မြန်မာ ကိုဗစ်လူနာတွေ ကုသမှုခံဖို့ ဘယ်လိုလုပ်ရမလဲ

ရေးသားခဲ့သည်။

No tag

ဓာတ်ပုံ ရင်းမြစ်, ShweInnThar KhinMgWin

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း နိုင်ငံတစ်၀န်းက ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေ ဒုက္ခတွေကြားမှာ ကိုဗစ်ကူးရင် ဘယ်မှာကုရမလဲ၊ ဘာလုပ်ရမလဲ ဆိုတာ မသိကြလို့ စိုးရိမ်ပူပန်မှုတွေကြီးမားလာနေကြပါတယ်။

ရန်ကုန်နဲ့ နယ်မြို့တွေမှာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု တနေ့တခြားပိုများလာနေချိန်မှာ ဗိုင်းရပ်စ်ကူးနေပြီလားလို့ သံသယရှိသူတွေ ဘယ်မှာသွားစမ်းသပ်နိုင်ကြမလဲ၊ ဗိုင်းရပ်ကူးပြီလို့ စမ်းသပ်သိရှိကြသူတွေ ကရော ဘယ်နေရာသွား ကုသခံကြရမလဲ ဆိုတာ ပြည်သူအများသိချင်နေကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူတွေ သိရှိအောင် ရှင်းလင်း တိကျတဲ့ ထုတ်ပြန်ကြေညာမှု မရှိဘူး၊ ကိုယ်နေထိုင်တဲ့ မြို့နယ်က ပြည်သူ့ကျန်းမာရေး ဌာနတွေကို ဆက်သွယ်တော့လည်း လက်ခံဖြေမယ့်သူ မရှိဘူး ဆိုတဲ့ စိတ်ပျက်ညည်းတွားသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ ဒီတော့ ကိုဗစ် သံသယရှိရင် ဘာလုပ်ရမလဲ။ စမ်းချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မိမိခိုင်က ရှင်းပြထားပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA

ကိုဗစ် သံသယရှိပြီဆိုရင်

ကိုဗစ်သံသယရှိသူဖြစ်စေ၊ ပိုးရှိမရှိ စစ်ဆေးလိုရင်ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်အလိုက် ကျန်းမာရေးဦးစီးဌာနကို အရင်ဆုံး ဆက်သွယ်ရပါမယ်။ လူကိုယ်တိုင်လာစရာမလိုဘဲ ဖုန်းနဲ့ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ကိုဗစ် စစ်ပေးဖို့ နေရာ အဆင်ပြေတဲ့ မြို့နယ်တွေမှာပဲ စစ်ပေးနိုင်ပြီး မြို့နယ်တိုင်းက ကျန်းမာရေး ဦးစီးဌာနတွေမှာတော့ စစ်မပေးနိုင်ပါဘူးလို့ ဒေါက်တာ မိမိခိုင်က ပြောပါတယ်။

စစ်မပေးနိုင်တဲ့ မြို့နယ်တွေက ပုဂ္ဂလိက စစ်ဆေးရေးဌာနတွေနဲ့ ချိတ်ဆက်စီစဉ်ပေးတယ်၊ စမ်းချောင်းမြို့နယ်မှာ ကျန်းမာရေးဌာနမှာ မစစ်ပေးနိုင်တဲ့ အတွက် National Health ဆိုတဲ့ နိုင်ငံခြား သွားလိုသူတွေကို စစ်ပေးတဲ့ နေရာနဲ့ ချိတ်ဆက်ပေးထားတယ်လို့ သူဆိုပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA

ကိုဗစ်သံသယရှိသူတိုင်းကို စစ်ပေးလား

သံသယရှိတိုင်းစစ်ပေးဖို့ အခက်အခဲရှိတယ်လို့ ဒေါက်တာ မိမိခိုင်က ပြောပါတယ်။

သံသယလည်းရှိတယ် SPO2 အောက်ဆီဂျင်ပါ ကျနေတယ်ဆိုရင်လည်း စစ်ပေးဖို့ အခက်အခဲရှိတယ်လို့ သူကဆိုပါတယ်။ ကိုဗစ် စစ်ပေးတဲ့နေရာဆီသူတို့ကို ခေါ်သွား၊ တန်းစီစောင့်ပြီးလို့ ပေါ့စတစ်ဖြစ်တိုင်းလည်း စင်တာတွေ၊ ဆေးရုံတွေကို တန်း မပို့နိုင်တဲ့အတွက် အိမ်ကိုပဲ ပြန်ပို့ကြရတာဖြစ်ပါတယ်။

ဒါကြောင့် အောက်ဆီဂျင်ကျနေကြသူတွေ ဗိုင်းရပ်စ်စစ်တဲ့နေရာကိုသွားရတဲ့အခါ အိမ်မှာလို သက်တောင့်သက်သာ နေရတဲ့ အနေအထားမဟုတ်လို့ လမ်းမှာ အောက်ဆီဂျင် ပိုကျသွားနိုင်တဲ့အတွက် အဲဒီလူတွေကို ကိုဗစ်စစ်တဲ့နေရာတွေဆီ သွားစစ်ခိုင်းဖို့ကလည်း မဖြစ်နိုင်ဘူးလို ဒေါက်တာ မိမိခိုင်က ပြောပါတယ်။

ကျေးဇူးပြုပြီးခဏစောင့်ပါ

ဒေသန္တရ ကျန်းမာရေးဌာနက ဘာတွေ မေးလေ့ရှိလဲ

သက်ဆိုင်ရာ မြို့နယ်နေ ပြည်သူတွေက ကျန်းမာရေးဌာနကို ဆက်သွယ်တဲ့အခါ ကိုဗစ် လက္ခဏာနဲ့ ရိုးရိုး တုပ်ကွေး လက္ခဏာတွေ ဆင်တူတဲ့အတွက် ကိုဗစ် လက္ခဏာ ဟုတ်မဟုတ် ကျန်းမာရေး တာဝန်ခံက မေးပါမယ်။

အောက်ဆီဂျင် ဘယ်လောက်ရှိလဲလို့လည်း မေးပါမယ်။ သွေးထဲမှာရှိတဲ့အောက်ဆီဂျင်ကိုလက်ချောင်းလေးတွေပေါ်မှာတိုင်းနိုင်တဲ့ စက်ကလေးတွေ ရှိသူတချို့က တိုင်းတာ သိနိုင်ပေမဲ့ တချို့ကတော့ အောက်ဆီဂျင် ဘယ်လောက်ဆိုတာ မသိနိုင်ပါဘူး။

ကျန်းမာရေးတာဝန်ခံက ဒီမေးမြန်းမှုတွေကိုမူတည်ပြီး ကုသခံယူသင့်တဲ့ အမျိုးအစားကို စိစစ် ခွဲခြားပါတယ်။

ကိုဗစ်စစ်ဖို့ လိုအပ်သူကို စစ်နိုင်တဲ့နေရာ သွားဖို့ လွှဲစာနဲ့အတူ လွှဲပေးပါတယ်။ အောက်ဆီဂျင် သိပ်ကျနေလို့ စစ်ဆေးတဲ့နေရာတွေဆီ သွားဖို့ အဆင်မပြေသူတွေကိုတော့ အိမ်မှာပဲ အောက်ဆီဂျင် ပေးထားပြီး ကိုဗစ်စည်းကမ်းတွေအတိုင်း အိမ်မှာ လိုက်နာဆောင်ရွက်ရမှာတွေကို အကြံပေးလိုက်တယ်လို့ စမ်းချောင်းမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးမှူးက ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီး ကိုဗစ်လူနာ အထူးကြပ်မတ်ကုသဆောင်တွင် လူနာများကို ကုသပေးခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, ရန်ကုန်ဆေးရုံကြီး ကိုဗစ်လူနာ အထူးကြပ်မတ်ကုသဆောင်တွင် လူနာများကို ကုသပေးခဲ့စဉ် ( ၂၀၂၀ခုနှစ် ဒီဇင်ဘာလ)

စောင့်ကြည့်အဆင့်၊ စင်တာပို့တဲ့အဆင့်၊ ဆေးရုံမှာ အထူးကြပ်မတ်ကုသအဆင့် ဘယ်သူကခွဲခြားလဲ

ကိုဗစ် ဗိုင်းရပ်စ်ကူးစက်ပြီလို့ စစ်ဆေးသိရှိတဲ့ လူနာတွေကို အိမ်မှာပဲ စောင့်ကြည့်သင့်သလား၊ ကိုဗစ်စင်တာတွေမှာ အောက်ဆီဂျင်ပေးပြီး စောင့်ကြည့်ကုသသင့်တဲ့ အဆင့်လား၊ ဆေးရုံက အထူးကြပ်မတ်ကုသဆောင်ကိုပို့ပြီး အသက်ရှူစက်ပေါ်တင် ကုသရမယ့် အဆင့်လား ဆိုတာကို မြို့နယ် ကျန်းမာရေး ဌာနက စိစစ် ပေမဲ့ ဘယ်သူတွေ ဘယ်ဆေးရုံသွားပါ၊ ဘယ်စင်တာတွေကို သွားပါ ဆိုတာကိုတော့ တိုင်းကျန်းမာရေးဦးစီးဌာနတွေကသာ စီမံ ခန့်ခွဲ ပါတယ်။

သက်ဆိုင်ရာ မြိုနယ် အသီးသီးက ပြည်သူ့ကျန်းမာရေးဦးစီးမှူးတွေက သူတို့ကို ဆက်သွယ်လာတဲ့သူတွေရဲ့ စစ်ဆေးရရှိတဲ့ ရလဒ် စာရင်းဇယားတွေကို လူနာတွေ ကုသခံယူသင့်တဲ့ အဆင့်အလိုက် အကြံပြုချက်တွေနဲ့အတူ တိုင်းကျန်းမာရေး ဦးစီးဌာနဆီ နေ့စဉ် တင်ပြရပါတယ်။

ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေမှာ လက်ခံတဲ့ အခါ လူနာက ကိုဗစ် ပေါ့စတစ်ဖြစ်ကြောင်း စစ်ဆေးထားတဲ့ ရလဒ်အဖြေနဲ့ ဒေသန္တရ ဆေးခန်းတွေက ထုတ်ပေးထားတဲ့ လွှဲစာ ပါမှ လက်ခံတယ်လို့ပြောပါတယ်။

ကျေးဇူးပြုပြီးခဏစောင့်ပါ