၂၀၂၀ မြန်မာရွေးကောက်ပွဲ - ရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ ပါတီတချို့ ထပ်မံတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, MPA
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှု အားနည်းချက်တွေရှိတယ်ဆိုပြီး အရေးယူပေးဖို့ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်ပါတီတချို့က နိုဝင်ဘာလ ၂၆ ရက်နေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းပွဲကျင်းပပြီး ထပ်မံတောင်းဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့တဲ့အတွက် အရေးယူပေးဖို့ ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီက နိုဝင်ဘာလ ၂၄ ရက်နေ့မှာ သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုခဲ့တာပါ။
လက်ရှိအချိန်ထိ တစုံတရာ တုံ့ပြန်ဆောင်ရွက်မှု မရှိတဲ့အတွက် နိုင်ငံတွင်းမှာ တရားမျှတမှု အင်မတန်အားနည်းနေတယ်လို့ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
"ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမှန်း မသိဘူး။ နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍက ဘယ်ရောက်နေလဲ မသိဘူး။ ဒါဟာကျွန်တော်တို့ နိုင်ငံ၊ ဒီရွေးကောက်ပွဲက ကျွန်တော်တို့ နိုင်ငံမှာ လုပ်တဲ့ ရွေးကောက်ပွဲ၊ ဒီအစိုးရက ကျွန်တော်တို့အစိုးရ အဲဒါကိုမှ အားမကိုးရရင် ကျွန်တော်တို့ ဘယ်သူ့ကို သွားအားကိုးရမလဲ။ ကျွန်တော်တို့ တောင်းဆိုချက်တွေကလည်း တရားဝင် ဥပဒေဘောင်အတွင်းကနေ တရားဝင်တောင်းဆိုချက်တွေ ဖြစ်တယ်။ မပေးရင် ကျွန်တော်တို့ ဘယ်သူ့ကို သွားပြောရမလဲ။ ဒါတွေဟာ တရားမျှတမှု အင်မတန် နည်းပါးတယ်။"
ဒီသတင်းစာရှင်းလင်းပွဲမှာ ၂၀၁၅ ခုနှစ် အဲဒီတုန်းက ကြံ့ခိုင်ရေးပါတီဘက်က ရွေးချယ်ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ လက်ရှိ NLD ပါတီဘက်က တင်မြှောက်ထားတဲ့ ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေကို ဦးခင်ရီက အဓိကထား နှိုင်းယှဉ်သွားခဲ့တာပါ။
ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု၊ မဲရိုက်နှိပ်မှု၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမှု၊ မဲဆွယ်စည်းရုံးရေးကာလ အခြေအနေ၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးတွေမှာ အားနည်းချက်တွေရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
ကော်မရှင်ရဲ့ အားနည်းချက်တွေကို နိုင်ငံရေးပါတီတရပ်အနေနဲ့ ဆန်းစစ်လေ့လာခွင့် မရရှိခဲ့ဘူးလို့လည်း ဦးခင်ရီက ထောက်ပြပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က ထုတ်ပေးတဲ့ သတ်မှတ်ချက်တွေ ဥပဒေတွေ၊ ညွှန်ကြားချက်တွေ၊ ပြဋ္ဌာန်းချက်တွေအပေါ်မှာ ဆန်းစစ်လေ့လာခွင့်၊ မတရားတဲ့အချက်ကို တောင်းဆိုခွင့် ကျွန်တော်တို့မှာ အပြည့်အဝရှိတယ်။ ဒီအခွင့်အရေး ကျွန်တော်တို့ ဆုံးရှုံးတယ်။ ဒီနိုင်ငံမှာ တရားဥပဒေမရှိဘူးလား။ တရားဥပဒေကို လိုက်နာခွင့် မရဘူးလားဆိုတဲ့ အချက်တွေက နိုင်ငံရေးပါတီအနေနဲ့ အင်မတန်မှ စိတ်ပျက်ဖွယ် ဖြစ်ပါတယ်။"
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ကြံ့ခိုင်ရေးပါတီအနေနဲ့ ရဲစခန်းမှာ အမှု ၁၂၆ မှု ဖွင့်ထားပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အမှုပေါင်း ၁၀၄၂ မှု တိုင်ကြားထားတယ်လို့လည်း ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အရေးယူပေးဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်ကလည်း ဆန္ဒမဲလက်မှတ် တချို့မှာ သူ့ပါတီနဲ့ ကိုယ်စားလှယ်လောင်းနာမည် မပါတာကို သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။
လက်ရှိရွေးကောက်ပွဲမှာ မသမာမှုတွေ၊ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်မှုတွေ ရှိနေတာကိုလည်း အမြဲတမ်း ကန့်ကွက်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။
"ကျွန်တော်တို့ နိုင်ငံက တော်တော့်ကို နိုင်ငံရေး ရေချိန် နိမ့်လွန်းပါတယ်။ အဲဒီအတွက်လည်း ဖြစ်ချင်ရာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီလိုချင်ရင် သစ္စာရှိဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ်။ တတ်နိုင်သလောက်တော့ လူထုကြီးကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နိုင်သလောက် ရောက်အောင် ဆွဲတင်ပေးပါ့မယ်။"

ဓာတ်ပုံ ရင်းမြစ်, MPA
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်းနဲ့ လက်ရှိတိုင်ကြားချက်တွေကိုလည်း အရေးယူဆောင်ရွက်ပေးဖို့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်က သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ဘက်ကတော့ ဥပဒေအတိုင်းပဲ တိတိကျကျဖြစ်အောင် ထောင့်စုံဘက်စုံကနေ ထောက်ပြပြီး လုပ်ပေးနေပါတယ်။ အဲဒီအပေါ် လေးစားသမှု မရှိဘဲ ဆက်လက်လျစ်လျူရှုမယ်ဆိုရင်တော့ နယူတန် နိယာမ ရှိပါတယ်။ သက်ရောက်မှုတိုင်းက တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတာတော့ သတိပေးလိုက်ပါတယ်။"
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စု လွှတ်တော်မှာ အစိုးရတရပ် ဖွဲ့နိုင်တဲ့အထိ ကျော်လွန်ပြီး အနိုင်ရထားကာ ကြံ့ခိုင်ရေးပါတီကတော့ လွှတ်တော် ၃ ရပ်ပေါင်း ၇၁ နေရာသာ အနိုင်ရခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ ဒီအရေအတွက်ဟာ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် နေရာ ၄၀ ကျော် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
ဦးစိုးမောင်ခေါင်းဆောင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကတော့ ကိုယ်စားလှယ်လောင်း ၁၀၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တနေရာမှ အနိုင်မရှိခဲ့ပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ လက်ရှိရွေးကောက်ပွဲရလဒ်တွေဟာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။








