မြောက်ဦးက စစ်ရှောင်စခန်းမှာ ကိုဗစ်ကူးစက်ခံထားရသူတွေထပ်မံတွေ့ရှိ၊ ရခိုင်မှာကိုဗစ်ကြောင့် သေဆုံးသူ ၃၇ ဦးထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ
လူဦးရေ လေးထောင်နီးပါးနေထိုင်လျက်ရှိတဲ့ ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်းက စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်ပိုးကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားလျက်ရှိနေပြီး နောက်ထပ် ပိုးကူးစက်ခံထားရတဲ့ ဒုက္ခသည် ၆ ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ မြို့နယ်ကျန်းမာရေးဌာနမှူး ဦးမျိုးလှိုင်က ပြောပါတယ်။
စင်းဘောကိုင်း စစ်ဘေးရှာင်စခန်းမှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦး အနံ့ပျောက်နေတဲ့အတွက် ဇူလိုင်လ ၁၄ ရက်နေ့က စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပြီး ဇူလိုင် ၁၆ ရက်နေ့ မှာ အဲဒီအမျိုးသမီးနဲ့ဆက်စပ်သူတွေ၊ မိသားစုဝင်တွေနဲ့ စခန်းအတွင်းနေထိုင်သူတွေကို ကျန်းမာရေးဌာနက စစ်ဆေးတဲ့အခါမှာ နောက်ထပ်ခြောက်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပိုးစတင်တွေ့ရှိခဲ့တဲ့ အသက် ၃၉ နှစ်အရွယ်အမျိုးသမီးကိုတော့ မြောက်ဦးဆေးရုံကိုပို့ဆောင်ပြီး အသစ်ထပ် တွေ့တဲ့ ၆ဦးကိုတော့ ရောဂါလက္ခဏာတွေမပြဘဲ ကျန်းမာရေးပုံမှန်ရှိနေတဲ့အတွက် စခန်းအတွင်းမှာပဲ ယာယီဆေးခန်းပြုလုပ်ပြီးတော့ ကျန်းမာရေးဌာနက ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေတယ်လို့ ဦးမျိုးလှိုင်က ပြောပါတယ်။
အဲဒီခြောက်ဦးထဲမှာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ရောဂါအခံရှိသူတွေမပါဝင်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
လက်ရှိမှာတော့ အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ ကိုဗစ်ပိုးကူးစက်ခံထားရသူတွေ ထပ်တွေ့လာရတာကြောင့် စခန်းတွင်းနေထိုင်သူတွေကို ဇူလိုင် ၂၃ ရက်နေ့အထိ အပြင်မထွက်ကြဖို့အတွက် ကန့်သတ်ထားတယ်လို့ လည်းသိရပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၇ ရက်နေ့အထိ မြောက်ဦးမြို့နယ်တစ်ခုလုံးအနေနဲ့ ကိုဗစ်အတည်ပြုလူနာပေါင်း ၃၃ ဦးရှိနေပြီလို့ ကျန်းမာရေးဌာနက ပြောပါတယ်။
"ကျွန်တော်တို့ကတော့ လောလောဆယ် စဉ်းစားနေတာရှိတယ်။ မြို့က ကျေးရွာတွေကိုပိတ်ထားချင်တယ်။ အသွားအလာကန့်သတ်တာ၊ ၁၁ ရက်လောက် ရွာတိုင်းရွာတိုင်းကိုပိတ်ထား ချင်တယ်။ ဒါမှပဲ ကူးစက်မှုတွေက လျော့နည်းသွားမယ်လို့ ကျွန်တော်တို့က ယူဆတယ်ပေါ့။ စင်းဘောကိုင်းစခန်းကိုတော့ တစ်ပတ်ပိတ် ထားတယ်။"လို့ မြို့နယ်ကျန်းမာရေးဌာနမှူး ဦးမျိုးလှိုင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနဲ့ကြုံတွေ့နေရတဲ့ စင်းဘောကိုင်း စစ်ဘေးရှောင်စန်းမှာ အိမ်ထောင်စုပေါင်း ၇၇၅ စုနဲ့ လူဦးရေပေါင်း ၃,၉၀၁ ဦးနေထိုင်လျက်ရှိပြီး စခန်းတစ်ခုလုံးကို အသွားအလာကန့်သတ်ထား တာ ကြောင့် လတ်တလောစားရေးသောက်ရေးအခက်အခဲတွေနဲ့လည်း ကြုံနေရတယ်လို့ စခန်းအတွင်းမှာနေ ထိုင်သူတွေက ပြောပါ တယ်။
လက်ရှိမှာ ကိုဗစ် တတိယလှိုင်းအတွင်းရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပိုးတွေ့အတည်ပြုလူနာပေါင်း ၁၃၆၂ ဦးနဲ့သေဆုံးသူပေါင်း ၃၇ ဦးရှိပြီလို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြို့နယ်ပေါင်း ၁၇ ခုမှာ မနေ့က(ဇူလိုင် ၁၇ ရက်)အထိ ပိုးကူးစက်ခံထားရကြောင်း အများဆုံးတွေ့ရှိ ထားတဲ့မြို့နယ်တွေကတော့ မောင်တောမြို့မှာ ၃၅၄ ဦး၊ စစ်တွေမြို့နယ်မှာ ၂၄၀ ဦး၊ သံတွဲမြို့မှာ ၁၅၈ ဦး၊ ဂွမြို့မှာ ၁၄၅ ဦး၊ ကျောက်ဖြူမြို့မှာ ၁၂၆ ဦး၊ ဘူးသီးတောင် ၇၉ ဦး၊ တောင်ကုတ် ၇၃ ဦးတို့ဖြစ်ကြပြီး ကျန်မြို့နယ်တွေမှာတော့တွေ့ရှိမှု နည်းပါးနေသေးတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ဒုတိယလှိုင်းနဲ့ ပထမလှိုင်းတွေမှာ ကူးစက်ခံရသူ (၄၂၀၀) ကျော်၊ သေဆုံးသူ (၃၇)ဦးသာရှိခဲ့ပြီး အခု တတိယလှိုင်းဖြစ်ပွားလာချိန် ဇူလိုင်တစ်လအတွင်းမှာ သေဆုံးသူပေါင်း ၃၇ ဦးထိရှိ ခဲ့ပြီဖြစ်ကာ ကူးစက်ခံရမှုမြန်သလို သေဆုံးမှုတွေလည်းမြင့်တက်လာနေတယ်လို့လည်း သိရပါတယ်။








