ကမ္ဘာ့အကောင်းဆုံး ချန်ဂီလေဆိပ် ရေရှည် အကျပ်အတည်း ဆိုက်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အနေအထားက လျော့ကျသွားတဲ့လက္ခဏာမပြတာနဲ့ အတူ စင်ကာပူ ရဲ့ ချန်ဂီလေဆိပ် စီးပွားရေးအုပ်စုက ရှေ့မှာ "စိုးရိမ်စရာ အချိန်" ရောက်လာတော့မယ်လို့ သတိပေးလိုက်ပါတယ်။
အာရှမှာ လေကြောင်းခရီးစဉ်တွေ အများအပြားကို ချိတ်ဆက်ပေးတဲ့ ဒီလေဆိပ်ဟာ ကမ္ဘာ့ အကောင်းဆုံး လေဆိပ်လို့ ၈ နှစ်ဆက်တိုက် သတ်မှတ်ခံခဲ့ရတာပါ။
သူ့သမိုင်းတစ်လျှောက် လေကြောင်းခရီးစဉ် အနည်းပါးဆုံး ရောက်လာတဲ့အဖြစ်ကို ချန်ဂီလေဆိပ်ကြုံနေရပြီး လေဆိပ်ကို အဝင်အထွက်လုပ်တဲ့ ဂိတ်ကြီး ၂ ခုကို ပိတ်သိမ်းထားရပါတယ်။
ပဉ္စမမြောက်အဖြစ် ဖွင့်လှစ်မဲ့ ဂိတ်တစ်ခုအတွက် ဆောက်လုပ်ရေးတွေကို အနည်းဆုံး ၂ နှစ် ရပ်ဆိုင်းခဲ့ရပါတယ်။
ချန်ဂီ လေဆိပ် စီးပွားရေးအုပ်စု(Changi Airport Group) က "ကိုဗစ်-၁၉ နဲ့ တိုက်ရတဲ့ တိုက်ပွဲက အစပဲရှိပါသေးတယ်" ၊ "လျော့ကျသွားမယ့်အခြေအနေလည်း မတွေ့ရတာကြောင့် စိုးရိမ်စရာ အနာဂတ်ကို ကြုံရမယ့်ပုံဖြစ်နေတယ်" လို့ သူတို့ နှစ်ပတ်လည်အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ကုမ္ပဏီရဲ့ နှစ်စဉ်အစီရင်ခံစာထဲမှာ ၂၀၂၀ မတ်လကုန်အထိ ရလဒ်တွေကို ဖော်ပြထားပါတယ်။ ကမ္ဘာ့ကပ်က ဒီနှစ် ဇန်နဝါရီက စခဲ့ပြီး ခရီးသည်အလာ ထိုးဆင်းကျသွားတာကအဲဒီအချိန်က စခဲ့ပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့ သူတို့ဆီကို ယာယီ ဝင်ရောက်မယ့် ဧည့်သည်တွေကို နိုင်ငံထဲဝင်ရောက်တာဖြစ်စေ၊ လေဆိပ်မှာ လေကြောင်းခရီးစဉ် အပြောင်းအလဲ လုပ်တာပဲဖြစ်စေ လက်မခံတော့ဘဲ ပိတ်ပင်လိုက်တာက မတ်လ ၂၃ ရက်ကမှပါ။
ဒါပေမဲ့ အခုဖော်ပြထားတဲ့ ကာလတွေအတွင်းကိုပဲကြည့်ရင် သက်ရောက်မှုက ကြီးပြီး ၂၀၁၉ တုန်းက ရခဲ့တဲ့ အမြတ်အစွန်းတွေနဲ့ နှိုင်းယှဉ်ရင် အတော်လျော့ကျခဲ့ပါတယ်။ အမြတ်အစွန်း ၃၆% ထိုးဆင်းခဲ့ကာ အမြတ်ရရှိမှုက စင်ကာပူဒေါ်လာ ၄၃၅ သန်း (အမေရိကန်ဒေါ်လာ ၃၁၉ သန်း) အထိကို ရောက်သွားပါတယ်။
ဗြိတိန်အခြေစိုက် စီးပွားရေး အကဲဖြတ် လုပ်ငန်းအဖွဲ့ တစ်ခုဖြစ်တဲ့ Skytrax က အဆင့်သတ်မှတ်ချက် အရ ချန်ဂီလေဆိပ်ဟာ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး လေဆိပ် အဖြစ် ရွေးချယ်ခံခဲ့ရသလို ဒီလိုအရွေးခံရတာ ၈ နှစ် ဆက်တိုက်ရှိလာခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အညွန့်ထဲက ထိပ်ခေါင် - ရတနာ (Jewel)
ချန်ဂီလေဆိပ်ထဲမှာ ဈေးဝယ်ဖို့၊ ဖြေဖျော်ရေးတွေ ရှုစားနိုင်ဖို့ စတာတွေအတွက် စတုရန်းပေ ၁. ၅ သန်း အကျယ်ရှိတဲ့ ရတနာ (Jewel) ကုန်တိုက်ဝင်းကို မနှစ်တုန်းကဖွင့်လှစ်ခဲ့ပါတယ်။
ဒီကုန်တိုက်ကြီးထဲက အဆွဲဆောင်ဆုံး အရာတွေထဲ မုတ်သုံသစ်တော၊ ဝင်္ကဘာ ခြံစည်းရိုး၊ ကမ္ဘာမှာ ခန်းမတွင်းတည်ဆောက်တဲ့အထဲ အမြင့်ဆုံးဆောက်ထားတဲ့ ရေတံခွန် စတာတွေလည်း ပါဝင်ပါတယ်။
အရင်ကာလက ခရီးသည် အလာကျသွားတဲ့အရေးကို ဒီကုန်တိုက်သစ်ကြီးနဲ့ ဆွဲဆောင်ခဲ့တာဖြစ်ပြီး သူ့ကြော့င် အမြတ်အစွန်း ၂.၆% တိုးလာခဲ့ကာ ကုမ္ပဏီအတွက် စင်ကာပူဒေါ်လာ ၃.၁ ဘီလီယံ အထိ ဝင်ငွေတိုးလာခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ကုမ္ပဏီအနေနဲ့ ဒီနိုင်ငံတကာ လေဆိပ်ဟာ စီးပွားကျမဲ့ပုံကို မှန်းဆထားနေပြီး ပြန်နာလန်ထူမဲ့အရေးကတော့ "ကမ္ဘာတစ်လွှားကနိုင်ငံတွေ သူတို့နယ်စပ်တွေကို ထိန်းချုပ်တဲ့စည်းမျဉ်းတွေ၊ လေယာဉ်စီးပြီးခရီးသွားရင် လိုက်နာရမဲ့ လိုအပ်ချက်တွေ၊ ဗိုင်းရပ်စ် ရောဂါကို ကုသနိုင်ရေးအတွက် တိုးတက်မှုတွေ စတာအပေါ် မူတည်နေတယ်" လို့ ဆိုပါတယ်။
အရင်သီတင်းပတ်အတွင်းက ကွန်ဂရက်လွှတ်တော်မှာ ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူ အသစ်ပေးဖို့ သူတို့ ညှိနှိုင်းဆွေးနွေးတာတွေ မအောင်မမြင်ဖြစ်ပြီးတဲ့နောက် အမေရိကန် လေကြောင်းကုမ္ပဏီတွေ ထောင်နဲ့ချီတဲ့ သူတို့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်တာတွေ စတင်လုပ်ခဲ့ရပါတယ်။
နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (International Air Transport Association - IATA) ကလည်း "(ဥရောပ) နွေရာသီ ခရီးသွား ရာသီမှာ အလွန်ဆိုးတဲ့ အခြေအနေကို ကြုံခဲ့ရပြီး"၂၀၂၀ ခုနှစ် လေကြောင်းခရီးစဉ်တွေ ခန့်မှန်းချက်မှာ အဆင့်သတ်မှတ်ချက်ကို လျှော့ချထားပါတယ်။
အရင် ကပ်ဘေးမကြုံခင်ကာလက လေကြောင်းခရီးသွားလာမှုအနေအထားကို ပြန်ရောက်ဖို့ ၂၀၂၄ ခုနှစ်အထိ အနည်းဆုံး စောင့်ရလိမ့်မယ်လို့ IATA က ခန့်မှန်းပါတယ်။








