ရခိုင်တောင်ပိုင်းမှာ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တချို့ ဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, NLD Taungup
ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ မာန်အောင် မြို့နယ်တို့က နေရာတချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy- NLD)ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် စည်းရုံး လှုံ့ဆော်ထားတဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။
တောင်ကုတ်မြို့ အတွင်းက နေရာတချို့မှာ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ပြောခွင့်ရသူလည်းဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တယောက်လည်းဖြစ်တဲ့ ဦးမင်းအောင်က ပြောပါတယ်။
"ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ဗီနိုင်းတွေ ၄ နေရာမှာ ဖျက်ဆီးခံထားရတာရှိတယ်၊ မအီမြို့မှာ စဖြစ်တာ၊ နောက်ပြီး ချောင်းသုံးခွရွာ၊ နတ်ကန်ရွာ၊ တန်းလွဲရာမမြို့ စတဲ့နေရာတွေမှာ ဖျက်ဆီးခံရတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။
သံတွဲမြို့နယ် ငပလီမှာလည်း NLD ဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံခဲ့ရသလို မာန်အောင်မြို့နယ် သစ်ပုံရွာမှာ NLD အောင်နိုင်ရေး ဆိုင်းဘုတ်ထောင်တာကို ရွာသားတချို့ ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် ဆိုင်းဘုတ်ကို မထောင်နိုင်ဘဲ ပြန်နုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။
လာမယ့် နိုဝင်ဘာ ၈ ရက် ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်နေကြချိန်မှာ အခုလို ဖျက်ဆီးခံရတာတွေ ပေါ်ပေါက်လာတာပါ။
NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ် ၃ ခုမှာ ပါတီကိုယ်စားလှယ်တိုင်း အောင်ပွဲရခဲ့ပြီး မာန်အောင်က နေရာ တချို့မှာလည်း အနိုင်ရခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, NLD Taungup
အဲဒီရွေးကောက်ပွဲနောက်ပိုင်း ရက္ခိုင့်တပ်တော် (Arakan Army - AA) နဲ့ အစိုးရ တပ်မတော်အကြား လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် အခုလာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီဟာ ဒီမြို့နယ်တွေမှာ ဆက်အနိုင်ရရေးအတွက် အရင်ရွေးကောက်ပွဲထက် ပိုခက်ခဲမယ် ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်နေတာပါ။
ဒါပေမဲ့ အရင်ရွေးကောက်ပွဲတုန်းကတော့ အခုလို နိုင်ငံရေးပါတီတခုခုရဲ့ မဲဆွယ် လှုံ့ဆော်ရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးတိုက်ခိုက်ခံရတာမျိုး မရှိခဲ့ပါဘူး။
အခုဖျက်ဆီးမှုတွေကို ဘယ်သူတွေက ကျူးလွန်ခဲ့တယ်ဆိုတာလည်း မသိရသေးပါဘူး။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးခိုင်ကောင်းစံက အခုလို နိုင်ငံရေးပါတီတခုရဲ့ ဆိုင်းဘုတ်တွေ တိုက်ခိုက်ကြတဲ့အပေါ် ဝေဖန်ပြောဆိုခဲ့ပါတယ်။
"နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမျိုးကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်၊ ရှုတ်ချပါတယ်၊ ဒါမျိုးကမလုပ်သင့်ပါဘူး၊ ဥပဒေအရလည်း ဒါတွေဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်နေတာပါ" လို့ သူက ပြောပါတယ်။
အခုလိုလုပ်ရပ်မျိုး အစဥ်အလာ ဖြစ်မသွားအောင် နိုင်ငံရေး ပါတီတွေအနေနဲ့ ဝိုင်းဝန်း ကြိုးပမ်း တားဆီးသင့်တယ်လို့လည်း သူက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးမင်းအောင်က တောင်ကုတ်မြို့နယ် အတွင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။








