အန္တရာယ်အသွယ်သွယ်ဝိုင်းနေတဲ့ ရန်ကုန်မြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေ၊ စစ်ဆေးမေးမြန်းမှုတွေ၊ ဖမ်းဆီးတာတွေ၊ စစ်ကြောရေးမှာနှိပ်စက်ညှဉ်းပန်းတဲ့သတင်းတွေကြောင့် အများပြည်သူရဲ့ဘဝဟာ အန္တရာယ်အသွယ်သွယ်ဝိုင်းနေသလိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားနေရာအသီးသီးမှာ အသွင်သဏ္ဌာန်မျိုးစုံနဲ့ ဖြစ်ပွားနေရာမှာ ရန်ကုန်မြို့မှာတော့ မြို့ကြီးသလောက် ဖြစ်ရပ်စုံလင်ပါတယ်။
လမ်းဖြတ်တားဆီးစစ်ဆေးမှု
ရန်ကုန်မြို့ပေါ်မှာ လမ်းကဖြတ်တားစစ်ဆေးမှုတွေပြုလုပ်နေတာ အာဏာသိမ်းပြီးကတည်းက ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ စစ်ဆေးမှုတွေပိုများလာပါတယ်။
"သူတို့အဓိကစစ်ဆေးတာကတော့ တယ်လီဖုန်းကို စစ်တတ်ပါတယ်။ တယ်လီဖုန်းကိုစစ်ရင်လည်း ဖေ့စ်ဘုတ်ကို စစ်တာကများပါတယ်။" လို့တောင်ဒဂုံမြို့နယ်မှာနေထိုင်သူ ကိုငယ်ကပြောပါတယ်။
"အရင်တုန်းကတော့ အိမ်စီးကားတွေကိုစစ်ကြတာဗျ။ အခုတော့ အဲသလိုမဟုတ်တော့ဘူး။ ဘတ်စ်ကားတွေပေါ်အထိ တက်ပြီး စစ်တယ်။ အဲသလိုစစ်တဲ့အခါမှာ တယ်လီဖုန်းလည်း စစ်တယ်။ အထုပ်အပိုးတွေထဲလည်း လိုက်ရှာလိုက်နှိုက်ပြီး စစ်တယ်။ အိတ်အနက်ရောင်ဆို ပိုစစ်တယ်။ ကျွန်တော်တို့ဆိုရင် အိတ်အနက်ရောင်ကိုရှောင်ကြရတယ်" လို့လည်း ဗိုလ်တထောင်မြို့နယ်မှာနေထိုင်သူကိုဦးက ဆိုပါတယ်။
"ကားနဲ့ပတ်နေကြတာတွေကတော့ တမြို့လုံးမှာ အများကြီးဗျ။ သူတို့စစ်ချင်တဲ့နေရာမှာ ရပ်ပြီးစစ်တာပဲ။ တက္ကစီတွေကိုဆိုရင် ပိုစစ်တယ်။ တက္ကစီတွေဆိုရင် ဒရိုင်ဗာတွေပါ ဆင်းခိုင်းပြီး အကုန်နှံ့နှံ့စပ်စပ်ရှာတာ၊ ဖွေတာတွေ လုပ်တယ်။ အိမ်ကားတွေလည်း စစ်တာပဲ။ ကျွန်တော်ဆိုရင် တနေ့က သံလျင်ဘက်သွားတာ သူတို့ကဓာတ်ပုံတွေ ကိုင်ထားပြီး ဓာတ်ပုံနဲ့တိုက်စစ်တာမျိုးပါ လုပ်တယ်။" လို့ အင်းစိန်ဘက်မှာနေထိုင်သူ ကိုမျိုးကဆိုပါတယ်။
စောစောပိုင်းတုန်းကတော့ အိမ်စီးကားကိုတောင် ကားတိုင်းမစစ်ဆေးဘဲ သူတို့သတင်းရထားတဲ့ ကားအမျိုးအစားကိုသာ စေ့စေ့စပ်စပ် လှန်လှောရှာဖွေလေ့ ရှိပါတယ်။ နောက်ပိုင်းမှာတော့ အိမ်စီးကားတော်တော်များများကို စစ်ဆေးပါတယ်။ အဲဒီနောက်တော့ ဘတ်စ်ကားလိုင်းကားတွေကိုပါ တိုးချဲ့စစ်ဆေးလာတာဖြစ်ပါတယ်။ လမ်းလျှောက်သွားတဲ့သူတွေကိုတော့ သာမန်အားဖြင့် စစ်ဆေးလေ့မရှိပါဘူး။ ဒါပေမဲ့ ပြောက်ကျားသပိတ်ဖြစ်ပွားသွားတဲ့နေရာဆိုရင်တော့ အနီးအနား လမ်းလျှောက်သွားတဲ့လူတွေကိုပါ စစ်ဆေးတတ်ပါတယ်။ ပြောက်ကျားသပိတ်ပြုလုပ်သွားတဲ့နေရာဆိုရင် အစစ်အဆေးပိုကြမ်းတယ်လို့လည်း ဆိုပါတယ်။
"တနေ့ကဆိုရင် ရေကျော်နားမှာ ညနေ ၄ နာရီလောက်မှာ လမ်းသွားတဲ့လူတွေကို ပါစစ်တယ်။ တယ်လီဖုန်းတွေ စစ်တယ်။ အိတ်တွေကို မွှေနှောက်ရှာဖွေတယ်။ အဲဒီဘက်မှာ ပြောက်ကျားသပိတ်ဖြစ်သွားလို့ စစ်တာပါ" လို့ကိုဦးက ဆိုပါတယ်။
"နောက်ပိုင်းကျတော့ ပြောက်ကျားသပိတ်ရှိတယ်ဆိုရင် လိုင်းကားသမားတွေကအစ အဲဒီနေရာကို ရှောင်မောင်းကြပါတယ်။ အဲဒီဘက်က မှတ်တိုင်တွေကို မဖြတ်ကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမျိုးမှာ အစစ်အဆေးကပိုကြမ်းပြီး အချိန်လည်း ပိုကုန်တတ်လို့ပါ" လို့ တောင်ဒဂုံမှာ နေထိုင်သူ ကိုငယ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီလုံခြုံရေးတွေကိုယ်တိုင် စိုးရိမ်မှုရှိကြ
စစ်ဆေးကြတဲ့ စစ်သားတွေနဲ့ရဲတွေကိုယ်တိုင်လည်း စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ ယူဆရပါတယ်။ နေရာအသေယူ ဂိတ်ထိုးပြီးစောင့်ဆိုင်း စစ်ဆေးတာမျိုးမလုပ်ပါဘူး။ စစ်ကားတွေနဲ့ မြို့အနှံ့လှည့်လည်သွားလာပြီး သူတို့စစ်ချင်တဲ့နေရာမှာ ကားကို ရပ်တန့်စစ်ဆေးကြတာပါ။
"ကားတွေကိုလည်း နောက်မှာ သံဆန်ခါနဲ့ပိတ်ချင်ပိတ်၊ ဒါမှမဟုတ်ရင် ဒိုင်းတွေနဲ့ ကာထားတာ များပါတယ်။ သူတို့လည်း အတိုက်အခိုက်ခံရမှာကို ကြောက်နေကြပုံရပါတယ်" လို့ကိုငယ်ကဆိုပါတယ်။
ကိုမျိုးကတော့ "ကားတွေနဲ့ပတ်နေတာတော့ အများကြီးပဲ။ သေနတ်တွေကို ကိုင်ထားတာကလည်း ရယ်ဒီပဲ။ လူကတော့အရင်လို အများကြီး မလိုက်နိုင်တော့ဘူး။ ဘာ့ကြောင့်လဲတော့ မသိဘူး။ ကိုဗစ်ထိကုန်လို့လား၊ ရှေ့တန်းထွက်ကုန်ကြရလို့လား မသိဘူး။" လို့ ဆိုပါတယ်။
သတင်းပေးဒလန်ဆိုသူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်မှုတွေလည်း မကြာခဏဖြစ်ပွားပါတယ်။ ရပ်ကွက်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ခိုက်တာ၊ မီးရှို့တာတွေလည်း တော်တော်များများ ရှိခဲ့ဖူးတဲ့အတွက် အခုအခါမှာ ရပ်ကွက်အထွေထွေ အုပ်ချုပ်ရေးရုံးအများအပြားကို သံဆန်ခါတွေနဲ့ ရှေ့ကကာထားတာ၊ သဲအိတ်တွေဆင့်ပြီး ကာကွယ်ထားတာမျိုးတွေ တွေ့ရပါတယ်။
"ရပ်ကွက်ရုံးတွေကို သဲအိတ်တွေနဲ့ ကာကွယ်ထားကြတာဗျ။ တကယ်လို့ သဲအိတ်တွေ ကာမထားရင်လည်း ရှေ့မှာ zip-zag လုပ်ထားကြတယ်။ ရပ်ကွက်ရုံးတွေမှာ ခွထောက်ပါတဲ့ စက်သေနတ်တွေဆောင်ထားတင်ထားတာမျိုးတွေလည်း တွေ့ရတယ်။ အဲသလို စက်သေနတ်မျိုးတွေက TE စစ်ကားတွေပေါ်မှာလည်း အမြဲလိုလိုတွေ့ရတယ်။ လမ်း ၅၀ ယာဉ်ထိန်းရုံးမှာဆိုရင် သူတို့ဘက်ခြမ်းကလမ်းကို လုံးလုံးပိတ်ပစ်လိုက်တယ်" လို့ ကိုမျိုးက ပြောပါတယ်။
"ဟုတ်တယ်ဗျ။ အဲဒါမျိုးတွေရှိတယ်။ ဝိုင်အမ်ဘီအေရုံးမှာဆိုရင် သဲအိတ်တွေ ကာထားတဲ့အပြင် သေနတ်တွေပါ တင်ထားတာလည်း တွေ့ရတယ်" လို့ ကိုငယ်ကလည်း ဆိုပါတယ်။
ဆိုင်ကယ်တွေ့ရင်ဖမ်းပြီးသိမ်းဆည်း
ဆိုင်ကယ်စီးလာတဲ့သူတွေကိုတွေ့ရင်တော့ ဆိုင်ကယ်ကိုပါ သိမ်းဆည်းတတ်ပါတယ်။ တခါတရံမှာ နေရာမှာပဲ စျေးနှုန်းညှိနှိုင်းပြေလည်ရင်တော့ ဆိုင်ကယ်ပြန်ရတတ်တယ်လို့ဆိုပါတယ်။ အဲသလို မဟုတ်ဘဲ ဘယ်နေရာမှာ လာရွေးလှည့်ပါလို့ပြောပြီး ငွေနဲ့ပြန်ရွေးခိုင်းတာမျိုးလည်း ရှိပါတယ်။
"ဆိုင်ကယ်ကို သူတို့ကြောက်လာပုံရတယ်။ အဲ့ဒါအပြင် ငွေရှာတာလည်း ပါမယ်ထင်တယ်ဗျ။ တခါတုန်းကတော့ ဆိုင်ကယ်တစီးကို သူတို့သိမ်းသွားတယ်။ ဆိုင်ကယ်စီးတဲ့သူက ဆိုင်ကယ်မှာ ဖောက်ခွဲရေးပစ္စည်း တခါတည်းတပ်ပေးလိုက်ပုံရပါတယ်။ သူတို့သိမ်းသွားပြီးတော့ အဲဒီဆိုင်ကယ်က ထပေါက်တာမျိုး ဖြစ်ခဲ့ဖူးပါတယ်" လို့ ကိုဦးက ဆိုပါတယ်။
ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားလာပြီးနောက် ဆိုင်ကယ်မောင်းနှင်စီးနင်းမှုအပေါ် ပိုမိုတင်းကျပ်လာတာ ဖြစ်ပါတယ်။ ဆိုင်ကယ်က လှုပ်ရှားရတာ ပိုလွယ်ကူပြီး ထွက်ပြေးတိမ်းရှောင်လို့လည်း ပိုကောင်းတဲ့အတွက် မြို့ပြပြောက်ကျားတိုက်ခိုက်သူတွေက ဆိုင်ကယ်ကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာတော့ ဆိုင်ကယ်စီးသူတိုင်းကို ဖမ်းဆီးပြီး ဆိုင်ကယ်တွေကို သိမ်းပါတယ်။ မန္တလေးမြို့နေ လူထုကတော့ ဆိုင်ကယ်ကို အဓိက အားပြုသွားလာကြတာမို့ ဆိုင်ကယ်ကို ပိတ်ပင်ဖို့ဟာ မဖြစ်နိုင်ပါဘူး။
အခုကာလမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေး ယန္တရားက အပြည့်အဝမလည်ပတ်နိုင်သေးသလို၊ စစ်ကောင်စီရဲ့ ကြေညာချက်တွေကလည်း လူထုအကြားမှာ ထိထိရောက်ရောက် မပြန့်နှံ့တာတွေ ရှိပါတယ်။ သက်ဆိုင်ရာ ဒေသတခု အတွက်ပဲ ထုတ်ပြန်တဲ့ ကြေညာချက်ကို လူထုအများမသိရှိကြတဲ့အတွက် ဒုက္ခရောက်တာမျိုးရှိပါတယ်။
"ရွှေပြည်သာဘက်မှာ ဆိုင်ကယ်နဲ့ပတ်သက်ပြီး case တခုဖြစ်ခဲ့ဖူးတယ်။ လှိုင်သာယာဘက်က ဆိုင်ကယ်စီးလာတာ။ သူတို့ဆိုင်ကယ်မစီးရဆိုပြီး သတ်မှတ်ထားတဲ့နေရာရှိတယ်။ အဲ့ဒီ ရွှေပြည်သာဘက်မှာ။ အဓိကတော့ ရဲစခန်းတို့ ထွေအုပ်ရုံးရှေ့တို့ပေါ့။ လှိုင်သာယာဘက်ကလူက အဲဒီသူတို့ကြေညာထားတာကို မသိဘဲ စီးသွားတော့ သေနတ်နဲ့လိုက်ပစ်တာ ဖြစ်ဖူးတယ်" လို့ ကိုဦးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိမ်တွေကိုဝင်ရောက်ဖမ်းဆီးမှုတွေအလွန်များပြား
ညဘက်မှာ စစ်တပ်နဲ့ရဲက အိမ်တွေကိုဝင်ရောက်စီးနင်းပြီး ရှာဖွေဖမ်းဆီးကြတာကလည်း နေ့စဥ်လိုလို ဆက်လက်ဖြစ်ပွားနေပါတယ်။ သတင်းအရနေ့ခင်းမှာ ဝင်ရောက်ဖမ်းဆီးတာမျိုးလည်း ရှိပါတယ်။ စမ်းချောင်းဘက်မှာဆိုရင် အခုတလော ဖမ်းဆီးတဲ့သတင်းတွေ တော်တော်များများ ကြားရပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဝရမ်းမပါဘဲ မဖမ်းဆီးရဆိုတဲ့ ဥပဒေကိုလည်း ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် အိမ်တိုင်းအိမ်တိုင်းကို အချိန်အခါမရွေးတံခါးမရှိ၊ ဓားမရှိဝင်ရောက်လို့ ရနေပါတယ်။
"အသာတကြည်အဖမ်းခံရင်တော့ ဘာမှမလုပ်ဘဲ ဖမ်းသွားတယ်။ အသာတကြည်အဖမ်းမခံရင်တော့ ပစ်တယ်လို့ပဲ ပြောရလိမ့်မယ်။ တနေ့ကပဲ ရွှေပြည်သာဘက်မှာလာဖမ်းတော့ ထွက်ပြေးဖို့ ကြိုးစားတဲ့ တယောက်ကို ပစ်သတ်လိုက်တာသေသွားတယ်။" လို့ ကိုဦးကဘီဘီစီကို ပြောပါတယ်။
ကိုဦးပြောတဲ့အဖြစ်အပျက်ဟာ ရွှေပြည်သာ ဒ/၁၇ ရပ်ကွက် တော်ဝင်ပိတောက်အဆောင်မှာ ဖြစ်ပွားခဲ့တာပါ။ နောက်ဖေးပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးတယ်ဆိုတဲ့ ကိုလင်းလင်းထွန်းကို နေရာမှာတွင် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ နီးစပ်သူများက ဆိုပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကလည်း ကျည်ထိမှန်သေဆုံးတယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီထုတ်မြန်မာ့အလင်းသတင်းစာမှာတော့ ပြတင်းပေါက်ကခုန်ချရာမှာ ကွန်ကရစ်ကြမ်းပြင်နဲ့ရိုက်မိပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သြဂုတ်လ ၁၀ ရက်နေ့ကလည်း ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းမှာ လုံခြုံရေးအဖွဲ့တွေက လာရောက်ဖမ်းဆီးစဉ် လူငယ် ၅ ဦး ၄ လွှာ တိုက်ခန်းကခုန်ချတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးမှာပဲသေဆုံးသွားသူတွေလည်း အများအပြားရှိနေပါတယ်။ အနီးဆုံးဖြစ်စဉ်တခုမှာဆိုရင် သြဂုတ်လ ၂၂ ရက်နေ့က ဖမ်းဆီးသွားတဲ့ အသက် ၁၉ နှစ်အရွယ် ပရဟိတလူငယ် ကိုစန်းဝင်းအောင်ဟာ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့မှာတော့ သေဆုံးပြီဖြစ်ကြောင်း မိသားစုကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ သူ့ကိုတောင်ဥက္ကလာ ထွေအုပ်ရုံးဗုံးပေါက်ကွဲမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ဆရာဝန်တွေ၊ အနုပညာသည်တွေ၊ နိုင်ငံရေးသမားတွေဟာ မကြုံစဖူးလောက်အောင် များပြားလှစွာဝရမ်းထုတ်ခံထားရတာတွေလည်း ရှိနေပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေဟာ အဖမ်းခံရမဲ့အန္တရာယ်၊ အသတ်ခံရမဲ့အန္တရာယ်တွေ အမြဲလိုလိုရှိနေပါတယ်။ ဒလန်လို့သူတို့ခေါ်ကြတဲ့ သတင်းပေးတွေရဲ့ သတင်းပေးတိုင်ကြားမှုကြောင့် အဖမ်းဆီးခံရမဲ့ အန္တရာယ်၊ အသတ်ဖြတ်ခံရမဲ့ အန္တရာယ်မျိုးတွေလည်း ကြီးကြီးမားမားရှိနေပါတယ်။ စစ်အာဏာသိမ်းမှုကို ထောက်ခံလိုလားသူတွေအနေနဲ့လည်း ဒလန်လို့စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်တာကို ခံရနိုင်တဲ့ အန္တရာယ်ဟာ လက်တကမ်းမှာရှိနေပါတယ်။ နိုင်ငံရေးနဲ့ တိုက်ရိုက်မပတ်သက်သူတွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မတော်တဆမှုကြုံတွေ့နိုင်တဲ့ အန္တရာယ်ဟာ သာမန်အချိန်ထက် အဆများစွာပိုရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အထူးသဖြင့်ရန်ကုန်မြို့မှာ အန္တရာယ်အသွယ်သွယ်ဝိုင်းရံခံနေရသလိုဖြစ်နေပါတယ်။








