ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြေယာ အငြင်းပွားမှုဖြစ်နေတဲ့ ရွာသုံးရွာကို စစ်ကောင်စီက ဖယ်ခိုင်း
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က စစ်တပ်နဲ့ မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ကျေးရွာသုံးရွာကို တပ်ပိုင်မြေပေါ် ကျူးကျော်နေထိုင်လို့ဆိုပြီး ရက်ပိုင်းအတွင်း ရွှေ့ပြောင်းဖို့ စစ်ကောင်စီက ကျေးရွာတွေထဲ အင်အားသုံး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေထွက် ကျေးရွာကို သုံးရက်အတွင်း ရွှေ့ပြောင်းခိုင်းသလို ငွေတောင်ကျေးရွာနဲ့ ညောင်ဝန်းကျေးရွာတို့ကို တစ်ပတ်အတွင်း နေအိမ်တွေ ဖယ်ရှားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲ့ဒီကျေးရွာ တစ်ရွာချင်းစီကို စစ်ကားသုံးစီးနဲ့အတူ စစ်ကောင်စီက ဗိုလ်မှူး၊ တပ်သားတွေနဲ့အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါ လာရောက်ပြီး နူတ်မိန့်နဲ့ ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
" စစ်တပ်က အင်အားအလုံးအရင်းနဲ့ ရွာကို ဝင်လာပြီး မင်းတို့ကို သုံးရက်အချိန်ပေးမယ်။ ခင်ဗျားတို့ မထွက်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့က ရွာကို မီးရှို့ပစ်မယ်။ ဖျက်ဆီးပစ်မယ်။ ဘူဒိုဇာနဲ့ ထိုးမယ်လို့ လာပြီး ခြိမ်းခြောက်သွားတယ်။ လာတဲ့အချိန်မှာလည်း ရွာထဲက ဆိုင်းဘုတ်တွေ၊ ခြံစည်းရိုးကာထားတာတွေ ဖျက်ဆီး ရိုက်ချိုး သွားတယ်ဗျ"လို့ ရေထွက်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာသုံးရွာထဲက မြေဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က ၁၂၁ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ရင်းက ၁၉၇၂ ခုနှစ်မှာ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
ရေထွက်၊ ညောင်ဝန်း၊ ငွေတောင် ကျေးရွာ သုံးရွာရဲ့ မြေဧက ၃၅၀၀ ကျော်ကို လျော်ကြေးငွေမရရှိခဲ့ဘဲ သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
နှစ်ကာလကြာမြင့်ချိန်မှာ မြေလွတ်မြေရိုင်းတွေ ဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေက ယခင် ဘိုးဘွားပိုင်မြေမှာ ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ပါတယ်။
ကျေးရွာနေအိမ်ဆောက်ပြီး ဆယ်နှစ်ကျော်ကြာတဲ့အချိန် ၂၀၁၉ ခုနှစ်မှာ စစ်တပ်က တရားလိုလုပ်ပြီး ဒေသခံ ၁၀၀ကျော်ကို နယ်မြေကျူးကျော်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်မှာ အဲ့ဒီကျေးရွာ သုံးရွာထဲက တပ်ပိုင်မြေအတွင်း နေအိမ်တွေကို ရက်ပိုင်းအတွင်း ရွှေ့ပြောင်းဖို့ စက်တင်ဘာ ၂၄ရက်နေ့မှာ စစ်ကောင်စီဘက်က ကျေးရွာတွေကို ဝင်ရောက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"မိုးတွင်းကာလဖြစ်တယ်။ စားဝတ်နေရေး ခက်ခဲတယ်။ နိုင်ငံရေးက မတည်မငြိမ်နဲ့။ ရောဂါတွေက ဖြစ်နေတာ။ ဒါမျိုးဖျက်တယ်လုပ်တော့ ပြည်သူတွေ လုံးဝ ဒုက္ခရောက်တာပေါ့။ ဖျက်တာက ဟုတ်ပါပြီ။ ပြန်ဆောက်မယ့် နေရာမရှိဘူးလေ"လို့ ငွေတောင်ကျေးရွာ ဒေသခံတစ်ဦးက လက်ရှိကြုံတွေ့နေရတဲ့ အခြေနေကို ပြောပါတယ်။
စဉ့်ကူးမြို့နယ် တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်တယ်လို့ စွပ်စွဲခံရတဲ့ တောင်သူတစ်ဦးက "အခုနေအိမ်တွေ စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်။ မြေယာအငြင်းပွားမှုကို ဥပဒေနဲ့ ဖြေရှင်းတာပဲ လက်ခံတယ်။ အခုက အင်အားအလွန်ကျွံသုံးပြီးကာမှ လာတယ်။ ကြောက်လဲကြောက်တယ်။ ကျွန်တော်တို့ရွာက တည်ငြိမ်အေးချမ်းတဲ့ရွာလေး။ သူတို့ကို အန်တုဖို့ ဘာပစ္စည်းမှလဲ မရှိဘဲနဲ့ လက်နက်တွေကိုင်ဆောင်ပြီး အင်အားအများပြားနဲ့ ဝင်လာတာက လုံခြုံမှု မရှိဘူး"လို့ ပြောပါတယ်။
လက်ရှိ ကျေးရွာတွေမှာ နေအိမ်ဖျက်သိမ်းနေသူတွေ ရှိသလို ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ရွာလုံးနီးပါး နေရပ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက မြေယာကျူးကျော်မှုနဲ့ တပ်ပိုင်မြေထဲ ပါဝင်တဲ့ ကျေးရွာသုံးရွာက နေအိမ်တချို့ကို ရက်ပိုင်းအတွင်း ရွှေ့ပြောင်းခိုင်းတာ၊ မရွှေ့ပြောင်းရင် နေအိမ်တွေ မီးရှို့၊ ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေ အမိန့်ထုတ်ပြန်တာတွေ ရှိမရှိနဲ့ ပက်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုပေးတာ မရှိပါဘူး။