ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်အသွယ် ပြတ်နေ

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ တပ်မတော်က လက်ရှိ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်တဲ့ နေ့မှာပဲ ရန်ကုန် အပါအဝင် နေပြည်တော်နဲ့ နယ်မြို့ အတော်များများမှာ ဖုန်းနဲ့ အင်တာနက်တွေ ပြတ်တောက်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ရန်ကုန်မြို့မှာ တယ်လီနော၊ အော်ရီဒူးနဲ့ မြန်မာဆက်သွယ်ရေး အပါအဝင် ဖုန်းလိုင်းအတော်များများ ခေါ်လို့ မရကြောင်းနဲ့ မြန်မာတပ်မတော်နဲ့ ဖက်စပ်ပြီးထုတ်လုပ်တဲ့ မိုင်တဲလ် ဖုန်းတွေကတော့ အချို့နေရာတွေမှာ ခေါ်လို့ ရနေကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ထဲ ရပ်ကွက်တွေမှာတော့ တပ်မတော်သား လုံခြုံရေးတွေ ချထားတာ၊ လမ်းတွေ ပိတ်ထားတာမျိုးတွေ မနက် ၇ နာရီ ဝန်းကျင် အထိ မတွေ့ရသေးပဲ မြို့တော်ခန်းမလို အရေးကြီးနေရာတချို့မှာပဲ တပ်လုံခြုံရေး ချထားတာ တွေ့ရပါတယ်။

ရန်ကုန်မြို့က ဘဏ်တချို့လည်း ဒီနေ့ ပိတ်ထားကြပြီး အေတီအမ် စက်တွေမှာလည်း လူတွေ အလုအယက် ‌‌‌‌ငွေထုတ်ယူနေတာကြောင့် ‌‌ငွေထုတ်ဖို့ အခက်အခဲရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာ ဘီဘီစီနဲ့ စီအန်အန် နိုင်ငံတကာ သတင်းရုပ်သံလိုင်းတွေ ကြည့်လို့ မရတော့ကြောင်းနဲ့ တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြားလိုင်းလည်း အာဏာသိမ်းကြောင်း ထုတ်ပြန် အပြီးမှာ လွှင့်တာ ရပ်ထားလိုက်ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင် လေဆိပ်လမ်းကို‌တော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက စပြီး ပိတ်ထားတယ်လို့ မင်္ဂလာဒုံမြို့နယ် ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်က ကိုဗစ် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေကို ကျန်းမာရေးဝန်ထမ်းတွေက ဆက်လက် ထိုးနေကြဆဲ ဖြစ်ပြီး ဒီတစ်ပတ်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေကို အပြီးထိုးဖို့ စီစဉ်ထားတာပါ။

နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ ဆက်သွယ်ရေး ပြတ်တောက်နေပြီး ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေမှာလည်း ဆက်သွယ် ခေါ်ယူရ ခက်ခဲမှုတွေ ရှိနေပါတယ်။

ဒါဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို ဖြတ်တောက်ထားမှု ဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိပေမယ့် ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ဖုန်းလိုင်းတွေ၊ အင်တာနက်တွေ အများစု မရတော့တာကြောင့် လူတွေက စိုးရိမ်မှုတွေ ရှိနေသလို ရန်ကုန်မြို့ထဲက ဆန်ဆိုင်တွေ၊ စျေးဆိုင်တွေမှာ စားသောက်ကုန်တွေ စိုးရိမ်တကြီး ဝယ်ယူမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်က ဘတ်စ်ကားလိုင်းတွေ ပြေးဆွဲနေပြီး အိမ်စီးကားတွေ သွားလာမှု ရှိနေကြောင်းနဲ့ ကုမ္ပဏီတချို့မှာလည်း ရုံးပိတ်ထားတယ်လို့ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ရန်ကုန်က စျေးဝယ်စင်တာအချို့မှာ အထဲက ဆိုင်တွေ ဖွင့်ထားပေမယ့် အဝင်တံခါးကို ပိတ်ထားကြကြောင်းနဲ့ စျေးဝယ်သူတွေက မြေအောက်ကားရပ်တဲ့နေရာကနေ အဝင်အထွက် လုပ်နေရကြောင်း လူတွေရဲ့မျက်နှာမှာ စိုးရိမ်စိတ်ကို မြင်ရကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။