ဦးဂါရွာမှာ ပြစ်မှုကျူးလွန်သူ တပ်မတော်သား သုံးဦးကို စစ်တရားရုံးဖွဲ့ပြီး စစ်ဆေးမယ်လို့ တပ်မတော်ပြော

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် ၊ ဦးဂါကျေးရွာက အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သားသုံးဦးကို တပ်မတော်အက်ဥပဒေနဲ့ရော ရာဇသတ်ကြီး ဥပဒေနဲ့ပါ အရေးယူမယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
လွန်ခဲ့တဲ့ သုံးလခန့်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ကို ဆေးစစ်ချက်ထွက်လာပြီးတဲ့နောက် တပ်မတော်ဘက်က စစ်တရားရုံးဖွင့်ပြီး အရေးယူမှုစတင်တော့မှာဖြစ်ပါတယ်။
ဇွန်လ ၂၉ ရက်က ဦးဂါကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကြောင်းတစ်ခုက တပ်မတော်သားသုံးဦးဟာ ကျေးရွာခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
ကာယကံရှင်အမျိုးသမီးက ဒီဖြစ်စဉ်ကို ဇူလိုင်လ ၁၀ ရက်နေ့မှာ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားမှု ဘယ်လိုစတင်ခဲ့လဲ
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ညနေပိုင်းမှာ ဦးဂါကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိလာခဲ့ပြီး အဲ့ဒီစစ်ကြောင်းက တပ်မတော်သားလေးဦးတို့ဟာ ရွာအတွင်း နေအိမ်တွေကိုဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် ည ၁၁ နာရီလောက်မှာ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးရဲ့နေအိမ်ကိုရောက်ရှိလာခဲ့ပြီးတော့ စစ်ဆေးစရာတွေရှိတယ်လို့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီထဲက တပ်မတော်သားသုံးဦးတို့က အဓမ္မပြုကျင့်တာခဲ့ကြတယ်လို့ ကာယကံရှင်ကိုယ်တိုင်က ပြောပါတယ်။
အဲ့ဒီအမျိုးသမီးဟာ ဦးဂါကျေးရွာမှာနေထိုင်တဲ့ ကလေးယောက်ရဲ့မိခင် အိမ်ထောင်သည်တစ်ဦးဖြစ်ပါတယ်။
သူမရဲ့မှတ်ပုံတင်မှာ မသင်္ကာစရာတွေတွေ့ရတယ်ဆိုပြီး လူမရှိတဲ့ တစ်ဖက်နေအိမ်ကို ခေါ်ဆောင်ခြင်းခံရပြီး အဲဒီအိမ်မှာ အခုလို ပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၀ ရက်မှာတော့ အဲ့ဒီပြုကျင့်ခံရတဲ့အပေါ် မကျေနပ်တဲ့အတွက် စစ်တွေမြို့က အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရယူပြီးတော့ စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှာကာယကံရှင်ကိုယ်တိုင် အဲဒီတပ်မတော်သားတွေကို အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ကာယကံရှင်ရဲ့တိုင်ကြားချက်နဲ့ပတ်သက်လို့ စစ်တွေမြို့ အမှတ် ၁ နယ်မြေရဲစခန်းက မုဒိမ်းမှု၊ အားပေးကူညီမှု အပါအဝင် ပုဒ်မ ၃၇၆၊ ၃၆၆၊ ၁၁၄ စတဲ့ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ခဲ့ပြီး ပြုကျင့်ခံရသူ အမျိုးသမီးကို စစ်တွေဆေးရုံကြီးမှာ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပါတယ်။
ဆေးစစ်ချက်အဖြတွေအရ အဲဒီအမျိုးသမီးရဲ့ ကိုယ်တွင်းကစစ်ဆေးရရှိတဲ့ အချက်အလက်တွေဟာ အဲ့ဒီနေ့က ဦးဂါကျေးရွာကို ရောက်ရှိလာခဲ့တဲ့ စစ်ကြောင်းမှာပါတဲ့ တပ်မတော်သားတချို့ရဲ့ DNA နဲ့ တူနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
နစ်နာသူ ကာယကံရှင်ရဲ့ ဆန္ဒ
"အမှန်တရားကိုဖော်ထုတ်တယ်လို့ဆိုရင်တော့ ကျွန်မက ဝမ်းသာပါတယ်ရှင့်။ ဘယ်လိုဖြစ်စေချင်လဲဆိုတော့ အပြစ်ရှိတဲ့လူကို အပြစ်ဒဏ်ပေးတာကိုပဲ ကျွန်မလိုချင်ပါတယ်။ သူတို့ဘက်က အမှန်တရားအတိုင်း ထွက်ဆိုတယ်ဆိုတာကလည်း ဒီကိစ္စမှာ ဖုံးကွယ်လို့မရ၊ လွတ်မယ့်နည်းလမ်းမမြင်တဲ့အတွက် ဝန်ခံတယ်လို့ပဲမြင်ပါတယ်" လို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။
ဖြစ်စဉ်အစပိုင်းမှာတော့ တပ်မတော်သားတွေအနေနဲ့ ဒေသခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ မဟုတ်မမှန်ကြောင်းနဲ့ အဲ့ဒီနေ့က တပ်မတော်စစ်ကြောင်းဟာ ဦးဂါကျေးရွာကိုညနေပိုင်းမှာရောက်ရှိခဲ့ပြီး ကျေးရွာရဲ့အရှေ့မြောက်ဘက် တောင်တန်းအနီးမှာ စခန်းချညအိပ်ခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က ငြင်းဆိုခဲ့ပါတယ်။
အဲဒီနောက် အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးနဲ့ ၎င်းရဲ့သမီးဖြစ်သူတို့နှစ်ဦးဟာလည်း ရဲတပ်ဖွဲ့ ရဲ့ခေါ်ယူစစ်ဆေးတာတွေကို အကြိမ်ကြိမ်ခံခဲ့ကြရပြီး သုံးလခန့်အကြာမှာတော့ အခုလိုမျိုး ဆေးစစ်ချက်အဖြေတူညီနေကြောင်း ရလဒ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
အခုလိုမျိုး ဆေးစစ်ချက်အဖြေထွက်လာခဲ့တဲ့အချိန်မှာတော့ တပ်မတော်သားတွေ ဦးဂါကျေးရွာသူ အမျိုးသမီးကို ဇွန်လ ၂၉ ရက်နေ့က အဓမ္မပြုကျင့်ခဲ့တာ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
"ပထမ စုံစမ်းစစ်ဆေးရေးခုံရုံးရဲ့ စစ်ဆေးတဲ့အခြေအနေအရပဲ ကျွန်တော်တို့ သံသယဖြစ်ဖွယ်တွေတွေ့ရတယ်။ ဒုတိယအကြိမ် စုံစမ်းစစ်ဆေးရုံးအဖွဲ့ကို ထပ်ဖွဲ့တယ်။ ဖွဲ့ပြီးတော့ စစ်ဆေးတဲ့အခါမှာတော့ စစ်သည်တစ်ဦးက စပြီးတော့ဝန်ခံတယ်။ ဝန်ခံတဲ့အတွက်ကြောင့်မို့လို့ စစ်တရားရုံး ဖွဲ့ဖို့လည်း ဆောင်ရွက်နေပြီဖြစ်တယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မတော်သားသုံးဦးတို့ဟာ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေအရရော သက်ဆိုင်တဲ့ ရာဇသတ်ကြီး ပြစ်မှုဥပဒေအရပါ အရေးယူခံရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
အဲ့ဒီပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မတော်သားသုံးဦးတို့ဟာ ဘယ်လိုအဆင့်တွေပါဝင်တယ်ဆိုတာကို လက်ရှိအချိန်ထိမသိရသေးသလို ပြစ်မှုထင်ရှားတဲ့အတွက် အရေးယူမှုတွေဆောင်ရွက်တဲ့အခါမှာ ရာဇသတ်ကြီးပြစ်မှုဥပဒေအရ သက်ဆိုင်ရာ အရပ်ဘက်တရားရုံးမှာ စီရင်ခွင့်ရမရကိုတော့ လတ်တလော မသိရှိရသေးပါဘူး။
အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၂၂ လက်အောက်ခံစစ်ကြောင်းတစ်ခုဖြစ်ပြီးတော့ ဇွန်လအတွင်းက ရခိုင်ပြည်နယ်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်တဲ့အချိန်မှာ အခုဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ ဥဂါကျေးရွာသူမျိုးသမီးကိုတော့ စိတ်ဓာတ်မြှင့်တင်မှုတွေပြုလုပ်ပေးခဲ့ရပြီး လက်ရှိအချိန်ထိ အဲ့ဒီအမျိုးသမီးရဲ့လုံခြုံမှုအတွက် စစ်တွေမြို့မှာပဲ အရပ်ဖက်အဖွဲ့အစည်းတွေကနေ ကူညီစောင့်ရှောက်ပေးမှုတွေ ပြုလုပ်ပေးနေပါတယ်။








