ရခိုင်ကျောင်းသားတွေ နဲ့ အတူ ရပ်တည်ကြောင်း မွတ်ဆလင် ကျောင်းသားတွေ ပြသတာအပေါ် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ကြိုဆို

စစ်ဆန့်ကျင်ရေး ဆန္ဒပြလို့ ဖမ်းခံထားရတဲ့ ရခိုင် ကျောင်းသားတွေ အတွက် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းမှာ ဆန္ဒထုတ်ဖော်ခဲ့။

ဓာတ်ပုံ ရင်းမြစ်, ရိုဟင်ဂျာ ကျောင်းသားသမဂ္ဂ

ဓာတ်ပုံ ပုံစာ, စစ်ဆန့်ကျင်ရေး ဆန္ဒပြလို့ အဖမ်းခံထားရတဲ့ ရခိုင် ကျောင်းသားတွေ အတွက် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းမှာ ဆန္ဒထုတ်ဖော်ခဲ့။
ရေးသားခဲ့သည်။

ရခိုင် စစ်ပွဲ ဆန့်ကျင်ရေး တောင်းဆိုလို့ ဖမ်းဆီး အရေးယူခံနေရတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသားသုံးဦးနဲ့ အတူ ရပ်တည်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဆန္ဒထုတ်ဖော်ခဲ့တာ အပေါ် ကြိုဆိုကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ဘီဘီစီကို ပြောပါတယ်။

"ဖိနှိပ်မှုကိုဆန့်ကျင်တဲ့ လူတွေနဲ့အတူ ရပ်တည်ကြတဲ့ လူသားတွေအကုန်လုံးကို ကြိုဆိုတယ်" လို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် အမှုဆောင်ဒါရိုက်တာ ကိုသန်းလှက ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးတွေ ကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေး ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ တွေက အမှန်တရားဘက်က ရည်တည်ကြောင်း ပြသတဲ့ အနေနဲ့ ဆိုပြီး ရခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသား ၃ ဦး ဖမ်းဆီး ခံနေရတာ အပေါ် ကန့်ကွက်ကြောင်း နဲ့ အဲ့ဒီကျောင်းသားတွေနဲ့အတူ ရပ်တည်ကြောင်း ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ကူတူးပါလောင် ဒုက္ခသည် စခန်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ။

ရိုဟင်ဂျာ တွေနဲ့ ရခိုင် လူမျိုးတွေကြားမှာ ရှိခဲ့တဲ့ ပြဿနာ တချို့ကို ဘေးဖယ်ထားပြီး ပြန်လည် သဟဇာတ ဖြစ် သင့်မြတ်ဖို့ ရည်ရွယ်တယ်လို့ လည်း ဆိုပါတယ်။

"ကျွန်တော်တို့က ရခိုင်ပြည်ဇာတိဖြစ်ပါတယ်၊ ရခိုင်တွေနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေနဲ့ အတူယှဉ်တွဲနေထိုင်လာခဲ့တဲ့ သက်သေ သာဓကတွေအများကြီးရှိပါတယ်၊ ကျွန်တော်တို့ခံစားခဲ့ရသလို ရခိုင် တိုင်းရင်းသားတွေ အဲ့ဒီလိုခံစားနေရတာကို ကျွန်တော်တို့ လုံးဝ မကျေနပ်လို့ ဒီလို ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်"လို့ ရိုဟင်ဂျာ ကျောင်းသားသမဂ္ဂ (ဒုက္ခသည်စခန်း) က ပြန်ကြားရေးတာဝန်ခံ မိုဟာမတ်ရှိုဝိုင်(ဖ်) (ခေါ်) မောင်ကျော်မြင့်က ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာ ကျောင်းသားသမဂ္ဂ (ဒုက္ခသည်စခန်း) က ဦးဆောင်ပြီး လုပ်ခဲ့တဲ့ ဒီဆန္ဒထုတ်ဖော်မှု မှာ ကိုဗစ် ကပ်ရောဂါ ကြောင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့ပေမဲ့ လူဦးရေ ၅၀ လောက်တော့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မွတ်ဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မှာနေထိုင်ပြီး ဒုက္ခတွေကိုခံစားနေကြရသလို လက်ရှိမှာလည်း ရခိုင်လူမျိုးတွေဟာ ဒုက္ခမျိုးစုံကိုခံ စားနေကြရတဲ့အတွက် ဒီအပေါ်မှာ လူသားချင်းအနေနဲ့ စာနာ သနားကြောင်း မိုဟာမတ်ရှိုဝိုင်(ဖ်) (ခေါ်) မောင်ကျော်မြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့တုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ ကျောင်းသားသမဂ္ဂ အဖွဲ့ ကလည်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ဆန္ဒထုတ်ဖော်မှုကို အပြည့်အဝထောက်ခံကြောင်းနဲ့ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားသုံးဦးတို့ကို ပြန်လည်လွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့ ကြေညာချက်တစ်စောင် ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ကျောင်းသားတွေနဲ့အတူ မွတ်ဆလင်ကျောင်းသားတွေကလည်း တစ်သားတည်း ရပ်တည် ထောက်ခံခဲ့တာ အပေါ် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် အမှုဆောင်ဒါရိုက်တာ ကိုသန်းလှက အခုလို မှတ်ချက်ပြုပါတယ်။

"မြန်မာနိုင်ငံအနှံ့ မှာ ရှိတဲ့ တိုင်းရင်းသားပြည်သူတွေကလည်း ဖမ်းဆီးခံရတဲ့ ရခိုင်ကျောင်းသားတွေနဲ့အတူတူရှိကြောင်း ရပ်တည်ကြတယ်ပေါ့လေ၊ အဲ့ဒါတွေအပြင် တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ IDP Camp ထဲက ရိုဟင်ဂျာ ညီအစ်ကိုတွေကလည်း ကြေညာချက်ထုတ်ပြန်ကြတယ်၊ ဖိနှိပ်ချုပ်ချယ်မှုကို ဖီဆန်တယ်၊ ဒါကိုထောက်ခံကြတယ်၊ ဖိနှိပ်မှု ကို ဆန့်ကျင်တဲ့ လူတွေနဲ့ အတူ ရပ်တည်ကြတဲ့ လူသားတွေအကုန်လုံးကို ကျွန်တော်တို့ ကြိုဆိုတယ်။ လုပ်သင့်လုပ်ထိုက်တဲ့လုပ်ရပ် ဖြစ်တယ်" လို့ ကိုသန်းလှက ပြောပါတယ်။

ဖမ်းဆီးခံ ရခိုင် ကျောင်းသားတွေ လွတ်မြောက်ရေး အခြားဒေသ တချို့မှာလည်း ဆန္ဒထုတ်ဖော်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Kaung Zaw Hein / MPA

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံ ရခိုင် ကျောင်းသားတွေ လွတ်မြောက်ရေး အခြားဒေသ တချို့မှာလည်း ဆန္ဒထုတ်ဖော်ခဲ့ကြ

ရခိုင်ကျောင်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်ခဲ့

ရခိုင် တက္ကသိုလ်ကျောင်းသား ၃ ဦး လွတ်မြောက်ရေး အတွက် ရခိုင်မှာ အပြင် ရန်ကုန်၊ မန္တလေး၊ ကယား ပြည်နယ် အစရှိတဲ့ မြန်မာနိုင်ငံ ပြည်တွင်းက ကျောင်းသား အဖွဲ့အစည်း တွေကလည်း ပိုစတာ လှုပ်ရှားမှု၊ စတစ်ကာ လှုပ်ရှားမှုနဲ့ ဆန္ဒပြ ထုတ်ဖော်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခ တွေ အတွင်း အရပ်သား ထိခိုက် သေဆုံးရမှုတွေ၊ ဘေးဒုက္ခကြုံတွေ့ နေကြရတာတွေကို ရပ်တန့်ပေးဖို့ နဲ့ ဖမ်းဆီးခံကျောင်းသားတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းသားတွေ ဖမ်းဆီးခံရပြီး ပြီးချင်း နောက် တစ်ရက် ဖြစ်တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး အတွက် ကျောင်းသားတွေနဲ့ အရပ်သားတွေစုရုံးခဲ့ကြပြီး စစ်တွေမြို့ အမှတ် ၁ ရဲစခန်းရှေ့မှာ ထပ်မံတောင်းဆိုခဲ့ကြလို့ ရဲတပ်ဖွဲ့က လူစုခွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆက်တွဲ အဖြစ် စစ်တွေတက္ကသိုလ်၊ စစ်တွေ ကွန်ပျုတာ တက္ကသိုလ်နဲ့ စစ်တွေ နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့တွေကလည်း သူတို့ ရဲ့ တက္ကသိုလ် အသီးသီးမှာ အနက်ရောင် အလံလွှင့်ထူကြတဲ့ လှုပ်ရှားမှုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

ရခိုင် ကျောင်းသားတွေ ဘာကြောင့် ဖမ်းခံခဲ့ရသလဲ

ရခိုင်ကျောင်းသား ၃ ဦးဖြစ်တဲ့ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့ဟာ စစ်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေကြရမှုတွေကို အစိုးရကရပ်တန့်ပေးဖို့အတွက် ပြည်နယ်အစိုးရရုံးရှေ့မှာ စက်တင်ဘာ ၉ ရက်နေ့က တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ကို စက်တင်ဘာ ၁၀ ရက်က စစ်တွေမြို့နယ်တရားရုံးမှာ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၂၉ နဲ့ အမှုဖွင့် ရမန်ယူထားပြီး လောလောဆယ် စစ်တွေ အကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ ဒီအမှုမှာ လိုက်ပါအကူညီပေးနေကြတဲ့ ရခိုင် လူမှု အဖွဲ့အစည်းတွေနဲ့ ရှေ့နေအသိုင်းအဝိုင်းတွေကနေ တစ်ဆင့် သိရပါတယ်။

ကျောင်းသားတွေကို စက်တင်ဘာ ၁၀ ရက် ပထမ ရုံးထုတ်မှာ ရမန်ယူထား

ဓာတ်ပုံ ရင်းမြစ်, Myint Lwin / BBC Burmese

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေကို စက်တင်ဘာ ၁၀ ရက် က ပထမ ရုံးထုတ်မှာ ရမန်ယူထား

ကျောင်းသားတွေကို စွဲဆိုထားတဲ့ ပုဒ်မတွေက ဆန္ဒပြတောင်းဆိုတဲ့ကိစ္စနဲ့ စွဲဆိုထားတာမျိုးမဟုတ်ဘဲ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွေ နဲ့ စွဲဆိုထားတာ အပေါ်လည်း ရခိုင် အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ရခိုင်ကျောင်းသား ၃ ဦး ဟာ ကိုဗစ် ၁၉ တားဆီး ကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ အကာအကွယ်ပစ္စည်းတွေကို အသုံးပြု ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဒီဆန္ဒပြပွဲကြောင့် လူစုလူဝေး လည်း ဖြစ်ခဲ့တာမျိုး မရှိတဲ့ ဒီလို သဘာဝဘေး ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာက မတရားဖိနှိပ်မှု တစ်ခုဖြစ်သလို ဥပဒေကိုကျော်လွန်ပြီးတော့ အစိုးရက ဥပဒေမဲ့ လုပ်ဆောင် တာ ဖြစ်တယ်လို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် အမှုဆောင်ဒါရိုက်တာ ကိုသန်းလှက သူ့အမြင်ကို ပြောပါတယ်။

ဆန္ဒပြ ကျောင်းသားတွေ ဖမ်းခံနေရတာနဲ့ ပတ်သက်ပြီး တောင်းဆို လှုပ်ရှား နေကြတာ အပေါ် အစိုးရဘက်က သဘောထား တုံ့ပြန်မှုနဲ့ အရေးယူ ဆောင်ရွက်နေတာ အပေါ် ရခိုင် အစိုးရ အဖွဲ့ ကို ဘီဘီစီက ဆက်သွယ် နေပေမဲ့ အဆက် အသွယ် မရသေးပါဘူး။

ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂအနေနဲ့တော့ ဖမ်းဆီးခံကျောင်းသား ၃ ဦးနဲ့ ပတ်သက်လို့ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေကို လုပ်ဆောင်နေတယ်လို့ ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက ဘီဘီစီကို ပြောဆိုထားပါတယ်။

ကျောင်းသား ၃ ဦး ကို စက်တင်ဘာ ၁၀ ရက် နေ့က စစ်တွေမြို့နယ် တရားရုံးမှာ ရမန်ယူထား ပြီး လာမယ့် စက်တင်ဘာ ၂၄ နေ့မှာ တော့ ဒုတိယ အကြိမ် ရုံးထုတ်ဖို့ ရှိပါတယ်။