိပ်ဝယ်မယ်လို့ အကြောင်းပြပြီး လက်နက်တွေ ယူဆောင် မလာဘဲ ထွက်လာခဲ့ကြတယ်လို့ သူတို့က ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် တပ်သား ကိုရန်အောင်ဝင်းဟာ တပ်သားအဖြစ် အသွင်းခံရတဲ့အချိန်က ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားဖြစ်ပါတယ်။ သူ့မိဘတွေရှိရာ ဧရာဝတီတိုင်းကို မန္တလေး ကနေ အပြန် လမ်းခရီး တထောက်အဖြစ် ပြည်မြို့ကို ည သန်းခေါင် ကျော် အချိန်ရောက်လာ ခဲ့ချိန်မှာ စစ်ထဲဝင်ဖို့ ဆွဲဆောင် စည်းရုံးခံခဲ့ရတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။
သူ့ကို အရက်တွေ မူးအောင်တိုက်ပြီး နောက်တနေ့ သတိရတော့ ဘယ်ရောက်နေမှန်း မသိခဲ့ဘဲ သူများတွေ ပြောမှ စစ်သား စုဆောင်းရေးတပ်ထဲ ရောက်နေတာ သိရတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်က စစ်သားလုပ်ဖို့ ဝါသနာ မပါခဲ့တာ ဆိုတော့ တနေ့နေ့ တချိန်ချိန်လွတ်မြောက်အောင် လုပ်မယ်ဆိုတဲ့ အတွေးက အမြဲရှိခဲ့တယ်လို့ ကိုရန်အောင်ဝင်းက ပြောပါတယ်။
စစ်တပ်အနေနဲ့တော့ ကိုယ့်သဘောနဲ့ကိုယ် ထွက်လာကြသူတွေကို တပ်ပြေးတွေ အဖြစ်ပဲ သတ်မှတ်ပြီး တပ်ပြေးမှန်း သိပါလျက်နဲ့ လက်ခံထားတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို စစ်ဘက် ဥပဒေ ပြဋ္ဌာန်းချက်အရ အရေးယူနိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောထားပါတယ်။
စစ်ဗိုလ်အိပ်မက် စွန့်လွှတ်လိုက်သူ

ဓာတ်ပုံ ရင်းမြစ်, BBA
ငယ်ငယ်ကတည်းက ရည်မှန်းချက်ထားပြီး စစ်ဗိုလ် အိပ်မက် မက်ခဲ့တဲ့အသက် ၂၁ နှစ် အရွယ် ကိုဗိုလ်ဗိုလ်အောင်ကတော့ အာဏာသိမ်းပြီးနောက် စစ်ဗိုလ်စစ်သားတွေက ပြည်သူတွေ အပေါ် နိုင်ထက်စီးနင်းပြုလုပ်တဲ့ ရက်စက်မှုတွေမြင်ရပြီးနောက်မှာ သူဖြစ်ချင်ခဲ့တဲ့ စစ်ဗိုလ်ကြီးလည်း မဖြစ်ချင်တော့ဘူး၊ ပြည်သူတွေကို ကာကွယ်ပေးတဲ့ဘက်က ရပ်တည်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပြီလို့ ဘီဘီစီကို ပြောပါတယ်။
စစ်ဗိုလ်ဖြစ်ရေးက သူ့ဘဝရဲ့ အိပ်မက်ဖြစ်ခဲ့တဲ့ ကိုဗိုလ်ဗိုလ်အောင်က ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း DSA လျှောက်ခဲ့ပေမဲ့ သင်တန်းတက်ခွင့် မရခဲ့ပါဘူး။
ဒါ့ပေမဲ့ ငယ်စဉ်ကတည်းက တပ်မတော်ကို ချစ်မြတ်နိုးပြီး စစ်ဗိုလ်ကြီး ဖြစ်ချင်တဲ့ သူ့ အိပ်မက်တွေကတော့ ကိုဗိုလ်ဗိုလ်အောင်ရဲ့ ရင်ထဲမှာ အမြဲ ကိန်းအောင်းနေခဲ့ ပါတယ်။
ရန်ကုန်မှာ တက္ကသိုလ်တက်ရင်းနဲ့ တက္ကသိုလ်အရန်တပ်ရင်းမှာ လေ့ကျင့်ရေးသင်တန်းတွေ တက်ပြီး ဘွဲ့ရရင် တပ်ထဲ ဝင်ဖို့ သူ ရည်မှန်းထားခဲ့ ပါတယ်။
လေးနှစ် တက်ရမယ့် တပ်မတော် လေ့ကျင့်ရေး သင်တန်းအတွက် ပထမနှစ်နဲ့ ဒုတိယနှစ် အခြေခံ စစ်ပညာသင်တန်းတွေသာ တက်ခဲ့ရပြီး လက်မှတ်ရခဲ့ပေမဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့လို့ တန်းမြင့် စစ်ပညာသင်တန်း နှစ်နှစ်ကိုတော့ သူ ဆက်မတက်ခဲ့ရပါဘူး။
အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗိုလ်လောင်း ဖြေမယ့်သူတွေ နည်းပါးတဲ့ အတွက် UTC တက်ခဲ့ဖူးတဲ့ သင်တန်းသား တွေကို တပ်ထဲ ဝင်ဖို့ ကမ်းလှမ်းတာတွေ ရှိတယ်လို့ ကိုဗိုလ်ဗိုလ်အောင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBA
လောလောဆယ် DSA တက်နေကြတဲ့ သူ့နဲ့ရင်းနှီးတဲ့ ဗိုလ်လောင်း သင်တန်းသားတွေ ပြန်ပြောပြချက်အရ အာဏာသိမ်းတာနဲ့ ပတ်သက်လို့ ကျောင်းမှာ သူတို့ ဘာမှ မသိကြဘူး၊ ကိုဗစ် တတိယလှိုင်း အချိန်မှာ DSA ကျောင်းမှာ တော်တော် သာယာနေတယ်၊ ကောင်းကောင်းနေ ကောင်းကောင်းစားပြီး ပျော်နေကြရတယ် ဆိုပြီး သူ့ကို ပြောပြကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်မှာတော့ တပ်မတော်နဲ့ ပတ်သက်လို့ ကိုဗိုလ်ဗိုလ်အောင်ရဲ့ သဘောထားတွေက ပြောင်းလဲသွားပါပြီ။
သူနဲ့ ခံယူချက်ချင်း မတူတော့တဲ့ ပြည်သူတွေအပေါ် ဖိနှိပ် ချေမှုန်းနေတဲ့ မြန်မာ့ တပ်မတော်ရဲ့ ယူနီဖောင်းကို ဂုဏ်ယူစွာ ဝတ်ဆင်ဖို့ ဆန္ဒ မရှိတော့တဲ့ အတွက် ပြည်သူကို အကာအကွယ်ပေးဖို့ ခံယူချက်နဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေး တပ်သား တစ်ယောက် အဖြစ် စစ်ရေးလေ့ကျင့်မှု သင်တန်းတွေ တက်နေပါတယ်။
စစ်တပ်ရဲ့ ယူနီဖောင်းနဲ့ အခု သူဝတ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သား ယူနီဖောင်း နှစ်ခု မတူညီသလို အဓိပ္ပါယ် တွေလည်း ကွာခြားတယ်လို့ သူက ဆိုပါတယ်။








