ကျောက်ဖြူမှာ ကိုဗစ်လူနာတစ်ဦးသေဆုံး၊ ရခိုင်မှာ သေဆုံးသူ ၁၈ ဦးထိရှိလာ

ရခိုင်ပြည်နယ်မှာ စစ်တွေပြီးရင် ကျောက်ဖြူက ဒုတိယကူးစက်မှုအများဆုံး
ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်မှာ စစ်တွေပြီးရင် ကျောက်ဖြူက ဒုတိယကူးစက်မှုအများဆုံး
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့မှာ ကိုဗစ်အတည်ပြုလူနာ တစ်ဦး နိုဝင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားခဲ့တယ်လို့ ကျောက်ဖြူဆေးရုံဆရာဝန်ကြီး ဒေါက်တာ ရဲလွင်မောင်က အတည်ပြုပြောဆိုပါတယ်။

သေဆုံးသွားသူဟာ အသက် ၅၀ နှစ် အရွယ်အမျိုးသားဖြစ်ပြီး ကိုဗစ်ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အတွက် အရေးပေါ်ကုသဆောင်ထဲ ပို့ဆောင်ပြီး အောက်ဆီဂျင်ပေး ကုသထားရာကနေ အခုလို သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိကြောင်း အတည်ပြုလူနာ ၃၄၉ ဦးထိရှိနေပြီဖြစ်ကာ အခုသေဆုံးသွားသူဟာ ကျောက်ဖြူဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေသူတွေထဲက ပထမဆုံး သေဆုံးသူဖြစ်ကာ အရေးပေါ်ဆေးကုသမှု ခံယူနေရသူတွေ နောက်ထပ်မရှိတော့ဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြူဆေးရုံပေါ်မှာ ဆေးဝါးကုသမှုခံယူနေရသူ ၁၄ ဦးသာရှိပြီး အဲ့ဒီထဲက အများစုကတော့ နေပြန်ကောင်းတဲ့အတွက် ဆေးရုံဆင်းခွင့်ရရှိခဲ့ကြသူတွေဖြစ်ပါတယ်။

no caption

"လူနာတစ်ဦးသေဆုံးသွားတာဟုတ်ပါတယ်။ သူကအသက် ၅၀ ပါ။ အသက်ရှုကျပ်တဲ့အတွက် ၂၄ ရက်နေ့ကတည်းက သူ့ကို အိုင်စီယူထဲပို့ပြီး ကုသပေးနေတာ။ အောက်ဆီဂျင်ကျပြီးသေဆုံးသွားတာပါ"လို့ ကျောက်ဖြူဆေးရုံဆရာဝန်ကြီး ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ ရခိုင်ပြည်နယ်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နှစ်လခွဲကာလအတွင်း ရခိုင်မှာ ပိုးတွေ့လူနာပေါင်း ၂၈၅၇ ဦးထိရှိလာနေပြီဖြစ်ကာ အဲ့ဒီထဲက သေဆုံးသူ ၁၈ ဦးရှိပြီး အများစုကတော့ နေပြန်ကောင်းကြသူတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်း ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားမှုမှာ မြို့နယ်အားလုံး ကူးစက်မှုဖြစ်ပွားခဲ့ပြီး အများဆုံးကူးစက်ခံရတဲ့မြို့နယ်တွေကတော့ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နဲ့ ပေါက်တောတို့ဖြစ်ကြောင်း ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုတွေ စတွေ့တဲ့လူနာဟာ ကျောက်ဖြူမြို့ကို ခရီးသွားခဲ့
ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုတွေ စတွေ့တဲ့လူနာဟာ ကျောက်ဖြူမြို့ကို ခရီးသွားခဲ့

သေဆုံးသူ ၁၈ ဦးအနက် စစ်တွေဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရင်းသေဆုံးသူ အများဆုံးဖြစ်ပေမဲ့ အဲ့ဒီထဲက သေဆုံးသူအများဆုံးဟာ ကျောက်တော်မြို့နယ်က ရောဂါလက္ခဏာပြင်းထန်ပြီး စိုးရိမ်ရတဲ့အတွက် လွှဲပို့လိုက်တဲ့ လူနာတွေ ဖြစ်ကြတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

"တစ်ပြည်နယ်လုံးမှာ သေဆုံးသူ ၁၈ ယောက်ရှိပြီ။ အများဆုံးကတော့ ကျောက်တော်မြို့နယ်က အများဆုံးဗျ၊ စစ်တွေမှာဆုံးတဲ့ တချို့လူနာတွေက ကျောက်တော်က လွှဲလိုက်လို့ စစ်တွေကိုရောက်လာတာ။"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

လက်ရှိမှာတော့ တစ်ပြည်နယ်လုံးက ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေရသူပေါင်း ၂၀၁ ဦးသာကျန်ရှိပြီး အရေးပေါ်ကုသမှုတွေ လုပ်နေရသူ ဘယ်လောက်ရှိနေသေးတယ် ဆိုတာကိုတော့ သူ့အနေနဲ့မသိနိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ ကိုဗစ် -၁၉ ရောဂါကူးစက်မှု ရှိနေသေးတဲ့အတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက Stay at home နေအိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ပြန်ထားသလို ဒေသအာဏာပိုင်တွေဘက်ကလည်း ညမထွက်ရအမိန့်တွေကို ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။