ရိုဟင်ဂျာအရေး - အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒအပေါ် ရိုဟင်ဂျာတွေ ဘယ်လိုမြင်လဲ

ရေးသားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၃ ရက်နေ့မှာ "ရိုဟင်ဂျာ ပြည်သူများ ဆိုင်ရာ မူဝါဒ သဘောထား"ကို ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဒီမူဝါဒတွေထဲမှာ လိုလား အားတက်စရာ ကောင်းမွန်တဲ့အချက်တွေပါတဲ့အတွက် ကြိုဆိုတယ်၊ တချို့အပိုင်း တွေမှာတော့ ဖြည့်စွက်စဉ်းစားစေလိုတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြောပါတယ်။

"ရိုဟင်ဂျာအပါအဝင် လူနည်းစုတွေနဲ့ (NUG က) ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကို တွေ့ရတဲ့အတွက် ဒါက အတော်ကြိုဆိုစရာ ဖြစ်တယ်၊ အကြမ်းဖက်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာနာလာတာ၊ တရားမျှတမှုအတွက် ကျူးလွန်သူတွေကို အပြစ်ပေးနိုင်အောင်လုပ်မယ်၊ နောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာ ပြန်လာနိုင်အောင် လုပ်ဆောင်မယ် စတဲ့ အချက်တွေဟာလည်း သိပ်ကောင်းပါ တယ်"လို့ မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ရဲ့ ဥက္ကဌ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာတွေကို ဘယ်လို လုံခြုံရေးပေးမလဲ၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှာလား၊ အိမ်နီးချင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ ပြန်လာကာ ဘေးကင်း စွာ ပြန်လည်နေထိုင်နိုင်ရေး စတဲ့ မြန်မာနိုင်ငံအရေးကိစ္စတွေက မြန်မာပြည်တွင်းက လူမှုအသိုင်းအဝိုင်းမှာ ဆွေးနွေးကြရင် ဆူဆူလောင်လောင် အငြင်းပွားကြတဲ့ ကိစ္စတွေဖြစ်ခဲ့ရုံသာမက နိုင်ငံတကာ အသိုင်းအဝိုင်းမှာလည်း ဆွေးနွေး ငြင်းခုံနေကြတဲ့ အရေးတွေပါ။

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်တဲ့ ရိုဟင်ဂျာပြည်သူများ ဆိုင်ရာမူဝါဒ သဘောထားထဲမှာ ပြည်ထောင်စုတွင်း နေထိုင်ကြသူတွေဟာ လူ့အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရှိစေရမယ် ဆိုတာအပါအဝင် လူမျိုး အလိုက်ခံစားခွင့်၊ နိုင်ငံသား အခွင့်အရေးခံစားခွင့်စတာတွေပေါ်မှာ ဒီမူဝါဒကို အခြေခံထားတယ် ဆိုတာကို ဖော်ပြထားပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေ ပြင်ဆင်တာ၊ ဒါမှမဟုတ် အသစ်ပြဋ္ဌာန်းတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲပြီးတဲ့နောက်ပိုင်းမှာ လုပ်ဆောင်သွားမယ်လို့ NUG က ဆိုသလို ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရာမှာလည်း တနိုင်ငံလုံးအပြင် ရခိုင်ပြည်နယ် အတွင်းက ပြည်သူလူထုရဲ့ အမြင်တွေ၊ သဘောထားတွေကို ရယူသွားမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးက နည်းပါးလွန်းနေတာ ဒါမှမဟုတ် လုံးဝဆုံးရှုံး နေတာကို ကြုံနေရတဲ့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ဟာ ဒီနိုင်ငံထဲမှာ မျိုးဆက်အလိုက် နေထိုင် လာကြတာ၊ အရင်မျိုးဆက်တွေက နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံ ခဲ့ရပြီးသားအခြေအနေတွေကို ထောက်ပြပြီး အရင်အစိုးရ လက်ထက်က ဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ် (NVC) ကတ်တွေ ထုတ်ပေးနေတာကို သူတို့အများစုက ကန့်ကွက်လာခဲ့ကြတာပါ။

အခု NUG ရဲ့ မူဝါဒသဘောထားတွေထဲမှာ အဲဒီ NVC ကတ်တွေ ပြဋ္ဌာန်း လုပ်ဆောင်တာတွေကို ပယ်ဖျက်မယ်ဆိုတဲ့ အပေါ် ဦးထွန်းခင်က "ဒါတွေက ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်နိုင်အောင် လမ်းဖွင့် ပေးထားတဲ့အတွက် ဒီလိုလုပ်ဆောင်ချက်တွေက ကောင်းမွန်တယ်" လို့ မှတ်ချက်ပြုပါတယ်။

"ဒါပေမယ့် သူတို့ဟာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုတွေထဲက တခုဖြစ်တယ်ဆိုတာကို NUG က မဖော်ပြထားဘူး၊ အဲဒီလို လူမျိုးစု တခုအဖြစ် သဘောထားနိုင်ရင် ပိုကောင်းပါလိမ့်မယ်"လို့လည်း သူက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်းနိုင်ငံတွေကို ပြောင်းရွှေ့သွားရတဲ့ ရိုဟင်ဂျာပြည်သူတွေ နေရပ်ကို ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံစွာ ပြန်လည် အခြေချနိုင်ရေးဟာ အရေးကြီး ကိစ္စအဖြစ် ခံယူတယ်လို့လည်း NUG က ဆိုပါတယ်။

"စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် အများပြည်သူကို ပစ်ခတ် သတ်ဖြတ်တာတွေကို တွေ့မြင်လိုက်ရတဲ့ မြန်မာပြည်သူတွေဟာ ရိုဟင်ဂျာတွေတုန်းက လူအများအပြားကို စစ်တပ်က သတ်ဖြတ်ခဲ့တာကို ယုံကြည်လာခဲ့ကြပြီး သူတို့အပေါ် စာနာမှုတွေဖြစ်လာခဲ့တယ်"လို့ ဦးထွန်းခင်က ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ ကိုဖီအာနန်အကြံပြုချက် ၈၈ ချက်ကလည်း ရိုဟင်ဂျာ အရေး ဖြေရှင်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေး အစိုးရက သူတို့ထုတ်ပြန်တဲ့ မူဝါဒထဲမှာရှင်းလင်းထားပါတယ်။

ကိုဖီအာနန် ကော်မရှင် အကြံပြုချက်တွေ အပြင် ၂၀၁၇ ခုနှစ်အတွင်းက တည်ထောင် ခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင် Independent International Fact-Finding Mission on Myanmar (IIFFMM)ရဲ့ အကြံပြုချက်တွေကိုလည်း ယူသင့်ကြောင်း၊ "အဲဒီ တွေ့ရှိချက်တွေထဲမှာ ရိုဟင်ဂျာတွေကို မျိုးတုန်းအောင် စနစ်တကျလုပ်ဆောင်ခဲ့တာတွေ ပါဝင်တဲ့အတွက် လုပ်ဆောင်ခဲ့တဲ့သူတွေအပေါ် အရေးယူဆောင်ရွက်ဖို့ နဲ့ တရားမျှတမှုရှာဖွေနိုင်ဖို့တို့အတွက် အရေးကြီးတယ်" လို့လည်း သူက ပြောပါတယ်။