ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတချို့ကို ကျွန်းတစ်ကျွန်းဆီ စတင် ပို့ဆောင်

ရိုဟင်ဂျာ၊ ဘင်္ဂလားဒေ့ရှ်၊ ဒုက္ခသည်စခန်း၊ ဘာရှန်ချားကျွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းခန့် ခိုလှုံနေ
ရေးသားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့ကို ဘင်္ဂလားပင်လယ်အော်ထဲက ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းဆီ ပြောင်းရွှေ့ နေရာချထားမှုတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ စလုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီကျွန်းဟာ မကြာခဏ ရေကြီးလေ့ ရှိတဲ့ ကျွန်းဖြစ်တယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက ပြောနေတာပါ။

ကော့ဆက်စ် ဘဇားဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား အနည်းဆုံး ၁၀ စင်းလောက်ဟာ စစ်တကောင်း ဆိပ်ကမ်းမြို့ဆီ ထွက်ခွာသွားတာ တွေ့ခဲ့ရပါတယ်။ အဲဒီကနေမှ သူတို့ကို ဘာဆန်ချား ကျွန်းဆီ ပို့ဆောင်မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ၊ ဘင်္ဂလားဒေ့ရှ်၊ ဒုက္ခသည်စခန်း၊ ဘာရှန်ချားကျွန်း

ဓာတ်ပုံ ရင်းမြစ်, MD JAMAL PHOROGRAPHY

ဓာတ်ပုံ ပုံစာ, ဘာဆန်ချားကျွန်းဆီ ပြောင်းရွှေ့ နေရာချထားဖို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘတ်စ်ကားကြီးတွေနဲ့ တင်ဆောင်သွား

ဘာဆန်ချား ကျွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးလောက်ကမှ ပင်လယ်ထဲကနေ ပေါ်ထွန်းလာတဲ့ ကျွန်း ဖြစ်ပါတယ်။ ၂၀၁၇ တုန်းကတော့ ဒီကျွန်းမှာ လူတွေ နေနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးက လုပ်ငန်းတွေ စတင်ခဲ့ပါတယ်။

bhasan char island

၂၀၁၇ တုန်းက အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး မြန်မာတပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် ရိုဟင်ဂျာ တစ်သန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။ အဲဒီက ဒုက္ခသည်စခန်းတွေမှာ လူတွေ အဆမတန် ပြည့်ကျပ်နေတာကို လျှော့ချဖို့အတွက် ဒုက္ခသည် အနည်းဆုံး တစ်သိန်းလောက်ကို အဲဒီကျွန်းဆီ ရွှေ့ပြောင်း ထားရှိဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေတာပါ။

လက်ရှိနေနေရတဲ့ ဒုက္ခသည်စခန်းတွေထက် အဲဒီမှာ ဆောက်ထားပေးတဲ့ နေရာထိုင်ခင်း အဆောက်အအုံတွေက အများကြီး ပိုကောင်းတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီလိုလုပ်တာဟာ ရေတိုကာလအတွက်ပဲ ကြည့်ပြီးလုပ်ခဲ့တဲ့၊ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ် ဆိုပြီး ဝေဖန်နေကြပါတယ်။

ရိုဟင်ဂျာ၊ ဘင်္ဂလားဒေ့ရှ်၊ ဒုက္ခသည်စခန်း၊ ဘာရှန်ချားကျွန်း

ဓာတ်ပုံ ရင်းမြစ်, MD JAMAL PHOROGRAPHY

ဓာတ်ပုံ ပုံစာ, ကော့ဆက်စ်ဘဇားမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေထက် အဲဒီကျွန်းမှာ ဆောက်ပေးထားတဲ နေရာထိုင်ခင်း အဆောက်အအုံတွေက အများကြီး ပိုသာတယ်လို့ ဆို

အဲဒီမှာ ပြောင်းရွှေ့ နေသူတွေကို ကျွဲနွားမွေးမြူရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းအပါအဝင် အခွင့်အရေး ၁၈ ခုလောက် ပေးမယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ကမ်းလှမ်းထားတယ်လို့ ဒုက္ခသည်စခန်းမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦး ဖြစ်သူ ဦးကာမားလ်က ဘီဘီစီကို ပြောပြပါတယ်။

ပထမအသုတ်အဖြစ် သွားကြသူတွေထဲမှာ ဒီအခွင့်အရေးတွေကို မျှော်မှန်းပြီး ကိုယ့်ဆန္ဒနဲ့ ကိုယ် သွားကြသူတွေ ရှိသလို ကိုယ့်ဆန္ဒမပါဘဲ အပြောင်းရွှေ့ခံရသူတွေလည်း ပါတယ်လို့ သူက ပြောပါတယ်။

ရေတွေ ပတ်လည်ဝိုင်းနေပြီး လူနေဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေရဲ့ အတည်ပြုချက် မရှိထားတဲ့ အဲဒီကျွန်းမှာ ဘယ်လောက်ကြာကြာ နေရမလဲ ဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက အချိန်ကာလ သတ်မှတ်ထားတာမျိုး မရှိကြောင်းနဲ့ သူတို့အနေနဲ့ကတော့ ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေ ရရင် နေရပ် မြန်မာနိုင်ငံကို ပြန်သွားဖို့ ဆန္ဒပဲ ရှိတာကြောင့် အနေကျဉ်းကျပ် ဒုက္ခရောက်ပေမဲ့ လက်ရှိဒုက္ခသည်စခန်းမှာပဲ နေရင်းနဲ့ ဆက်လက် စောင့်ဆိုင်းသွားမယ်လို့ ဦးကာမားလ် က ပြောပါတယ်။

ဘာဆန်ချားကျွန်းနဲ့ ဒုက္ခသည်အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဂြိုဟ်တုကနေ မြင်ရတဲ့ မြင်ကွင်းများ

bhasan char island
bhasan char island