တပ်မတော်သား မဲဆန္ဒရှင်တချို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်၊ ရွေးကောက်ပွဲ လုပ်ငန်းစဥ်ပျက်ပြားအောင်မလုပ်ဖို့ ကော်မရှင်တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, MYO THIHA KYAW /MPA
၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ တပ်မတော်သားမဲဆန္ဒရှင်တချို့ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို တင်သွင်းခဲ့တာရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းထောက်တွေရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ကန့်ကွက်လွှာ အရေအတွက်၊ ကန့်ကွက်လွှာ တင်ထားခဲ့တဲ့ မြို့နယ်တွေနဲ့ ပတ်သက်လို့တော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတိအကျ ပြောဆိုခဲ့ခြင်း မရှိပါဘူး။
အခုလို ကန့်ကွက်လွှာ တင်ခဲ့ကြတာဟာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၈(က)၊ နည်းဥပဒေ ပုဒ်မ ၈၇ တို့အရ မဲပေးခဲ့ကြတဲ့ တပ်မတော်သားတွေဟာ မဲဆန္ဒရှင်အနေနဲ့ ကန့်ကွက်လွှာတင်ခဲ့တာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းလွဲမှားမှုတွေ ရှိနေတယ်ဆိုပြီး ထုတ်ပြန်ချက် ၃ ခုကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
တပ်မတော်က ရရှိခဲ့တဲ့ မဲစာရင်းတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို ပေးခဲ့တဲ့ PDFစနစ် ဖိုင်တွေဖြစ်ပြီး Excel စနစ်ပြောင်းကာ စစ်ဆေးခဲ့တာဖြစ်ကြောင်းနဲ့ မဲပေးသူတွေရဲ့ မှတ်ပုံတင်ကတ်ကိုပဲ အဓိကထား စစ်ဆေးခဲ့တာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်သားမဲဆန္ဒရှင်တွေ မဲပေးခဲ့တဲ့နေရာတွေမှာ လိုအပ်ရင်လိုအပ်သလို တွေ့ရှိမှုတွေကို ထုတ်ပြန်မယ်လို့ တပ်မတော်က ပြောခဲ့တဲ့အတိုင်း ထုတ်ပြန်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်အတွင်း စိစစ်ဖို့ အချက်အလက်တွေ ကူးယူခွင့်တောင်းခံခဲ့ပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ခြင်း မရှိတဲ့အတွက် တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင် အကြား အပြန်အလှန် ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
မဲစာရင်းမှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဥပဒေအရ လုပ်ဆောင်လို့ ရတာမှန်သမျှ ဆောင်ရွက်သွားမယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်နေတဲ့ မဲစာရင်းတွေဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲပေးခဲ့တဲ့ နောက်ဆုံးမဲစာရင်း မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
တပ်မတော်ဘက်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ ကော်မရှင်က အောက်တိုဘာလ အတွင်း အချက်အလက် မှားယွင်းနေပါက ပြင်ဆင်ဖို့အတွက် နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထုတ်ပေးခဲ့တဲ့ စာရင်းဖြစ်တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။
သက်ဆိုင်ရာ မဲဆန္ဒနယ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်က ထုတ်ပြန်ခဲ့တာတွေဟာ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းနှစ်ကြိမ်စလုံးကို အခြေခံထုတ်ပြန်ခဲ့ပြီး ကော်မရှင်က စီဒီပြားတွေနဲ့ ဝေတဲ့ အချက်အလက်တွေကိုပါ စိစစ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
တပ်မတော်အနေနဲ့ မဲစာရင်း PDF ကို Excle ဖိုင် ပြောင်းလဲပြီး ထုတ်ပြန်တာနဲ့ ပတ်သက်လို့ ဘာကြောင့် အခုလို ဖိုင်ပြောင်းတာလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည် ဖြေကြားခဲ့ခြင်းမရှိပါဘူး။
ဒီနေ့ တပ်မတော် သတင်းစာရှင်းလင်းပွဲအပြီး ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ရာမှာတော့ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့တဲ့ ရွေးကောက်ပွဲဖြစ်သလို နိုင်ငံတကာ လေ့လာသူတွေ၊ မဲရုံစောင့် အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ မဲရုံကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။
လက်ရှိအချိန်ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ ရဲအရေးပိုင်မှုတွေကို စစ်ဆေးနေတဲ့ ကာလဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားအောင်၊ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့သဘော သက်ရောက်စေတဲ့ ဆောင်ရွက်ချက်တွေ မလုပ်ကြဖို့လည်း ကော်မရှင်က သတိပေးခဲ့ပါတယ်။








