ရခိုင်မှာ ဒေသတွင်းကိုဗစ် ကူးစက်မှုပြန်ဖြစ်

စစ်တွေမြို့မင်းဂံရပ်ကွက်က ခရီးသွားရာဇဝင်မရှိသူ မှာ ကိုဝစ်ကူးစက်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, Myint LWin

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့မင်းဂံရပ်ကွက်က ခရီးသွားရာဇဝင်မရှိသူ မှာ ကိုဝစ်ကူးစက်မှုဖြစ်
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဒေသတွင်းကူးစက်ခံထားရသူ အခုအပတ်အတွင်း သုံးဦးတွေ့ရှိထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

နောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် ၁၉ ကူးစက်ခံထားရသူဟာ စစ်တွေမြို့မင်းဂံရပ်ကွက်က အသက်၂၈ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူဟာ ခရီးသွားရာဇဝင်မရှိသူဖြစ်သလို နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ရွှေမင်းဂံဆိပ်ကမ်း ဘက်ကိုလည်း သွားလာဖူးခြင်းမရှိဘူးလို့ သိရကြောင်း ဦးလှသိန်းက ပြောပါတယ်။

သူ့ကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ သုံးရက်ခန့်ရှိပြီဖြစ်ကာ လက်ရှိမှာတော့ စစ်တွေမြို့ ဆေးရုံကြီးမှာ ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေပြီး ကျန်းမာရေးအခြေအနေကကောင်းမွန် နေတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ စစ်တွေဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရတဲ့ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိထားသူပေါင်း ၃၀ ကျော်ရှိနေပြီး စစ်တွေမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလကနေ အခုဇွန်လတတိယအပတ်အထိ ကူးစက်ခံရသူပေါင်း ၇၀ ကျော်ထိရှိခဲ့ပြီဖြစ်တယ် လို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကနေ သိရပါတယ်။

စစ်တွေမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလကနေ အခုဇွန်လတတိယအပတ်အထိ ကူးစက်ခံရသူပေါင်း ၇၀ ကျော်ထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလကနေ အခုဇွန်လ တတိယအပတ်အထိ ကူးစက်ခံရသူပေါင်း ၇၀ ကျော်ထိရှိလာ

ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်နှစ်ခုမှာတော့ သုံးလအတွင်း ကိုဗစ် ၁၉ ပိုးစစ်ဆေးတွေ့ရှိခဲ့သူပေါင်း ၈၀ ဝန်းကျင် အထိရှိလာနေပြီဖြစ်သလို အများစုကတော့ နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်စည်ပို့ဆောင်ရေး ရေယာဉ်လုပ်သားတွေ ဖြစ်ကြပါတယ်။

ဇွန်လ ၂၀ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မောင်တောမြို့မှာ ဒေသတွင်း ကိုဗစ် -၁၉ ရောဂါပိုးကူးစက်ခံထားရသူနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောပါတယ်။

အဲ့ဒီကူးစက်ခံထားရသူနှစ်ဦးဟာ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိတို့ဖြစ်ကြပြီး သူတို့နှစ်ဦးဟာ မကြာခင်က တနင်္သာရီတိုင်းကနေ မောင်တောခရိုင်ကို တာဝန်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

"နောက်ဆက်တွဲ ပိုးတွေ့တာတော့မရှိသေးဘူး။ ထွေအုပ်ဌာနက နှစ်ယောက်ကို တွေ့တဲ့အတွက် ဆက်စပ်သူ နောက်ထပ်ငါးယောက်ကို ကော်ရန်တင်းသွင်းထားပါတယ်။ မနက်ဖြန်မှာ သူတို့ကို စစ်ဆေးသွားဖို့ရှိပါတယ်။ လောလောဆယ်တော့ မောင်တောမှာ ပိုးတွေ့ထားတာ ၅ ဦးပါပဲ။"လို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်ခစန်းတစ်ခုမှာ နေထိုင်ခဲ့ပြီး အခုလ ၁၀ ရက်နေ့က မောင်တောမြို့နယ်အတွင်းကို တရားမဝင်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့ မွတ်ဆလင်တွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးရာ နှစ်ဦးမှာပိုးတွေ့ခဲ့ပြီး သူတို့နဲ့ဆက်စပ်သူ နောက်ထပ်တစ်ဦးကိုလည်း ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခုလအတွင်း မောင်တောမြို့နယ်အတွင်းမှာ တစ်ဖက်နိုင်ငံက ပြန်ဝင်လာသူနှစ်ဦး၊ ဆက်စပ်သူတစ်ဦးနဲ့ ဒေသတွင်းကူးစက်ခံထားရသူနှစ်ဦး စုစုပေါင်း ၅ ဦးတွေ့ရှိထားတာဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ်ဘက် ကုန်တင်ယာဥ်တွေ စစ်တွေကို အဝင်ထွက်ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေရှ်ဘက် ကုန်တင်ယာဥ်တွေ စစ်တွေကို အဝင်ထွက်ရှိ

အခုလို ဒေသတွင်းကူးစက်မှုတွေ ဖြစ်ပွားလာနေတာဟာ နယ်စပ်ကုန်သွယ်ရေးကနေတစ်ဆင့် ကူးစက်ခံရတာဖြစ်နိုင်ပြီး စစ်ဆေးတွေ့ရှိထားသူတွေဟာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြတာကြောင့် နောက်ထပ်လည်း ကူးစက်ခံထားရသူတွေ အများအပြားရှိနေနိုင်တယ်လို့ ဒေသခံတွေအကြား သံသယတွေရှိနေကြပါတယ်။

ဒေသတွင်းကူးစက်ခံရသူတွေရှိလာနေတဲ့အတွက် အသွားအလာအနေအထိုင် စနစ်တကျရှိစေဖို့နဲ့ ကျန်းမာရေးဌာနရဲ့ သတ်မှတ်စည်းကမ်းတွေနဲ့အညီ နေထိုင်သွားလာကြဖို့ အသိပညာပေးမှုတွေကို ဆောင်ရွက်နေတယ်လို့ ပြည်နယ်ကောင်စီကပြောပါတယ်။

မြန်မာနိုင်ငံမှာ အိန္ဒိယကိုဗစ် ဗီဇပြောင်းပိုး အပါအဝင် ပိုးသစ် (၃)မျိုး တွေ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဒေသတွင်းကူးစက်မှုတွေကို စတင်တွေ့ရှိလာနေရပြီဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ကုန်စည်ကူးသန်းမှုတွေကိုတော့ ဖွင့်ပေးထားဦးမှာဖြစ်ပြီး ဒီထက်အခြေအနေ ဆိုးရွားလာနိုင်မယ် ဆိုလို့ရှိရင်တော့ တစ်နည်းတစ်ဖုံ ပြောင်းလဲစဉ်းစားသွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ဒါ့အပြင် အခုအချိန်ဟာ ကျောင်းဖွင့်ရာသီဖြစ်ပြီး ကျောင်းသားတွေ ပညာသင်ကြားနေကြတဲ့အချိန်ဖြစ်တာကြောင့် အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေကိုလည်း ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီဖြစ်ပါတယ်။

ပညာရေးဝန်ထမ်းတွေကို ယခင်ကလည်း ကာကွယ်ဆေးတွေထိုးပေးခဲ့ပြီး ဖြစ်ပေမယ့် အခုတစ်ကြိမ်မှာတော့ ဆေးမထိုးရသေးတဲ့ ဆရာဆရာမ သုံးထောင်လောက်ကို ထိုးပေးသွားမှာဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာကြည်လွင်က ပြောဆိုထားပါတယ်။