မြန်မာဘက်က ပြန်လာသူမှာ ပိုးတွေ့လို့ တရုတ်က ရွှေလီမြို့ကို အဝင်အထွက်ပိတ်

မြန်မာ တရုတ် နယ်စပ် ကုန်သွယ်မှုရပ်သွားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty images

ဓာတ်ပုံ ပုံစာ, မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုရပ်သွားခဲ့
ရေးသားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ချင်းကပ်နေတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ကို တရုတ်အစိုးရက စက်တင်ဘာလ ၁၄ရက် ညပိုင်းကစလို့ အဝင်အထွက်တွေကို ကန့်သတ်လိုက်ပြီး လော့ဒေါင်း ချလိုက်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားတယ်လို့ မြန်မာ-တရုတ် နယ်စပ်ကုန်သည်တွေက ဘီဘီစီကို ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြိုကို လော့ဒေါင်းချလိုက်တာဟာ မြန်မာဘက်က ဝင်လာတဲ့ တရုတ် အမျိုးသမီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့လို့ ဖြစ်တယ်လို့လည်း မူဆယ်ဒေသခံ ဆန်ကုန်သည် ဦးမင်းသိန်းက ပြောပါတယ်။

"မြန်မာနိုင်ငံက ပြန်လာတဲ့ တရုတ်အမျိုးသမီးမှာ စက်တင်ဘာလ ၁၁ ရက်နေ့မှာ စတွေ့တာပါ၊ သူတို့နေတဲ့ ကွန်ဒိုကို လော့ဒေါင်း ချထားတယ်၊ နောက် သူနဲ့ ထိတွေ့မှု ရှိသူတွေမှာလည်း နောက်ထပ် တွေ့တယ်လို့ ကြားတယ်၊ စက်တင်ဘာ ၁၄ ရက်နေ့ ညမှာတော့ လော့ဒေါင်း ချလိုက်တာပါ "လို့လည်း နယ်စပ်က မြန်မာကုန်သည် ဦးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဘက်မှာ ပိုးတွေ့တဲ့ မြန်မာနိုင်ငံသားနဲ့ ထိတွေ့သူ နှစ်ထောင်နီးပါးရှိခဲ့ပြီး အဲဒီထဲက ရောဂါပိုး တွေ့ရှိသူ အမျိုးသမီးနဲ့ တိုက်ရိုက် ထိတွေ့သူ ၅ ဦး ကို ရွှေလီမြို့မှာရှိတဲ့ ရောဂါ ထိန်းချုပ်ရေးစင်တာမှာ ထားရှိထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံက လယ်ယာထွက်ကုန်တွေအဓိက တင်ပို့နေတဲ့ နယ်စပ်ဂိတ်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံက လယ်ယာထွက်ကုန်တွေအဓိက တင်ပို့နေတဲ့ နယ်စပ်ဂိတ်ဖြစ်

စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီက စလို့ ရွှေလီမြို့ကို တစ်ပတ် လော့ဒေါင်းချခဲ့ပြီး သံသယရှိသူအားလုံးကို တရုတ်အစိုးရက ကုန်ကျခံပြီး ရောဂါပိုးရှိမရှိ စစ်ဆေးပေးမှာဖြစ်တယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။

အခုလို ရွှေလီမြို့ကို လော့ဒေါင်း ချလိုက်တဲ့အတွက် နှစ်နိုင်ငံ ကုန်သွယ်ရေးဟာလည်း ရပ်တန့်သွားခဲ့တယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲမှာ မူဆယ်-ရွှေလီ နယ်စပ်ကုန်သွယ်ရေးစခန်းဟာ အကြီးဆုံးကုန်သွယ်ရေးစခန်းဖြစ်သလို မြန်မာနိုင်ငံက လယ်ယာထွက်ကုန်တွေအဓိက တင်ပို့နေတဲ့ ကုန်သွယ်ရေးဇုန်လည်း ဖြစ်ပါတယ်။

အလားတူ တရုတ်နိုင်ငံက ထုတ်ကုန်တွေ မြန်မာနိုင်ငံကို အဓိကတင်သွင်းနေတဲ့ ဂိတ်ဖြစ်ပါတယ်။ကိုဗစ် ဖြစ်ပွားတဲ့အချိန်မှာ မူဆယ်-ရွှေလီ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ဖွင့်လှစ်ထားနိုင်တဲ့အတွက် မြန်မာနိုင်ငံ လယ်ယာထွက်ကုန်တွေ တင်ပို့နိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေးကို အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။

ရက်ကြာလာ ရင်မြန်မာ့စီးပွားရေးထိခိုက်လာနိုင်တယ်လို့ခန့်မှန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရက်ကြာလာရင် မြန်မာ့စီးပွားရေး ထိခိုက်လာနိုင်တယ်လို့ ခန့်မှန်း

ပြီးခဲ့တဲ့နှစ် ၂၀၁၉ စက်တင်ဘာလကလည်း တပ်မတော်နဲ့ မြောက်ပိုင်းလက်နက်ကိုင်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးလမ်းဟာ ရက်ပေါင်း ၂၀ နီးပါး အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနှစ်က ကုန်သွယ်မှု လုပ်ငန်းတွေ ရပ်နားထားရတာကြောင့် တစ်ရက်ကို အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင်လောက် ကုန်သွယ်ရေးမှာ ဆုံးရှုံးမှုတွေ ရှိတယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အခုလို တရုတ်ဘက်က ပိတ်လိုက်တာကြောင့် မြန်မာနိုင်ငံဘက်က တင်ပို့နေတဲ့ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ကြက်သွန်တို့၊ပဲတို့ ဆန်တို့ အပါအဝင် ရေထွက်ကုန်တွေ တင်ပို့တာဟာ အကုန်ပိတ်သွားပြီး တစ်ရာ ရာခိုင်နှုန်းရပ်သွားခဲ့တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

တကယ်လို့ မြန်မာ-တရုတ်နယ်စပ်ကို တစ်ပတ်ထက်ကျော်ပြီး ပိတ်ရမယ်ဆိုရင်တော့ မြန်မာ့စီးပွားရေးဟာ ထိခိုက်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောဆိုကြပါတယ်။