ရခိုင် အောက်ဆီဂျင်- ရေမြုပ်သံတွဲစက်ရုံ ငါးရက်ကြာမှ ပြန်ပေးနိုင်မယ်၊ မြောက်ဦးစက်ရုံ မြို့နယ်ခြားပေးတာ ရပ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မိုးကြီးရေလျှံမှုတွေကြောင့် မြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့သလို သံတွဲမြို့မှာ အောက်ဆီဂျင်စက်ရုံကို ရေနစ်မြုပ်ခဲ့တဲ့အတွက် ရပ်နားထားရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့က သံတွဲတစ်မြို့လုံး ရေနစ်မြုပ်ခဲ့တာကြောင့် အောက်ဆီဂျင် ထုတ်လုပ်ပေးနေတဲ့စက်ရုံက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဖြုတ်သိမ်းထားခဲ့ရပြီး အခုရေကျသွားတဲ့အချိန်မှာလည်း ပြန်လည်တပ်ဆင်ဖို့အတွက် နည်းပညာအခက်အခဲရှိနေတာကြောင့် နောက်ထပ်ငါးရက်ကြာမှ အောက်ဆီဂျင်တွေ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ သံတွဲမြို့ကို ရောက်ရှိနေတဲ့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
"အဲ့ဒီမှာ စက်ရုံရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ပြီးတော့ သိမ်းထားရတယ်။ ပြန်တပ်ဆင်ဖို့အတွက် ကုမ္ပဏီနဲ့ပြန်ချိတ်ရပါတယ်။ အဲ့ဒီလူတွေကို ကျွန်တော်တို့ အထူးကိစ္စတစ်ရပ်အနေနဲ့ ပြန်ခေါ်ဖို့ လုပ်ပါတယ်။ သွားခေါ်တာနဲ့ ဒီကိုရောက်မယ့်ဟာဆိုရင် သုံးလေးရက်လောက်ကြာမယ်၊ ရောက်လို့ နောက်နှစ်ရက်အတွင်းမှာတော့ သံတွဲအောက်ဆီဂျင်စက်ရုံပြန်လည်ဖို့အတွက် ကျွန်တော်တို့မျှော်မှန်းထားတာက နောက်ထပ်ငါးရက်ကြာပြီးရင်တော့ အောက်ဆီဂျင်တွေထုတ်နိုင်မယ်လို့ မျှော်မှန်းပါတယ်ခင်ဗျား"လို့ ဦးလှသိန်းက ပြောပါတယ်။
အဲ့ဒီအောက်ဆီဂျင်စက်ဟာ တရုတ်နိုင်ငံကထုတ်လုပ်တဲ့စက်ဖြစ်ပြီး စက်ကိုပြန်လည်တပ်ဆင်ဖို့အတွက် စက်ဝယ်ယူခဲ့တဲ့ကုမ္ပဏီက ကျွမ်းကျင်ပညာရှင်တွေကိုခေါ်ယူထားရတာဖြစ်ပါတယ်။
သံတွဲမြို့နယ်ဟာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားနေတဲ့မြို့နယ်တစ်ခုဖြစ်ပြီး အောက်ဆီဂျင် လိုအပ်ချက်ကလည်း များပြားနေတဲ့အတွက် လက်ရှိမှာ အသုံးပြုဖို့ လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ပြည်နယ်ပြင်ပကနေ တင်သွင်းနေရတာကြောင့် အခက်အခဲတချို့ ရှိနေတယ်လို့ ဆိုပါတယ်။
သံတွဲမြို့နယ်အတွင်း ကိုဗစ် ကူးစက်ခံရသူတွေများပြားလာသလို အောက်ဆီဂျင်ပေးရတဲ့လူနာတွေလည်း များပြားလာတဲ့အတွက် အောက်ဆီဂျင် အခက်အခဲနဲ့ ကြုံနေရတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ချပေးတဲ့စက်ကို အမြန်ဆုံးလည်ပတ်နိုင်အောင် ဇူလိုင်လတတိယအပတ်အတွင်း စက်ရုံတည်ဆောက်ပြီး အောက်ဆီဂျင်တွေ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ မိုးကြီးရေလျှံမှုကြေင့် အဲ့ဒီစက်ကိုရပ်နားထားခဲ့ရတဲ့အတွက် လက်ရှိ သံတွဲအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက ဆေးရုံတွေမှာ အောက်ဆီဂျင်လိုအပ်မှုတွေအတွက် ခက်ခက်ခဲခဲတင်ပို့နေရတယ်လို့ ဦးလှသိန်းက ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာလည်း စစ်တွေဆေးရုံကြီးနဲ့ မြောက်ဦးမြို့တို့မှာသာ အောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့ စက်ရုံနှစ်ရုံသာရှိပြီး ဆေးရုံတွေမှာ အောက်ဆီဂျင် မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
မြောက်ဦးဆေးရုံမှာ ကိုဗစ်လူနာတွေ များပြားလာနေသလို စက်ရုံကထုတ်ပေးနိုင်တဲ့ အောက်ဆီဂျင် ပမာဏထက် ကျော်လွန်ပြီး လိုအပ်နေတာကြောင့် တခြားမြို့နယ်တွေအတွက် အောက်ဆီဂျင်ဖြည့်ပေးတာတွေကို ယာယီရပ်ဆိုင်းထားရတယ်လို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။
"စက်ရုံက အောက်ဆီဂျင်ထွက်နှုန်းက တစ်နေ့ကို ၄၀ လီတာ အလုံး ၄၀ ပဲထွက်တာလေ၊ အဲ့ဒီပမာဏထက် ဆေးရုံမှာ သုံးစွဲတဲ့ပမာဏက များနေတော့ ကျွန်တော်တို့က တခြားမြို့နယ်တွေကို လောလောဆယ်မှာ ခေတ္တရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ၂၇ ရက်နေ့ကစလို့ ရပ်တာပါ။ ဒီဘက်မှာ အောက်ဆီဂျင်ရှူရတဲ့လူနာတွေ နည်းသွားလို့ရှိရင်တော့ ပြန်ပေးမှာပါ"လို့ စက်ရုံတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ပြောပါတယ်။
မြောက်ဦးက အောက်ဆီဂျင်စက်ရုံဟာ တစ်နေ့ကိုလီတာ ၁၆၀၀ သာထုတ်လုပ်နိုင်ပြီး လက်ရှိမှာ ဆေးရုံရဲ့ အောက်ဆီဂျင်လိုအပ်ချက်က လီတာ ၂၀၀၀ ဝန်းကျင်လောက် လိုအပ်နေတာကြောင့် လုံလောက်မှုမရှိ ဖြစ်နေရတယ်လို့ သူက ပြောပါတယ်။
မြောက်ဦးဆေးရုံမှာ အောက်ဆီဂျင်ရရှိနေတဲ့အတွက် အခုရက်ပိုင်းအတွင်း ကိုဗစ်လူနာတွေလည်း များပြားလာသလို တခြားမြို့နယ်တွေက လူနာတွေလည်းလာရောက်ကုသနေကြတဲ့အတွက် အခုလို အောက်ဆီဂျင် မလုံလောက်မှုတွေရှိနေတာလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြောက်ဦးက အောက်ဆီဂျင်စက်ရုံဟာလည်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှု မြင့်တက်လာချိန် အောက်ဆီဂျင် အခက်အခဲနဲ့ ကြုံလာရတဲ့အတွက် အလှူရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စုပေါင်း တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဆေးရုံတွေမှာ အောက်ဆီဂျင်အခက်အခဲနဲ့ ကြုံနေရတဲ့အချိန်မှာ မြောက်ဦးစက်ရုံက အောက်ဆီဂျင် ထုတ်လုပ်နိုင်ခဲ့တာကြောင့် စစ်တွေဆေးရုံကြီးအပြင် အနီးဝန်းကျင်မြို့နယ်တွေအတွက် အထောက်အကူဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဆေးရုံအားလုံးမှာ အောက်ဆီဂျင်မလုံလောက်မှုတွေနဲ့ ကြုံနေရဆဲဖြစ်ပါတယ်။
စစ်တွေဆေးရုံကြီးမှာရှိတဲ့စက်က တစ်နေ့ကို အောက်ဆီဂျင်အိုး ၆၀ ထုတ်လုပ်နိုင်ပြီး လက်ရှိဆေးရုံပေါ်မှာ အောက်ဆီဂျင်ပေးထားရသူတွေ များပြားနေတဲ့အတွက် တစ်နေ့ကို ၁၅၀ ခန့်ထိအသုံးပြုနေရတာကြောင့် တခြားနေရာက စက်ရုံတွေကိုပဲ အားကိုးနေရတာဖြစ်ပါတယ်။
စစ်တွေဆေးရုံက အောက်ဆီဂျင်စက်ရုံဟာ တစ်နာရီကို အိုး ၇ လုံး ဖြည့်ပေးနိုင်ပေမယ့် မရပ်မနားလည်ပတ်နေရတာကြောင့် စက်ချို့ယွင်းမှုဖြစ်မှာကို စိုးရိမ်ပြီး တစ်နာရီကို သုံးလုံးနှုန်းနဲ့ လျှော့ထုတ်နေရတာကြောင့် ဆေးရုံရဲ့ အောက်ဆီဂျင်လိုအပ်ချက်က ကြီးမားတဲ့ ပြဿနာတစ်ခုအဖြစ် ရင်ဆိုင်နေရတယ်လို့ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာခင်ခင်ကြီးက ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာ တစ်ပြည်နယ်လုံး ဆေးရုံပေါင်း ၁၈ ခုမှာ ကိုဗစ်လူနာတွေကို ဆေးကုသမှု ပြုလုပ်ပေးလျက်ရှိနေပြီး အောက်ဆီဂျင်လိုအပ်ချက်တွေအတွက် နိုင်ငံတော်ကို အကူအညီတောင်းခံပြီး မြောင်းတကာနဲ့ ကပစ စက်ရုံတွေက အောက်ဆီဂျင်တွေကို ရခိုင်ပြည်နယ်အတွက် ရသလောက်နဲ့ ဖြေရှင်းနေရတယ်လို့ ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်ဖြူနဲ့ မြောက်ဦးတို့မှာရှိနေတဲ့ စက်ရုံတွေက ထွက်ရှိတဲ့ အောက်ဆီဂျင်အပြင် ပြည်နယ်ပြင်ပက တစ်နေ့ကို အလုံး ၁၅၀ ခန့် နေ့စဉ် ခက်ခက်ခဲခဲ တင်သွင်းပြီး ဆေးရုံတွေကို မျှဝေပေးနေရတယ်လို့ ဆိုပါတယ်။
မေလ ၁၂ ရက် ကနေ ဇူလိုင်လ ၂၈ ရက် အထိ ရခိုင်တစ်ပြည်နယ်လုံးမှာ ကိုဗစ် တတိယလှိုင်းအတွင်း ပိုးတွေ့လူနာပေါင်း ၂၅၁၃ ဦး၊ သေဆုံးသူ ၁၄၆ ဦး ဖြစ်ပြီး လက်ရှိဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရသူပေါင်းကတော့ ၈၇၉ ဦးရှိနေတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း နေ့စဉ် ကူးစက်ခံရသူပေါင်း ၁၀၀ ဝန်းကျင်ခန့် စစ်ဆေးတွေ့ရှိနေရပြီး သေဆုံးသူကတော့ နေ့စဉ် ၁၀ ဦးခန့်အထိရှိနေပါတယ်။ အဲဒီအခြေအနေဟာ ရောဂါကူးစက်မှုကို ထိန်းထားနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြည်နယ်ကောင်စီက ပြောဆိုပါတယ်။








