ရခိုင်မှာ အောက်ဆီဂျင် ပေးရတဲ့ လူနာ တိုးလာလို့ အောက်ဆီဂျင် အခက်အခဲဖြစ်နိုင်

no tag

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုကြောင့် ရောဂါလက္ခဏာပြင်းထန်ပြီး အောက်ဆီဂျင် ပေးထားရတဲ့လူနာ အရေအတွက်က ဇူလိုင်လ ၂၂ ရက်ဒီကနေ့မှာ ၃၆၃ ဦးရှိနေပြီး လူနာအများအပြားထပ်တိုးလာပါက အောက်ဆီဂျင် အခက်အခဲဖြစ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

အဲ့ဒီလူနာတွေဟာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်း လက်ရှိကိုဗစ် ၁၉ ကူးစက်ခံထားရသူတွေကို ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေတဲ့ ဆေးရုံပေါင်း ၁၈ ခုမှာ တက်ရောက် ကုသမှု ခံယူနေကြသူတွေဖြစ်ကြပါတယ်။

ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားခဲ့တဲ့အချိန်တွေမှာ ပြည်နယ်ကောင်စီဘက်ကရော ဆေးရုံတာဝန်ရှိသူတွေဘက်ကပါ ရခိုင်မှာ အောက်ဆီဂျင် အလုံအလောက်ရရှိနေတဲ့အတွက် ကိုဗစ် ကူးစက်ခံရသူတွေအတွက် စိုးရိမ်စရာမရှိနိုင်ဘူးလို့ ပြောဆိုခဲ့ကြပေမယ့် အခု ရောဂါကူးစက်မှုနှုန်းမြင့်တက်လာချိန်မှာတော့ အခက်အခဲတွေကိုစတင်ကြုံတွေ့လာရပြီဖြစ်ပါတယ်။

ဇူလိုင်လအတွင်း ကူးစက်မှုတွေမြင့်တက်ခဲ့သလို သေဆုံးသူတွေလည်း နေ့စဉ်ရှိနေပြီး ရောဂါလက္ခဏာပြင်းထန်သူတွေလည်း တိုးလာနေတာကြောင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်းက ထုတ်လုပ်နိုင်တဲ့ အောက်ဆီဂျင် ပမာဏနဲ့ လုံလောက်မှု မရှိတော့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အတွင်းက ထုတ်နိုင်တဲ့ အောက်ဆီဂျင် နဲ့မလုံလောက်ပေမယ့် မြောင်းတကာစက်မှုဇုန် (MEC)ကနေ တစ်နေ့ကို အောက်ဆီဂျင် အိုး ၁၅၀ လောက် တင်သွင်းပေးထားတဲ့အတွက် လောလောဆယ်မှာ အခက်အခဲမရှိသေးပေမဲ့ လူနာအရေအတွက် တစ်ဆလောက်တိုးလာလို့ရှိရင်တော့ အောက်စီဂျင်ပြတ်လပ်မှုတွေဖြစ်သွားနိုင်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

စစ်တွေဆေးရုံမှာ ကိုဗစ်လူနာ ၉၇ ဦးကိုအောက်ဆီဂျင်ပေးနေရ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေဆေးရုံမှာ ကိုဗစ်လူနာ ၉၇ ဦးကိုအောက်ဆီဂျင်ပေးနေရ

"ဆေးရုံပေါင်းက ၁၈ ခုပေါ့နော် အဲ့ဒီမှာ အောက်ဆီဂျင် သုံးစွဲနေရသူပေါင်း ၃၆၃ ယောက်ရှိပါတယ်။ အခုရှိနေတဲ့အနေအထားထက် ရုတ်တရက်ဖြစ်ပြီးတော့ နှစ်ဆလောက်ဖြစ်သွားရင်တော့ တော်တော့်ကိုအခက်အခဲဖြစ်နိုင်ပါတယ်။"လို့ ဦးလှသိန်းက ပြောပါတယ်။

အောက်ဆီဂျင် သုံးစွဲနေရတဲ့လူနာတွေက မြို့နယ်ဆေးရုံတိုင်းမှာရှိနေပြီး အများဆုံးကတော့ စစ်တွေဆေးရုံကြီးမှာ ၉၇ ဦး၊ သံတွဲဆေးရုံမှာ ၇၈ ဦး၊ တောင်ကုတ်ဆေးရုံမှာ ၆၈ ဦး၊ ကျောက်ဖြူဆေးရုံမှာ ၄၈ ဦးနဲ့ မောင်တောဆေးရုံမှာ ၂၆ ဦးတို့ဖြစ်ကြပါတယ်။

အောက်ဆီဂျင် ထုတ်လုပ်နိုင်တဲ့ဆေးရုံတွေနဲ့ အရေအတွက်ကတော့ စစ်တွေဆေးရုံကြီးက တစ်နေ့ကို ၆၀ လုံး၊ ကျောက်ဖြူဆေးရုံက ၄၀ လီတာ ၄၅ လုံးနဲ့ ၁၀ လီတာ ၇ လုံး၊ မောင်တောဆေးရုံက ၃ လုံးသာထုတ်လုပ်ပေးနိုင်ပြီး လိုအပ်တဲ့ အောက်ဆီဂျင် တွေကို တခြားတိုင်းဒေသကြီးတွေနဲ့ တပ်မတော်စစ်ဆေးရုံတွေကနေ တင်ပို့ပေးထားတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီက ဒီကနေ့ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။

အောက်ဆီဂျင် လိုအပ်ချက်တွေများပြားလာနေပြီး ရှားပါးမှုတွေဖြစ်လာတဲ့အတွက် မြောက်ဦးမြို့မှာတော့ ကိုယ်ထူကိုယ်ထစက်ရုံတစ်ရုံတည်ဆောက်ပြီး မနေ့စမ်းသတ်ထုတ်လုပ်တဲ့အခါမှာ ၄၀ လီတာအိုး ၁၂ လုံးထွက်ရှိပြီး ဒီကနေ့မှာတော့ အိုး ၄၀ ထွက်ရှိမယ်လို့သိရပါတယ်။

ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်မားနေတဲ့အတွက် ပြည်သူတွေကို နှစ်ပတ်အပြင်မထွက်ကြဖို့နဲ့ မိမိနေအိမ်မှာဘဲ နေထိုင်ကြဖို့အတွက် ရခိုင်အမျိးသားအဖွဲ့ချုပ် ULA/AA ကနေ အမိန့်ထုတ်ထား

ဓာတ်ပုံ ရင်းမြစ်, Myint lwin

ဓာတ်ပုံ ပုံစာ, ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်မားနေတဲ့အတွက် ပြည်သူတွေကို နှစ်ပတ်အပြင်မထွက်ကြဖို့နဲ့ မိမိနေအိမ်မှာဘဲ နေထိုင်ကြဖို့အတွက် ရခိုင်အမျိးသားအဖွဲ့ချုပ် ULA/AA ကနေ အမိန့်ထုတ်ထား

ဒါ့အပြင် ဒေသတွင်း အောက်ဆီဂျင် လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်ဖို့အတွက် သံတွဲမြို့နယ်မှာလည်း နောက်ထပ် အောက်ဆီဂျင် စက်ရုံတစ်ရုံကို တည်ဆောက်ဖို့ပြင်ဆင်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်အောင်အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ ပြည်နယ်ကောင်စီက ပြောပါတယ်။

စစ်တွေဆေးရုံကြီးမှာ အောက်ဆီဂျင် ပေးထားရတဲ့ ကိုဗစ်လူနာတစ်ဦးသေဆုံးသွားမှုနဲ့ပတ်သက်လို့ လူနာရှင်တွေနဲ့ ဆေးရုံဝန်ထမ်းတွေအကြား ပြဿနာဖြစ်ပွားခဲ့ပြီး ဆေးရုံတွင်း အောက်ဆီဂျင် ပြတ်လပ်မှုတွေဖြစ်ပွားနေတယ်ဆိုပြီး လူထုအကြားစိုးရိမ်မှုတွေမြင့်တက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် တတိယလှိုင်းအတွင်း ကူးစက်ခံရကြောင်း အတည်ပြုလူနာပေါင်း (၁၂၀၀)ဦးဝန်းကျင်၊ လက်ရှိဆေးကုသမှုခံယူနေရသူပါင်း ၉၆၁ဦးရှိပြီး အောက်ဆီဂျင် ပေးထားရသူ ၃၆၃ ဦးရှိကာ သေဆုံးသူ ၇၄ ဦးရှိပြီဖြစ်ပါတယ်။