အုပ်ချုပ်ရေးမှူးတစ်ဦးသံသယနဲ့ ဖမ်းဆီးခံရမှု ဥပဒေနဲ့အညီဖြစ်ဖို့ စစ်တွေက အုပ်ချုပ်ရေးမှူးတွေတောင်းဆို

စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၅၇ ဦး ကတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Myint lwin

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၅၇ ဦး ကတောင်းဆိုမှုတွေလုပ်
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့နယ်အတွင်းက တောကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းကျော်နိုင်ကို အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ တပ်မတော်ကခေါ်ဆောင်သွားခဲ့ပြီး မိသားစုတွေနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ် လို့ ဇနီးဖြစ်သူ ဒေါ်သူဇာက ပြောပါတယ်။

အောက်တိုဘာ ၃ရက် မနက်ပိုင်းမှာ တောကန်ကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုရောက်ရှိလာခဲ့ပြီး ကျေးရွာအတွင်း အိမ်ထောင်စု စာရင်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အိမ်ထောင်စုစာရင်းတွေ လိုက်လံစစ်ဆေးတဲ့အခါမှာ ဦးသန်းကျော်နိုင်ကိုယ်တိုင်လည်း စစ်ကြောင်းနဲ့အတူ ပါဝင်ခဲ့ပြီး စစ်ဆေးမှု တွေပြီးစီးလို့ မပြန်ခင်မှာ အဲ့ဒီစစ်ကြောင်းက ထောက်ခံချက်တွေ တောင်းယူကာ မေးမြန်းစရာတွေ ရှိတယ်ဆိုပြီး ခေါ်ဆောင် သွားခဲ့တာဖြစ်တာလို့ ဇနီးဖြစ်သူကပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသွားတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

သူ့ကို မေးမြန်းစရာတွေ ရှိတဲ့အတွက် စစ်ကြောင်းကခေါ်သွားလို့ BE တပ်ကိုရောက်နေတယ်ဆိုတာကို နေ့လယ် တစ်နာရီလောက်မှာ ဦးသန်းကျော်နိုင်ကိုယ်တိုင် ဖုန်းဆက်ပြောခဲ့လို့ သိခဲ့ရပြီး အဲ့ဒီနောက်မှာ အဆက်အသွယ် မရတော့ဘူးလို့ ဇနီးဖြစ်သူဒေါ်သူဇာက ပြောပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

တပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီး အဆက်အသွယ်မရ ဖြစ်နေတဲ့အတွက် မိသားစုတွေအနေနဲ့ စိုးရိမ်နေကြောင်းနဲ့ သူ့ကိုဘယ်နေရာမှာ ထားရှိတယ်ဆိုတာကို သိရှိလိုကြောင်း ဒေါ်သူဇာက ပြောပါတယ်။

"မနေ့ကဖြစ်စဉ်မှာ သူတို့စစ်ကြောင်းဝင်လာတယ်။ ကျွန်မ အမျိုးသား ကိုခေါ်တယ်။ ပြီးရင် ရွာတွင်းမှာ လိုက်ပြီးတော့ စစ်ဆေးတယ်။ အိမ်ထောင်စုတွေ စစ်တယ်။ ပြီးရင် သူတို့ပြီးပြီဆိုပြီး သူတို့ ထွက်သွားတဲ့အကြောင်းကို ထောက်ခံချက် တောင်းပြီးတော့ သွားပါတယ်။ ကျွန်မတို့ ရွာထဲမှာ ကျန်ခဲ့တယ်။ ထမင်းစားနေတုန်းမှာ စစ်သားတစ်ယောက်ရောက်လာ တယ်။ ဗိုလ်ကြီးခေါ်ခိုင်းတယ် ခဏလာခဲ့ဦးလို့ ပြောပါတယ်။ အဲ့ဒီကတည်းက အဆက်အသွယ် ဘာမှမရတော့ဘူး။"လို့ ဒေါ်သူဇာက ပြောပါတယ်။

အခုလိုမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အကြောင်းမဲ့ ဖမ်းဆီးခံလိုက်ရတဲ့အတွက် စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၅၇ ဦးတို့ဟာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းမှာ စစ်တွေမြို့နယ် စုပေါင်းရုံး ကို ရောက်ရှိ လာခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ကြပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်း ၆၂ အုပ်စုရှိပြီး တောကန်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံလိုက်ရတာဟာ စစ်တွေ မြို့နယ်အတွင်းမှာ ပထမဆုံးအကြိမ် ကျေးရွာအုပ်ချုပ်ရေးမှူးကို တပ်မတော်က ဖမ်းဆီးတာလည်းဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

စစ်တွေစုပေါင်းရုံးကို အုပ်ချုပ်ရေးမှူးတွေလာရောက်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေ စုပေါင်းရုံးကို အုပ်ချုပ်ရေးမှူးတွေလာရောက် တောင်းဆို

စစ်တွေမြို့နယ်ဟာ စစ်ပွဲတွေဖြစ်ပွားတာတွေမရှိဘဲ တည်ငြိမ်နေတဲ့မြို့နယ်တစ်ခုဖြစ်သလို လုံခြုံရေး တင်းကျပ်ပြီး အစိုးရအဖွဲ့ ရုံးစိုက်တဲ့ ရခိုင်ပြည်နယ်ရဲ့ အဓိက အုပ်ချုပ်ရေး မြို့တော်လည်းဖြစ်ပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်အတွင်း တပ်မတော်က သံသယနဲ့ ဖမ်းဆီးခြင်းကိုခံရသူတွေ အများအပြားရှိနေပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ကြားထဲ သေဆုံးသွားခဲ့ရသူတွေလည်းရှိနေတာကြောင့် မသင်္ကာလို့ ဖမ်းဆီးခံရလို့ရှိရင်လည်း အားလုံးနဲ့တစ်ပြေးညီ နိုင်ငံသားအခွင့်အရေးတွေကို ရရှိရမှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာ ဖမ်းဆီးခံနေရတဲ့ တောကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းကျော်နိုင်ကို စစ်ဆေးတဲ့အခါမှာ တရားဥပဒေအရဖြစ်စေဖို့၊ ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာကို မိသားစုတွေသိခွင့်ရရှိဖို့နဲ့ အပြစ် မရှိလို့ရှိရင် အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ စတဲ့အချက်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ၅၇ ဦးတို့က အကူအညီတောင်းခံ ခဲ့ကြတာဖြစ်တယ်လို့ ငတောက်တက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက မီဒီယာတွေကိုပြောဆိုသွားခဲ့ပါတယ်။

"ကျွန်တော်တို့ စစ်တွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေအကုန်လုံးက ဝန်းရံပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ကိုလာရောက်ပြီး တောကန်ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့လိုချင်တဲ့အတိုင်းအတာတွေကို လာရောက်တင်ပြခြင်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူး ၅၇ ယောက်ပါပါတယ်။"လို့ ဦးဇော်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီက စစ်ယာဉ်တန်း မိုင်းဆွဲ ခံရမှုက မြို့တော် စစ်တွေနဲ့ တစ်မိုင်သာသာ ဝန်းကျင် မှာ ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ဖေဖော်ဝါရီက စစ်ယာဉ်တန်း မိုင်းဆွဲ ခံရမှုက မြို့တော် စစ်တွေနဲ့ တစ်မိုင်သာသာ ဝန်းကျင် မှာ ဖြစ်ခဲ့

ရခိုင်ပြည်နယ်မှာ အခုလိုမျိုးအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရတာတွေရှိနေတဲ့အတွက် တစ်ခုခုဖြစ်မှာကို စိုးရိမ်တယ်လို့ ဇနီးသည် ဒေါ်သူဇာက ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကနေ မြို့နယ်တချို့တို့မှာ အခုလိုမျိုး အုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က သံသယနဲ့ဖမ်းဆီး စစ်ဆေးမှုတွေရှိနေတာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးပဲဖြစ်ဖြစ် သာမန်ပြည်သူတွေပဲဖြစ်ဖြစ် နိုင်ငံသားတိုင်း ဘယ်သူမဆို ဥပဒေရဲ့ အခွင့်အရေးတွေကို ရရှိကြရမှာ ဖြစ်ပြီး မသင်္ကာလို့ ဖမ်းဆီးမှုတွေရှိခဲ့ရင်လည်း ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ အပြစ်မရှိလို့ရှိရင် ချက်ချင်းပြန်လွှတ်ပေးရမယ့် တာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော် က ပြောပါတယ်။

အခုလိုမျိုး စစ်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ လုံခြုံမှုမရှိတော့ဟုဆိုပြီး မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်က နှုတ်ထွက်ထားကြတဲ့အတွက် အဲ့ဒီနေရာတွေမှာ အုပ်ချုပ်ရေးမှူးတွေ အစားထိုး ခန့်အပ်နိုင်ခြင်း မရှိသေးဘူးလို့လည်းသိရပါတယ်။