ရခိုင်က ကာကွယ်ဆေးထိုးပြီးသားသူ ၃ ဦးမှာ ကိုဗစ်ပိုးတွေ့

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဇွန်လအတွင်း ပိုးကူးစက်ခံထားရသူဟာ ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ၇ ဦးရှိနေပြီဖြစ်ရာ သုံးဦးမှာ ကာကွယ်ဆေးထိုးထားပြီးသားလူတွေဖြစ်လို့ မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောပါတယ်။
အခုလိုမျိုး ကာကွယ်ဆေးထိုးထားပြီးသားလူတွေမှာလည်း ထပ်မံကူးစက်ခံရတာတွေရှိလာနေတဲ့အတွက် စိုးရိမ်မှုတွေရှိတယ်လို့ ရခိုင်ပြည်နယ်အတွင်းဒေသခံတွေက ပြောပါတယ်။
မောင်တောက တစ်ဦးနဲ့ သံတွဲက ကျောင်းဆရာမတစ်ဦးတို့ဟာ ဇွန်လ ၂၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပါတယ်လို့လည်း ရခိုင်ပြည်နယ် ကျန်းမာရေးဌာနက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ဦးစားပေးပြီး ကာကွယ်ဆေး ထိုးပေးခဲ့တာဖြစ်ပါတယ်။
သံတွဲက ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့က ကိုဗစ် ကူးစက်ခံရတဲ့ ကျောင်းဆရာမဟာ ငပလီမြို့ လင်းသာရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ငပလီကမ်းခြေက ဂျိတ်တောရပ်ကွက် ကျွဲသောက်ကုန်းစာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ ဆရာမဖြစ်တယ်လို့ သံတွဲမြို့ခံ ဦးသောင်းထွန်းက ပြောပါတယ်။
ဒီဆရာမဟာ ကာကွယ်ဆေးထိုးပြီးသား ဟုတ်မဟုတ်ဆိုတာကို ရခိုင်ပြည်နယ်ကျန်းမာရေးဌာနဘက်က အတည်ပြုပြောဆိုခြင်းမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဇွန်လ ၂၄ ရက် ဒီကနေ့တစ်ရက်တည်းမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူ နှစ်ဦးရှိပြီး သံတွဲမြို့နယ်က တစ်ဦးနဲ့ မောင်တောမြို့က တစ်ဦးတို့ ဖြစ်ကြပါတယ်။
ဒီကနေ့ ဆေးစစ်ချက်တွေအရ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူနှစ်ဦးစလုံးဟာ အမျိုးသမီးတွေဖြစ်ကြပြီး နှစ်ဦးစလုံးမှာ အနံ့မရတဲ့ဝေဒနာတွေခံစားနေရသူတွေဖြစ်ကြတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သံတွဲက ကျောင်းဆရာမကို ဆေးရုံပို့ဖို့လုပ်နေပြီး ထိတွေ့တဲ့သူတွေကိုလည်း ကွာရန်တင်းထားဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဌာနက ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
ဆရာမဆီမှာ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုတဲ့အတွက် လက်ရှိမှာကျောင်းဖွင့်ရာသီလည်းဖြစ်ပြီး ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားနေရတဲ့အတွက် ကလေးတွေနဲ့ ထိတွေ့မှုရှိတဲ့သူဖြစ်တဲ့အတွက် ပိုပြီးတော့စိုးရိမ်ရတယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။
မောင်တောမြို့က ပိုးတွေ့ရှိခဲ့တဲ့အမျိုးသမီးဟာ အမှတ် ၆ ရက်ကွက်မှာနေထိုင်တဲ့ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပြီး အနံ့မရတဲ့အတွက် ဆေးရုံကို လာရောက်စစ်ဆေးခံခဲ့တာလို့ မောင်တောခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောပါတယ်။
မိသားစုတွေနဲ့ အိမ်နားနီးချင်းတွေအပါအဝင် အဲ့ဒီအမျိုးသမီးနဲ့ ထိတွေ့ခဲ့တဲ့သူ ၇ ဦးရှိပြီး ကွာရန်တင်းဝင်နေတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat naing
"ကျွန်တော်တို့လည်း ကာကွယ်ဆေးထိုးပြီးသားပါ။ ပညာရေးဝန်ထမ်းတွေရော၊ ကျန်းမာရေးဝန်ထမ်းတွေရော ဦးစားပေးပြီးတော့ ထိုးထားပေးပြီးသား။ ဒါပေမယ့်လည်း ကာကွယ်ဆေးထိုးပြီးတဲ့အခါမှ ဒီလိုဖြစ်တယ်ဆိုတော့ ကျွန်တော်တို့လည်း စဉ်းစားလို့မရဘူးပေါ့နော်။ ဒီဆေးတွေရဲ့ လုံခြုံစိတ်ချရမှုက ဘယ်လောက်ထိရှိလဲဆိုတာကို ကျွန်တော်တို့လည်း စိုးရိမ်မိတာပေါ့။"လို့ သံတွဲမြို့ခံဦးသောင်းထွန်းက သူ့ရဲ့အမြင်ကိုပြောပါတယ်။
လက်ရှိမှာ အသုံးပြုနေတဲ့ကာကွယ်ဆေးတွေဟာ ဘယ်ကာကွယ်ဆေးမဆို ရာနှုန်းပြည့်ကာကွယ်မပေးနိုင်သလို ထပ်မံကူးစက်မှုတွေဖြစ်လာနိုင်တဲ့အတွက် ကာကွယ်ဆေးထိုးထားပြီးသားလူတွေအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း အကာကွယ်ပစ္စည်းတွေကို တပ်ဆင်ဖို့၊ စည်းမျဥ်းစည်းကမ်းတွေအတိုင်းနေထိုင်ဖို့လိုအပ်တယ်လို့ မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောဆိုပါတယ်။
နိုင်ငံတကာမှာလည်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူတွေမှာ ထပ်မံကူးစက်မှုတွေရှိနေတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint lWin
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ဒုတိယလှိုင်းဖြစ်ပွားခဲ့တဲ့အခါမှာ ပိုးတွေ့သူ ၁၀၀ မှာ ၆၉ ဦးကရောဂါလက္ခဏာမပြတဲ့အတွက် ဘယ်သူ့မှာ ရောဂါရှိနေတယ်ဆိုတာကို မသိနိုင်တာကြောင့် လူစုလူဝေးမလုပ်ဖို့ အိမ်အပြင်မထွက်ကြဖို့နဲ့ အပြင်ထွက်လို့ရှိရင်လည်း မျက်နာဖုံးတပ်ဖို့နဲ့ လက်ဆေးဖို့စတဲ့ သတ်မှတ်စည်းကမ်းတွေကို တစ်ဦးတစ်ယောက်ချင်း လိုက်နာနေရမှာဖြစ်တယ်လို ဆိုပါတယ်။
၂၀၂၀ ခုနှစ်က ဒုတိယလှိုင်းဖြစ်ပွားခဲ့တဲ့အချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံရသူပေါင်း ၄၂၆၀ ကျော်၊ သေဆုံးသူပေါင်း ၃၇ ဦးအထိရှိခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
အခုနှစ်မှာတော့ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေကို စစ်ဆေးတွေ့ရှိခဲ့သလို သုံးလနီးပါးကာလအတွင်း ကူးစက်ခံရသူ ၈၈ ဦးခန့်ရှိလာနေပြီဖြစ်ပေမဲ့ ရောဂါအပြင်းအထန်ခံစားရသူတွေ မရှိသေးသလို သေဆုံးသူတွေလည်းမရှိသေးဘူးလို့ ကျန်းမာရေးဌာနက ပြောပါတယ်။








