အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဖျက်ချခွင့်နေ့ အထိမ်းအမှတ် ကမ္ဘာအနှံ့က အမျိုးသမီး ၅ ဦးအကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images/BBC
- ရေးသားသူ, ပူးဂျာ ချာဘရီယာ
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှားဌာန
- ရေးသားခဲ့သည်။
ကလေးဖျက်ချတဲ့ကိစ္စဟာ သူတို့ ဘဝကို ဘယ်လို ရိုက်ခတ်မှုတွေဖြစ်စေခဲ့လဲဆိုတာ ကမ္ဘာ့နေရာအနှံ့က အမျိုးသမီး ၅ ဦးရဲ့ အတွေ့အကြုံတွေကိုမေးမြန်းပြီး မျှဝေလိုက်ပါတယ်။
ကလေးဖျက်ချတာက တရားဝင်ဖြစ်သင့်ပါသလား။ ဒီမေးခွန်းက ကမ္ဘာတလွှားမှာ အငြင်းပွားစရာတစ်ခုအဖြစ် ရှိနေပါတယ်။
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ကိုယ်ဝန် ၆ လ ကျော်သွားရင် ဖျက်ချခွင့်ကို တားမြစ်လိုက်တဲ့ ဥပဒေ ဒီလထဲမှာ အသက်ဝင်လာပါတယ်။
တခြားတစ်ဖက်မှာလည်း အခုတစ်လောတင်ပဲ မက္ကဆီကို နိုင်ငံ ကိုဝီလာပြည်နယ်မှာ ကိုယ်ဝန်ဖျက်ချတာကို ရာဇဝတ်မှုတစ်ခု အဖြစ်ကနေ ပယ်ဖျက်လိုက်တာကိုလည်း တွေ့ရပါတယ်။
" အမှန်တော့ ကိုယ်ဝန်ဖျက်ခွင့်ရဖို့ ကိစ္စက အမြဲတမ်း အန္တရာယ်များတယ်"လို့ အမေရိကန်အခြေစိုက် မျိုးဆက်ပွားမှုဆိုင်ရာအခွင့်အရေး လုပ်ဆောင်နေတဲ့ Ipasအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် အာနူကူမာက ပြောပါတယ်။
ဒါပေမယ့် ဒီကိစ္စဟာ ရှေ့ကို လမ်းမှန်မှန် ဆက်သွားနေတယ်လို့တော့ သူက ယုံကြည်နေပါတယ်။
"၁၉၉၄ ခုနှစ်ကစပြီး ကလေးဖျက်ခွင့် ဥပဒေတွေကို နိုင်ငံ ၄၀ ကျော်မှာ ဖြေလျှော့ခဲ့ပါတယ်"လို့ သူက ဖြည့်ပြောပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်ကိစ္စ အငြင်းပွားမှုနောက်ကွယ်မှာ တစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံတွေ ရှိကြသလို အများစုက သူတို့ ဇာတ်လမ်းတွေကို လျှို့ဝှက်ထားတတ်ကြပါတယ်။
ဒီသီတင်းပတ်ထဲ ကျရောက်တဲ့ လုံလုံခြုံခြုံ အန္တာရာယ်ကင်းကင်း ကိုယ်ဝန်ဖျက်ချခွင့်နေ့ကို အကြောင်းပြုပြီး ကိုယ် ဝန်ဖျက်ချဖူးတဲ့ အမျိုးသမီး ၅ ဦးရဲ့ အတွေ့အကြုံတွေကို မေးမြန်းထားပါတယ်။
သူတို့ဟာ ကမ္ဘာ့နေရာပေါင်းစုံက ဖြစ်ပြီး တချို့ကတော့ အမည်မဖော်လိုဘဲ ပြောပြခဲ့ကြပါတယ်။
'သူ ကျွန်မကလေးရဲ့ အဖေဖြစ်လာမှာကို မလိုချင်ဘူး' စန်ဒရာ၊ ဘန်ကောက်မြို့
ကိုယ်ဝန် ၈ ပတ်အကြာမှာ သူ့ ခန္ဓာကိုယ်မှာ အပြောင်းအလဲဖြစ်လာပြီဆိုတာ စန်ဒရာ ( အမည်လွှဲထား) စတင်ခံစားလာခဲ့ ရတယ်။
"ကျွန်မ ချက်ချင်းသိလိုက်တာက သူ့ကို ကျွန်မကလေးရဲ့ အဖေ မဖြစ်စေချင်ဘူး" လို့ ပြောပါတယ်။
"သူက လိင်ဆက်ဆံဖော်ပဲ။ ကျွန်မမှာ အလုပ်ရှေ့ရေးတွေ အများကြီး ရှိသေးတယ်" လို့ သူက ပြောပါတယ်။
အဲ့ဒါကြောင့် သူဟာ အမျိုးသမီးတွေ အန္တာရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဖျက်ချဖို့ သတင်းအချက်အလက်တွေ အကူအညီပေးနေတဲ့ တမ်တန်အုပ်စုဆီကို သွားပြီး အကူအညီတောင်းခဲ့ပါတယ်။
"ကိုယ်ဝန်ဖျက်ချပေးမယ့် ဆေးခန်းကို ဆက်သွယ်နိုင်ခဲ့ပေမယ့် တကယ်ကိုယ်ဝန်ဖျက်ချမယ့် တစ်ညအလိုမှာတော့ စိတ်အလွန်ထိခိုက်ခဲ့ရတယ်"လို့ သူက ပြောပါတယ်။
လက်ရှိအချိန်အထိ ကိုယ်ဝန်ဖျက်ချတာဟာ ထိုင်းမှာ တရားမဝင်ကိစ္စဖြစ်နေဆဲ ဖြစ်ပြီး မတရားကျင့်ခံရလို့ ကိုယ်ဝန်ရတာ၊ သွေးရင်းစပ်ယှက်မှုဖြစ်တာနဲ့ ကျန်းမာရေးအရ ကလေးမွေးဖို့ အန္တရာယ်ရှိတဲ့ သူတွေကိုပဲ ကိုယ်ဝန်ဖျက်ချခွင့်ပြုထားပါတယ်။
"ကိုယ်ဝန်ဖျက်ချဖို့ သူတို့ကို ဘယ်လိုပြောရမလဲလို့ စဥ်းစားရတယ်။ စော်ကား အနိုင်ကျင့်ခံရတာလို့ ပြောမလား။ ဒါမှမဟုတ် ကျွန်မကလေးမွေးဖို့ မတတ်နိုင်ဘူးလို့ ပြောရမလားဆိုပြီး ကျွန်မခေါင်းထဲမှာ ချာချာလည်ခဲ့တယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူတွေ့ကြုံခဲ့ရတဲ့ စိတ်ဖိစီးမှုတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းမေးခွန်းတွေကို သူ အဲဒီနေ့မှာ ဖြည့်ပေးခဲ့ရပါတယ်။
အသက် ၂၇ အရွယ်ရှိသူဖြစ်ပြီး အသင့်အတင့် ဝင်ငွေရှိသူ ဖြစ်နေတာကများ သူကိုယ်ဝန်ဖျက်ချဖို့ အခွင့်အလမ်းနည်းသွားမလားဆိုပြီး သူတွေးနေခဲ့ပါသေးတယ်။
"ကျွန်မက တစ်ယောက်တည်း၊ ကျွန်မနားမှာရှိတဲ့ သူတွေကတော့ ကျွန်မဘာလဲဆိုတာ ဝိုင်းအကဲဖြတ်နေကြတယ်လို့ ခံစားနေရတယ်"လို့ သူက ပြောပြပါသေးတယ်။
"အဲ့ဒီကိစ္စကို သူငယ်ချင်းအရင်းကိုတောင် ပြောပြလို့မရဘူး။ ကျွန်မတို့ လူအဖွဲ့အစည်း ယဥ်ကျေးမှုအရ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ မကောင်းဘူးလို့ အများစုက လက်ခံထားကြတာ။ တီဗီအစီအစဥ်တစ်ခုမှာ ဆိုရင် ကိုယ်ဝန်ဖျက်ချတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံး ကလေး သရဲလေးကို အမြဲကျောပိုးထား ရလိမ့်မယ်လို့တောင် ဝါဒဖြန့်ခဲ့ကြတယ်။ "
ခွဲစိတ်ခန်းထဲဝင်ဖို့ အခေါ်ခံလိုက်ရပြီးတဲ့ အချိန်မှာတော့ သူ စိတ်သက်သာရာ ရသွားတယ်လို့ ပြောပါတယ်။
"စုစုပေါင်း ၁၅ မိနစ်လောက်ပဲ ကြာတယ်။ ပြီးတော့ မိနစ်အနည်းငယ် အနားယူလိုက်ရတယ်။ ပြီးတော့ အလုပ်ကို ကိုယ့်ကား ကိုယ်မောင်းပြီး ပြန်လာလိုက်တယ်။
"အားလုံးအဆင်ပြေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောရတယ်။ ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်တွေ ဆိုရှယ်မီဒီယာမှာ မြင်လိုက်ရတဲ့နေ့ မတိုင်ခင်အထိ အားလုံး အဆင်ပြေပါတယ်။"
အမျိုးသမီးတွေဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်ရင် ကိုယ့်ဘာသာ ဆုံးဖြတ်ခွင့် တစ်နေ့တော့ အပြည့်ရလာမယ်လို့ ယုံကြည်တယ်လို့ သူက ပြောပါတယ်။
" ဥပဒေတွေ ဘယ်လောက် ဖြေလျှော့လျှော့ နှိမ့်ချတဲ့အယူအစွဲတွေက ကျွန်မတို့ကို လွှမ်းမိုးနေတာတွေ အများကြီး ရှိနေသေးတယ်"လို့ သူက ပြောပါတယ်။
'ကိုယ်ဝန်ဖျက်ချတာကို ပွင့်ပွင့်လင်းလင်း ပိုပြောလာရင် ကျွန်မတို့ လူ့အဖွဲ့ အစည်းက ပိုခိုင်မာလိမ့် မယ်'- အီရင်၊ အမေရိကန်ပြည်ထောင်စု
အီရင် ပထမဆုံးကိုယ်ဝန်ဖျက်ချတာက သူ အသက်၂၈ နှစ်မှာ ဖြစ်ပြီး မကြာခင်က သူနောက်ဆုံးဖျက်ချတာကတော့ သူ အသက် ၃၆ နှစ် ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ခဏခဏဖျက်ချတဲ့ ကိစ္စက မူမမှန်ဘူးဆိုတာ သူတွေးလေ့ရှိတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။
"ဒါပေမဲ့ ကျွန်မ အခုလုပ်နေတဲ့ ကိုယ်ဝန်ဖျက်ချတဲ့အခွင့်အရေးလှုပ်ရှားမှုတွေကနေ သိလာရတာကတော့ ကိုယ်ဝန်ဖျက်ချတာတွေ အရမ်းကို များများစားစားတွေ့လာရတယ်" လို့ သူက ပြောပါတယ်။
အဲဒီလို များပြားလာပေမဲ့ ကိုယ်ဝန်ဖျက်ချဖို့ ရွေးချယ်တာက အရှက်ရစရာဖြစ်တယ်ဆိုတဲ့ အမြင်တွေ သိသိသာသာ လျော့မသွားသေးဘူးလို့ ပြောပါတယ်။
"တိုးတက်မှုတွေဘယ်လောက်ရှိရှိ၊ ဖြေလျှော့မှုတွေ ဘယ်လောက်လုပ်လုပ် မျိုးဆက်ပွား အခွင့်အရေးလှုပ်ရှားသူတွေရှိတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာတောင် ကိုယ်ဝန်ဖျက်ချတဲ့ အကြောင်းပြောလိုက်ရင် အရှက်ရစရာ လက်သင့်မခံနိုင်စရာ ကိစ္စအဖြစ်ရှိနေဆဲပါ။ မကြာခင်မှာ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့တော့ ကျွန်မ မျှော်လင့်ပါတယ် "လို့ သူက ပြောပါတယ်။
အီရင်ဟာ မျိုးဆက်ပွားခွင့် အခွင့်အရေးတွေလုပ်ဆောင်နေတဲ့ အမေရိကန် အခြေစိုက် Shout Your Abortion အဖွဲ့အတွက် အလုပ်လုပ်ပေးနေပါတယ်။
"အရင်က ဒီအလုပ်စလုပ်ခဲ့တုန်းကဆို ကျွန်မအတွက် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ 'ကိုယ်ဝန်ဖျက်ချ abortion' ဆိုတဲ့ စကားလုံးကို အသံထွက်ဖို့တောင် အခက်အခဲရှိခဲ့ပါတယ်။ အခုတော့ အဲ့ဒီစကားလုံးကို ပုံမှန်အတိုင်း အေးအေးဆေးဆေး ပြောလာနိုင်နေပါပြီ။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူဟာ ကလေးဖျက်ချတယ်ဆိုတဲ့ အတွေးအခေါ်ကို လက်သင့်မခံတဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ အသိုင်းအဝန်းမှာ ကြီးပြင်းလာသူ ဖြစ်ပါတယ်။
"ကလေးဖျက်ချဖို့ကိစ္စ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းဖို့ ရှက်တာတွေ ရှိခဲ့ပြီး စိတ်ကသိကအောက်လည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကလေးတစ်ခါဖျက်ချပြီးတဲ့အချိန် နောက်ထပ်ကလေးဖျက်ချဖို့ အကူအညီ မတောင်းနိုင်တော့ဘူးလို့ တွေးခဲ့မိတယ်။"
ရာသီသွေးပျောက်သွားပြီဆိုတာနဲ့ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာလည်း သူအလွယ် တကူ သိခဲ့ပါတယ်။
"ကျွန်မမှာ ကိုယ်ဝန်ရှိနေတဲ့ အချိန်တိုင်း ကျွန်မခန္ဓာကိုယ်က မတူတဲ့ ခံစားမှုကို ခံစားရလို့ တစ်ခုခုတော့ ပြောင်းလဲနေပြီဆိုတာ သိလိုက်တယ်" လို့ သူက ပြောပါတယ်။
"ဒါပေမယ့် အဲ့လိုဖြစ်လာရင်လည်း ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ဖို့ အတွက်လည်း ဝန်မလေး တတ်ပါဘူး။ ကျွန်မက မိခင်တစ်ယောက်မဖြစ်ချင်သလို ကလေးတစ်ယောက်ကို စောင့်ရှောက်ဖို့ မိဘတာဝန်ကိုလည်း မယူချင်ပါဘူး ။ ကိုယ်ဝန်ဖျက်ချဖို့ ကိစ္စ ဆုံးဖြတ်ချက်ချတာမှာ လူတိုင်းအတွက် အခက်ခဲရှိနေတာက မျိုးဆက်ပွား အခွင့်အရေးလှုပ်ရှားမှုတွေလုပ်ဖို့ အတွက်လည်း ထိခိုက်မှုတွေ အများကြီး ဖြစ်စေပါတယ် " လို့ သူက ဆက်ပြောပါတယ်။
ကိုယ်ဝန်ဖျက်ချပြီးတဲ့အချိန်မှာ အထီးကျန်တဲ့ ခံစားမှုရတယ်ဆိုတာကို သူလက်ခံခဲ့ပြီး အဲ့ဒီ နှိမ်ချတဲ့အမြင်တွေဟာ နောက်ဆို ပျောက်သွားမယ်လို့ လည်း သူက ယုံကြည်နေပါတယ်။
"ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စကို ကျွန်မတို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလာကြရင် ကျွန်မတို့ လူ့အဖွဲ့အစည်းက လည်း အားကောင်းမောင်းသန် ဖြစ်လာလိမ့်မယ်။ ပြီးတော့ ကိုယ်ဝန်ဖျက်ချတာကို နှိမ်ချတာတွေ တဖြည်းဖြည်း ပျောက်ကွယ် သွားလိမ့်မယ်။ ဒါကိုကျော်ဖြတ်ဖို့ တစ်ယောက်ကို တစ်ယောက်လည်း ကူညီနိုင်တာပေါ့။"
'အရှက်တရားကြောင့် အထီးကျန်ခဲ့တယ်' - အင်ဒူ၊ အိန္ဒိယ
"ကျွန်မအသက်က ၃၁နှစ်ပါ။ အခုလေးတင် ကျွန်မဖုန်းပျောက်သွားတာ"လို့ အင်ဒူက ဘီဘီစီကိုပြောပါတယ်။ ကျွန်မ ဖုန်းအသစ်သွားဝယ်တဲ့ အချိန်မှာ အော့ချင်အန်ချိန်စိတ်ဖြစ်လာတယ်။ ဒါနဲ့ ကျွန်မ ချစ်သူက ကိုယ်ဝန်စစ်ကြည့်ပါလားလို့ ပြောလို့ စစ်ကြည့်ခဲ့တယ်။"
ဆေးစစ်ပြီးသူ ကိုယ်ဝန်ရနေပြီလို့သိရတဲ့အတွက် ကိုယ်ဝန်ဖျက်ချဖို့ သူ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချခဲ့ပါတယ်။ "အနုပညာ သမား တစ်ယောက်အနေနဲ့ ကျွန်မဘဝကို စရုံပဲ ရှိသေးတယ်။ ကျွန်မချစ်သူကလည်း ကျွန်မနဲ့ ဘဝတူပဲ။"
သူနဲ့ကျောင်းနေဘက် မီးယပ်ဆရာဝန်ဆီသွားတွေ့ပြီး သောက်ဆေးနဲ့ အတော်အဆင်ပြေပြေ ကိုယ်ဝန်ဖျက်ချနိုင်ခဲ့ပေမဲ့ နောက်ဆက်တွဲဒဏ်ကို သူတော်တော်လေး ခံလိုက်ရပါတယ်။
"ကိုယ်ဝန်ဖျက်ချတာတွေကို မကောင်းတဲ့ အမြင်တွေကြောင့် ကျွန်မကိစ္စကို တိုးတိုးတိတ်တိတ် လုပ်ခဲ့ရတယ်။ အဲဒီရှက်စိတ်ကြောင့် ကျွန်မ အထီးကျန်နေတယ်လို့ ခံစားလာရတယ်" လို့ သူက ပြောပါတယ်။
"ကိုယ်ဝန်ဖျက်ချတာကနေ သွေးတွေအရမ်းထွက်တော့ အော့အန်မအီမသာဖြစ်ပြီး ကြောက်လန့်လာခဲ့မိတယ်။ ကျွန်မ အသည်းနှလုံးတွေ ကွဲထွက်မတတ် ငိုခဲ့မိတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယမှာ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စဟာ လက်မခံနိုင်စရာ စက်ဆုပ်ရွံရှာစရာကိစ္စအဖြစ် ရှိနေဆဲဆိုတာ ၂၀၂၀ စက်တင်ဘာလတုန်းက IndiaSpend မီဒီယာက ထုတ်ပြန်တဲ့ သတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။
"အဲ့ဒီကိစ္စက ကျွန်မတို့၂ ယောက်အတူ ပါဝင် ပတ်သက်ခဲ့ပေမယ့် ကျွန်မတစ်ယောက်ထဲကသာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ခံစား ကျော်ဖြတ်ခဲ့ရတာဆိုတော့ ဒေါသထွက်မိတယ် ။ တစ်နှစ်လောက်အတွင်းမှာပဲ စိတ်ကျရောဂါဆေးတွေ သုံးခဲ့ရတယ်" လို့ သူက ပြောပါတယ်။
အဲ့ဒီလိုဖြစ်သွားတာက သူ့ရဲ့ အနာဂတ် ဆက်ဆံရေးတွေကို ပျက်စီးသွားစေခဲ့သလို လိင်ဆက်ဆံရမှာကိုလည်း အချိန်အကြာကြီး ကြောက်နေခဲ့မိပါတယ်။
အဲ့ဒါကြောင့် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အကူအညီတွေရဖို့ကိစ္စဟာလည်း အရမ်း အရေးကြီး တယ်ဆိုတာ သူသဘောပေါက်လာခဲ့ပါတယ်။
"ပြန်စဥ်းစားကြည့်လိုက်ရင် ကျွန်မ ကိုယ်ဝန်ဖျက်ချဖို့ကိစ္စ လွတ်လွတ်လပ်လပ် ပြောလို့ရမယ့် နေရာတစ်ခုသာရှိခဲ့မယ်ဆိုရင် ဖြစ်လာမယ့် အကျိုး ဆက်တွေကလည်း ကွာခြားသွားနိုင်ပါလိမ့်မယ်။"
'ကိုယ်ဝန်ဖျက်ချတာဟာ အကုသိုလ်လို့ သဘောထားတဲ့ အသိုင်းအဝန်း'- ဂျို့စ်လင်း ၊ ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံ
ဂျို့စ်လင်းဟာ ပြီးခဲ့တဲ့ လေးလတုန်းက ဒုတိယကလေးကို မွေးဖွားထားသူပါ။
"ရင်သားတွေက တင်းလာသလို ခံတွင်းကလည်း ပျက်လာတယ်။ ပြီးတော့ မောပန်းတာတဲ့ လက္ခဏာတွေ စတွေ့လာတယ်" လို့ ပြောပါတယ်။
မကြာခင်မှာပဲ အဲဒါ သူ့မှာ ကိုယ်ဝန်ထပ်ရနေတာလို့ သိလိုက်ရပြီး အဲဒီကိုယ်ဝန်ကို မဆောင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရတဲ့အခါမှာ ကျွန်မ ကလေးရဲ့ ကျန်းမာရေးကို ပထမဦးစားပေး အနေနဲ့ ထည့်သွင်းစဥ်းစားရပါတယ်။ ကိုယ်ဝန်ဖျက်ချပြီးရင် ဖြစ်လာမယ့် ကျန်းမာရေး အကျိုးဆက်တွေကိုလည်း စိုးရိမ် ကြောက်လန့်ခဲ့မိပါတယ်။ ဒါပေမယ့် ကျွန်မအမျိုးသားက အားပေးခဲ့တဲ့အတွက် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။"
သူ့ အသိုင်းအဝန်းထဲမှာ သူအရွယ်ရောက်လာတဲ့အထိ ကိုယ်ဝန်ဖျက်ချတဲ့အကြောင်း မကြားခဲ့ဖူးဘူးလို့ သူက ပြောပါတယ်။
ဒီမှာက ကိုယ်ဝန်ဖျက်ချတာဟာ အရမ်းကို လျှို့ဝှက်ကြတဲ့ကိစ္စဖြစ်ပြီး အသိုင်းအဝန်းထဲမှာလည်း အကုသိုလ်အလုပ်တစ်ခုလို့ သဘောထားကြပါတယ်။ လူတွေသိသွားရင်လည်း အဲ့ဒီလူကို အထင်သေးနှိမ့်ချကြပါတယ်။ "
ပြီးတော့ ကိုယ်ဝန်ဖျက်ချပေးဖို့ ဆရာဝန်ကိုလည်း အတင်းတောင်းပန် လုပ်ခိုင်းရတယ်လို့ ပြောပါတယ်။
"ကျွန်မကိုယ်ဝန်ဖျက်ချမယ့်ကိစ္စ ချက်ချင်း လက်မခံသလို ကျွန်မကိုလည်း အကြံဉာဏ်တွေ အများကြီးပေးပါတယ်။ ဒါပေမယ့် ကျွန်မကို ကိုယ်ဝန်ဖျက်ချပေးဖို့ တောင်းပန်ပြီး ပြောရတယ်။"
ကိုယ်ဝန်ဖျက်ချကုသမှုခံယူတာကို သူ့အိမ်မှာပဲ လျှို့ဝှက်လုပ်ဖို့ သူဆုံးဖြတ်ခဲ့ရပါတယ်။
"အရင်တုန်းက တစ်ခါမှမလုပ်ခဲ့ဖူးတော့ အရမ်းကြောက်လန့်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်မမှာ သတ္တိအပြည့်ရှိပါတယ်" လို့ ဆို ပါတယ်။
"သူနာပြုဆရာမကလည်း ကျွန်မကို ကူတယ်။ ကိစ္စ အားလုံးပြီးသွားမှ စိတ်သက်သာရာရတယ်။ "
ဒီကိုယ်ဝန်ဖျက်ချခဲ့ရတဲ့အချိန်မှာ ဂျို့စ်လင်း အသက်က ၃၁ နှစ်ရှိပြီဖြစ်ပြီး အဲ့ဒီကိစ္စကြောင့် အသိအမြင်တွေ ပိုရလာစေခဲ့တယ်လို့ ပြောပါတယ်။
"အခုဆို ကျွန်မ သန္ဓေတားမြစ်နည်းလမ်းတွေနဲ့ နောက်ထပ်ကိုယ်ဝန်မရအောင် နေထိုင်လာနိုင်ပြီ။၊ ဒီအတွေ့အကြုံက ကျွန်မအတွက် ယုံကြည်မှုတွေပိုတိုးလာစေပြီး နောက်ထပ်လည်း ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး"
'တစ်နေ့ကျရင် အမျိုးသမီးတွေ လွတ်လပ်လာမယ်လို့ မျှော်လင့်ပါတယ်။' - မာရီယာ၊ မက္ကဆီကို
မာရီယာ (အမည်လွှဲ)အတွက် ပထမဆုံးအကြိမ် ဆရာဝန်တစ်ယောက်နဲ့တွေ့ချိန်က သူ့ကို အများကြီး အခက်အခဲဖြစ်စေခဲ့ပါတယ်။
မာရီယာဟာ အသက် ၃၅ နှစ် ဖြစ်ပြီး ကိုယ်ဝန်ဖျက်ချချင်ခဲ့ပေမယ့် ကိုယ်ဝန်ဖျက်ချတာက လူသတ်တာလို့ ယုံကြည်ထားတဲ့ အသိုင်းအဝန်းမှာကြီးလာတဲ့အတွက် အဲ့ဒီကိစ္စကိုလုပ်ဖို့ စွန့်စား ဆုံးဖြတ်ခဲ့ရပါတယ်။
ဒါပေမယ့် အဲ့ဒီကိစ္စက အားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။
"လုပ်ရမယ့် လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး ဆေးကုသမှု တစ်ခုကို ကုသခံရမယ့် ပုံစံလိုမျိုး ဆရာဝန်က ကျွန်မကို ရှင်းပြပါတယ်။ ကျွန်မကို မေးခွန်းလုံးဝ မထုတ်ဘူး၊ ဆူတာတွေလည်း မလုပ်သလို တာဝန်မဲ့တဲ့ လူတစ်ယောက်ပုံစံမျိုးလည်း မဆက်ဆံဘူး။ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စက အမည်းစက်တစ်ခုလို ကျန်ခဲ့မယ်ဆိုတာလည်း ကျွန်မသဘောပေါက်ပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
မက္ကဆီကိုမြို့မှာ ကိုယ်ဝန်ဖျက်ချတာက တရားဝင်တယ်ဆိုပေမယ့် လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဖျက်ချနိုင်ဖို့ကတော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
"ကျွန်မ ကိုယ်ဝန်ဖျက်ချတာကို မိသားစုက မသိဘူး။ သူတို့တွေ ဘာပြောမလဲ ဆိုတာလည်း ကျွန်မ မသိဘူး။ ဒါပေမယ့် ကျွန်မအမေကစလို့ တချို့လူတွေအတွက်ကတော့ ဒါဟာ ခက်ခဲနာကျင်စရာဖြစ်မယ်ဆိုတာတော့ အသေအချာပြောနိုင်ပါတယ်။"
သူ့ညီမ ၁၄ နှစ်မှာ ကိုယ်ဝန်ရတော့ ကိုယ်ဝန်ဖျက်ချသင့်တယ်လို့ မိသားစုကို သွားအကြံပေးမိတာကိုလည်း ပြန်သတိရနေပါတယ်။
"မဖြစ်နိုင်ဘူးလို့ အဲ့ဒီတုန်းက သူတို့အကြီးအကျယ် ဆန့်ကျင်ကြတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဘယ်တော့မှ ဝင်မပါတော့ဘူး။"
မာရီယာ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စမှာ သူ့ အမျိုးသားကို ဘေးမှာထားပြီး ရင်ဆိုင်ခဲ့ရပါတယ်။
"အဲဒီ့အတွက် မိနစ် ၃၀ ပတ်ဝန်းကျင်၊ ဒါမှမဟုတ် အဲဒီထက် နည်းနည်းလောက်လျော့လောက် ကြာတယ်"လို့ သူက ပြောပါတယ်။
"ကျွန်မဘဝမှာ ထင်ကျန်ခဲ့မယ့် ခဲရာခဲဆစ် ပြဿနာကြီးတစ်ခုလို ကိစ္စတစ်ခုက အချိန်တိုတိုအတွင်းမှာ ပြီးသွားတဲ့အတွက် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။"
အခုတော့ သူဟာ အသက် ၃၈ နှစ် ရှိပြီ ဖြစ်သလို ကလေးတွေလည်း လိုချင်စိတ် မရှိတော့ပါဘူး။
"အခုလို ရှုပ်ထွေးတဲ့ ကမ္ဘာကြီးထဲမှာ ကလေးအမေနဲ့ ကလေးအဖေဘဝ ဖြစ်ရတာက မလွယ်ကူတဲ့အတွက် ကျွန်မနဲ့ ကျွန်မအမျိုးသား ကလေးမယူဖို့ ဆုံးဖြတ်လိုက်ပါတယ်"လို့ သူက ပြောပါတယ်။
"အထူးသဖြင့် ကျွန်မတို့ ကိုယ်ခန္ဓာထဲမှာ ဖြစ်ပျက်နေတာတွေ၊ ကျွန်မတို့ဘဝထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး တစ်နေ့မှာ အမျိုးသမီးတွေ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အတားအဆီးတွေကို ကျော်ဖြတ်ပြီး တစ်နေ့မှာ အဲ့ဒီအိပ်မက်တွေကလည်း အကောင်အထည်ဖြစ် လာလိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်။"
ဒီဆောင်းပါးကို အမ်မရီ မာကူမန်နိုက ဖြည့်စွက်ရေးသားထားပါတယ်။








