ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး လူလေးသိန်းကျော် လာမထိုးကြ

ဓာတ်ပုံ ရင်းမြစ်, Myint lwin
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ် ကာကွယ်ဆေး ဒုတိယအကြိမ် လာမထိုးတဲ့သူ အရေအတွက်ဟာ ၄ သိန်း နှင့် ၅ သိန်းအကြားမှာ ရှိတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
ဒီလို ကာကွယ်ဆေး ဒုတိယအကြိမ် လာမထိုးကြတာဟာ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
"ဆေးတွေကို ထိုးစရာမလိုဘူး ဆိုပြီး လှုံ့ဆော်တယ်၊ အကျိုးမသက်ရောက်ဘူးဆိုပြီး လှုံ့ဆော်တယ်၊ ဆေးထိုးရင် ဒလန်ဆိုပြီး လှုံ့ဆော်တယ်"လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေကို ပျက်စီးအောင် CDM ဝန်ထမ်း တချို့က လုပ်ဆောင်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့တော့ ဒီဖြစ်စဉ်မျိုး ဖြစ်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။
ဦးစားပေးအုပ်စု အဖြစ် ကာကွယ်ဆေး ထိုးထားခဲ့ပြီးသူ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း တချို့ဟာ အလုပ်မဆင်းဘဲ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီရဲ့ အဖမ်း မခံရအောင် ရှောင်တိမ်းနေကြပါတယ်။

ကိုဗစ် ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံက စတင် တင်သွင်းခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ဇန်နဝါရီ ၂၇ ရက်မှာ စတင်ထိုးနှံပေးခဲ့ပါတယ်။
ပထမဆုံး ထိုးပေးတဲ့အသုတ်မှာ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးခဲ့ပြီး ပထမဆုံး ထိုးနှံသူကတော့ နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံက အထက်တန်းသူနာပြု တစ်ဦး ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဖေဖော်ဝါရီ ၅ ရက်မှာ စတင်ပြီး ပြည်သူနဲ့အတူ ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးမယ်လို့ NLD အစိုးရက သတင်းထုတ်ပြန်ထားခဲ့တာပါ။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကာကွယ်ဆေးထိုးရေး အစီအစဉ်အပေါ် ဝေဖန် ကန့်ကွက်မှုတွေ ရှိလာခဲ့ပြီး ပထမအကြိမ် ဆေးထိုးပြီးထားသူတချို့လည်း ဒုတိယအကြိမ် ဆေးလာမထိုးကြတော့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MPA
NLD အစိုးရလက်ထက်တုန်းက အိန္ဒိယအစိုးရက လှူဒါန်းထားတဲ့ ကိုဗစ်ရှီး ကာကွယ်ဆေး ၁ ဒသမ ၅ သန်း လက်ခံရထားခဲ့ပါတယ်။
ကာကွယ်ဆေး ဒုတိယအကြိမ် လာမထိုးသူ လေးသိန်းနဲ့ ငါးသိန်းကြား ရှိတယ်လို့ ဆိုပေမဲ့ အိန္ဒိယ ကိုဗစ်ရှီး ကာကွယ်ဆေးတွေ အခုအခါ မကျန်တော့သလောက် ဖြစ်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
CDM မဝင်ခဲ့တဲ့ ရန်ကုန်မြို့က တက္ကသိုလ်ကထိက တစ်ဦးကတော့ စစ်ကောင်စီလက်ထက်မှာ ကိုဗစ်ရှီး နှစ်ကြိမ်ထိုးခွင့်ရခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ တရုတ်နိုင်ငံထုတ်ဆေးတွေ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ဒုတိယအကြိမ် ထိုးပြီး ၁၄ ရက်ကြာမှ အာနိသင်ရကြောင်းနဲ့ ဆေးတစ်ကြိမ် ထိုးသူတွေဟာ ဆေးရဲ့ အာနိသင်ကို အပြည့်အဝ ရမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဘက်က အရာရှိတစ်ဦးက ရှင်းလင်း ပြောပြခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် လာမထိုးခဲ့သူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း သုံးသောင်း ကျော် ပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့လည်း ကာကွယ်ဆေးထိုးလုပ်ငန်း အတွေအကြုံရှိသူတွေကတော့ ဆေးတစ်ကြိမ် ထိုးထားတာဟာ ဆေးလုံးဝ မထိုးထားတာထက်တော့ ထိရောက်ကာကွယ်မှု တစုံတရာ ရှိတယ်လို့ ဆိုပါတယ်။
ကိုဗစ် ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ သတင်းတွေအရ အခုလောလောဆယ် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူ ၁ သန်း ၇ သိန်း ၅ သောင်းရှိပြီး၊ မကြာခင်ကာလအတွင်း နောက်ထပ် ကာကွယ်ဆေး အလုံးပေါင်း ၂ သန်း ထပ်ရောက်ဖို့ ရှိကြောင်းနဲ့ ဒီနှစ် မကုန်ခင် တစ်နိုင်ငံလုံး ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀% ရှိလာဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။
ကျေးဇူးပြုပြီးခဏစောင့်ပါ








