ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာဘိုးရွာ မဲဆွယ်ရန်ပွဲနဲ့ ပတ်သက်နေတဲ့ ရွာသားအချို့ကို ဖမ်းမိထား
ကြံခိုင်ရေးပါတီထောက်ခံသူတွေ ရိုက်နှက်လို့ လူသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကာဘိုးရွာ မဲဆွယ်ရန်ပွဲနဲ့ ပတ်သက်နေတဲ့ ရွာသားအချို့ကို ဖမ်းမိထားပြီလို့ အာဏာပိုင်တွေဘက်က ပြောကြောင်းသိရပါတယ်။
လူအုပ်လိုက် ဝိုင်းပြီးရိုက်နှက်တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်နေတဲ့ ရွာသားအချို့ကို ဖမ်းမိထားပေမဲ့ တချို့ကတော့ လွတ်မြောက်နေဆဲလို့ လည်းသိရပါတယ်။
ဖမ်းမိသူတွေနဲ့ပတ်သက်တဲ့ ဘယ်နှစ်ဦးဖမ်းမိတယ် ဘယ်သူတွေဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ ဘီဘီစီက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်၊
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲက ကာဘိုးရွာဖြစ်စဉ်မှာ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေ ရိုက်နှက်လို့ ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ ကိုမျိုးမင်းစိုးဟာ အောက်တိုဘာလ၂၄ ရက်နေ့က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်။
သူဟာ လူအုပ်က အသင့်ယူလာတဲ့ လက်နက်တွေနဲ့ ရိုက်နှက်ခံရပြီး သေဆုံးခဲ့ရတာဖြစ်ကြောင်း ကန့်ဘလူ မြို့နယ် တိုင်းဒသကြီး အမှတ်(၂)က ဝင်ပြိုင်မယ့် NLD အမတ်လောင်း ဦးနေဇင်လတ်က ဘီဘီစီကိုပြောပါတယ်။
၂၀၂၀ရွေးကောက်ပွဲဟာ ၂၀၁၅ ထက် အကြမ်းဖက်မှုတွေပိုများလာတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကပြောပြီး ကာဘိုးရွာဖြစ်စဥ်ဟာ ၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပထမဆုံးရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုနဲ့ သေဆုံးတာလို့ ရွေးကောက်ပွဲ လေ့လာသုံးသပ်သူတွေကပြောပါတယ်။
ကြံခိုင်ရေးပါတီဘက်က ကိုယ်စားလှယ်လောင်းပြောတာကတော့ NLD ပါတီထောက်ခံသူတွေဟာ ကာဘိုးရွာကို အဝင်မခံဘဲ နှောင့်ယှက်ခဲ့ပြီး ဆိုင်ကယ်တွေနဲ့ လိုက်လံနှောင့်ယှက်မှုတွေလည်းရှိခဲ့ကြောင်းနဲ့ သူတို့မဲဆွယ်ယာဥ်တန်းက ကားတစ်စီး ခဲနဲ့အထုခံရတဲ့အချိန်မှာ ရန်ပွဲစတင်ခဲ့တာလို့လည်း ဘီဘီစီကိုပြောပါတယ်။
ကွယ်လွန်သူ ကိုမျိုးမင်းစိုး အသက် ၃၈ နှစ်ဟာ သမီးနဲ့ဇနီးကျန်ခဲ့ပြီး ကျန်ရစ်တဲ့ မိသားစုဝင်တွေကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က သွားရောက် နှစ်သိမ့်ခဲ့ပြီး ဥပဒေအတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်ဦးမြင့်နိုင်က ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။
NLD ထောက်ခံသူများတဲ့ ကာဘိုးရွာကို ကြံ့ခိုင်ရေး ဝန်းရံသူတွေ အင်အားလာပြတဲ့ အောက်တိုဘာ ၂၂ ရက်ဖြစ်စဉ်မှာ ကိုမျိုးမင်းစိုးအရိုက်ခံရမှု၊ဆိုင်ကယ်တွေဖျက်ဆီးခံရမှု၊အိမ်တစ်လုံးပျက်စီးခဲ့မှုနဲ့ ကိုဗစ်စစ်ဆေးရေး ဂိတ်တစ်ခုပျက်စီးခဲ့မှုတွေအတွက် အမှုဖွင့်ထားတယ်လို့ ကန့်ဘလူအမှတ်(၂)က ဝင်ပြိုင်မယ့် NLD အမတ်လောင်း ဦးနေဇင်လတ်က ပြောပါတယ်။
ကာဘိုးရွာဖြစ်စဉ်ဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့အကြမ်းဖက်မှုမှာ ပထမဆုံးလူသေဆုံးမှုလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။
ကိုဗစ်- ၁၉ ကပ်ရောဂါကာလမှာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့မကိုက်ညီတဲ့ ပါတီဝန်းရံ ထောက်ခံသူတွေရဲ့ လူစုလူဝေးနဲ့ လှည့်လည်အင်အားပြမှုအပေါ် ဝေဖန်မှုတွေ အမြောက်အမြားလည်းရှိနေပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Rainmaker ရဲ့ စီမံကိန်းဒါရိုက်တာ မအေးသန္တာအောင်က ပါတီမဲဆွယ်လမ်းကြောင်း အခြေအနေတွေနဲ့ပတ်သက်လို့ လိုက်ပါစောင့်ကြည်ဖို့ လတ်တလော အခြေအနေရ အခက်အခဲတွေရှိနေတယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။
မဲဆွယ်စည်းရုံးရေးကာလမှာ ရခိုင်ပြည်နယ်၊တောင်ကုတ်ကဝင်ပြိုင်မယ့် NLD အမတ်တွေကို အေအေကဖမ်းထားတာက လူသိများတဲ့ ရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုဖြစ်သလို ရှမ်းပြည်နယ်က နယ်မြေတချို့မှာ တိုင်းရင်းသားအမတ်လောင်းတွေ ခြိမ်းခြောက်ခံရတွေရှိနေပါတယ်။
မကွေးတိုင်းထဲက မြိုင်၊မြို့နယ်မှာ ပါတီအောင်နိုင်ရေးသီချင်းကို အသံချဲ့စက်ဖွင့်ရာကအစပြုလို့ အိမ်ဖြိုတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးမြို့တော်နေပြည်တော်၊မိထ္ထီလာနဲ့ဟင်္သာတမြို့နယ် တို့မှာလည်း မဲဆွယ်ရင်းနဲ့ ရန်ပွဲတွေဖြစ် အမှုတွေဖွင့်ခဲ့ကြတာတွေရှိနေပါတယ်။
အာဏာရပါတီNLDကတော့ ပါတီဝန်းရံသူတွေရဲ့ အင်အားပြမှုတွေကို တတ်နိုင်သမျှ ထိန်းချုပ်ဖို့ မေတ္တာရပ်ခံထားပြီး အကြမ်းမဖက်တဲ့မူဝါဒနဲ့ အောင်နိုင်ရေးဆောင်ရွက်ဖို့ ညွန်ကြားထားပါတယ်။
ပါတီဝင်တွေကိုရော ဝန်းရံသူ တွေကို ညွှန်ကြားချက်တွေ အလေးထားလိုက်နာစေဖို့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက ကြီးကြပ်သွားဖို့လည်း ကော်မရှင်က မေတ္တာရပ်ခံခဲ့ပါတယ်။